Sunday, March 20, 2011

ရေဒီယိုဓာတ်သတ္တိကြွအိုင်အိုဒင်းကို တိုကျိုမှာ အနည်းအကျဉ်းတွေ့ရ

ရေဒီယိုဓာတ်သတ္တိကြွအိုင်အိုဒင်းကို တိုကျိုမှာ အနည်းအကျဉ်းတွေ့ရတယ်လို့ ဂျပန်အစိုးရက မတ်လ ၁၉ ရက် စနေနေ့နှောင်းပိုင်းက ပြောပါတယ်။ ဒါပေမဲ့ အဲဒီပမာဏပါဝင်တဲ့ရေကိုသောက်သုံးလည်း ဘာမှမဖြစ် ဘူးလို့ ဆိုပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက တိုချိဂိ။ ဂွန်းမ။ နီးအိဂါ့တာ။ ဖူကူရှီးမား။ စိုင်းတမာ့။ ချီးဘား တို့မှာလည်း အလားတူတွေ့ ရတယ်လို့ ပြောပါတယ်။ တိုကျိုမှာတွေ့ရတဲ့ပမာဏဟာ 1.5 becquerels ရှိ တယ်လို့ဆိုပါတယ်။

ညူကလီယားဘေးကင်းရေးဆိုင်ရာအေဂျင်စီက ရေ တစ်ကီလိုဂရမ်မှာ becquerel ၃၀၀ ပါဝင်လို့ရှိရင် သောက်သုံးရန်မသင့်တဲ့ရေလို့ ဆိုပါတယ်။

ဒီအတောအတွင်း ညူကလီယားပျံ့နှံ့မှုကြောင့် စိုးရိမ်စိတ်တွေဖြစ်ပြီး တိုကျိုကနေ အိုဆာကာဘက်ကို တိမ်းရှောင်တဲ့ဂျပန်တွေလည်းရှိတာမို့ အိုဆာကာမှာဆိုရင် ဟိုတယ်တွေအခန်းပြည့်ခဲ့ကြတယ်လို့ သိရပါ တယ်။

တိုကျိုမီးသတ်ဦးစီးဌာနဟာ စနေနေ့ည သန်းခေါင်ချိန်မှာ နံပတ် ၃ ဓာတ်ပေါင်းဖိုကို ရေပက်ဖျန်းမှုဆက် လုပ်ခဲ့ရာ တနင်္ဂနွေမနက် ၃း၄၀ နာရီအထိလုပ်ခဲ့ကြပါတယ်။ အပူလွန်နေတာတွေကို လျော့ကျသွားအောင် လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နံပတ် ၄ ဓာတ်ပေါင်းဖိုကိုလည်း ကိုယ်ပိုင်ကာကွယ်ရေးတပ်က အလားတူရေပက်ဖျန်းမှုတွေလုပ်ဖို့ စီစဉ်နေ ပြီလို့ သိရပါတယ်။

နံပတ် ၆ ဓာတ်ပေါင်းဖိုအတွက် လျှပ်စစ်ဓာတ်အားပြန်ရပြီဖြစ်လို့အအေးပေးစနစ်ပြန်ပြီး အလုပ်လုပ်နေပြီ လို့ TEPCO က ပြောပါတယ်။

နံပတ် ၁ နဲ့ နံပတ် ၂ ဓာတ်ပေါင်းဖိုအတွက်လျှပ်စစ်ဓာတ်အားပြန်လည်ရရှိဖို့လုပ်ဆောင်နေပြီး တနင်္ဂနွေ နေ့အနှောင်းပိုင်းလောက်မှာ ပြီးစီးလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဓာတ်ပေါင်းဖိုတွေအတွက် အအေးပေးတဲ့စနစ် ကောင်းကောင်းအလုပ်လုပ်နိုင်ပြီဆိုရင် အပူလွန်မှုကြောင့် ညူကလီယားလောင်စာတောင့်တွေဆီကနေ ရေဒီယိုဓာတ်သတ္တိကြွမှုထွက်တာတွေ လျော့နည်းသွားနိုင် ပါတယ်။