Wednesday, March 23, 2011

ဓာတ်ပေါင်းဖိုအတွက် ဓာတ်အားပေးနိုင်တော့မည့် သတင်း

မတ်လ ၂၁ ရက် တနင်္လာနေ့ ၁၅း၅၅ နာရီတွင် နံပတ် ၃ ဓာတ်ပေါင်းဖိုရှိတဲ့နေရာကနေ မီးခိုးတွေ ထွက်လာခဲ့ပါတယ်။ နံပတ် ၂ ကလည်း အဖြူရောင်အခိုးအငွေ့တွေ ထွက်လာခဲ့တယ်လို့ လည်းသိရပါ တယ်။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကို တိတိကျကျမသိရသေးပါဘူး။ နံပတ် ၃ ဓာတ်ပေါင်းဖို နေရာမှာ မီးခိုးမဲတွေထွက်လာတဲ့အတွက် TEPCO သူ့ရဲ့ ၀န်ထမ်းတွေကို အရေးပေါ် ယာယီကယ်ထုတ်ခဲ့ ရတယ်လို့ ပြောပါတယ်။

ဂျပန်အစိုးရရဲ့သတင်းထုတ်ပြန်ကြေညာချက်တွေအရဆိုရင် အခြေအနေတွေဟာ တိုးတက်ကောင်းမွန်လာ နေတဲ့ဘက်ကို တဖြည်းဖြည်းချင်းဦးတည်လာနေပေမဲ့လည်း အချိန်ကြာရှည်လာတာရယ်၊ ဟင်းသီး ဟင်းရွက်၊ နွားနို့၊ ရေ စတာတွေဟာ ဓာတ်ရောင်ခြည်သင့်မှုတွေရှိနေတယ်လို့ အတိအလင်းထုတ်ဖော် ပြောဆိုတာတွေရှိနေတာက တကယ်လက်တွေ့မှာ ကောင်းတဲ့ဘက်ကို ဦးတည်နေတာမျိုးမရှိဘူးလို့ တွက်ဆလို့ရတဲ့အနေအထားကို ရောက်စေပါတဲ့အတွက် လူတွေကြားမှာ ထင်ကြေးအမျိုးမျိုးပေးနေပါ တယ်။

စားစရာသောက်စရာတွေဟာ လူတွေရဲ့ကျန်းမာရေး ကို ချက်ချင်းလက်ငင်းထိခိုက်စေတာမျိုးမရှိပါဘူးလို့ ပြောနေပေမဲ့လည်း ရောင်းချမှုတွေ ရပ်ဆိုင်းလိုက်တာတွေက အစိုးရရဲ့သတင်းထုတ်ပြန်မှုတွေက ပြည့်စုံ လုံလောက်မှုမရှိဘူးဆိုတဲ့အမြင်တွေကို ပေါ်ပေါက်လာစေပါတယ်။

ဒီအတောအတွင်း အမေရိကန်စစ်တပ်ကရိုက်ယူတဲ့ မောင်းသူမဲ့ထောက်လှမ်းရေးလေယာဉ် RQ-4 Global Hawk ကနေရိုက်ယူထားတဲ့ ဓာတ်ပေါင်းဖိုရဲ့ပုံတွေကို ဂျပန်အစိုးရက လူသိရှင်ကြားထုတ်ပြဖို့ ခွင့်မပြုဘူးလို့လည်း သိရပါတယ်။ အဲဒီလေယာဉ်ကနေရိုက်ကူးတဲ့ပုံတွေဟာ မော်တော်ကားနံပတ်ပြားကို တောင်ရှင်းရှင်းလင်းလင်းမြင်ရတဲ့အထိ အင်မတန်ကောင်းမွန်တယ်လို့ ဆိုပါတယ်၊ ဖူကူရှီးမားစက်ရုံက ဓာတ်ပေါင်းဖိုအခြေအနေကို ၂၄ နာရီပတ်လုံး စောင့်ကြည့်ရိုက်ကူးနေပြီး ဂြိုဟ်တုကနေတဆင့် ဂျပန်အစိုးရ နဲ့ အမေရိကန်စစ်စခန်းတွေဆီကို ပို့ပေးနေတယ်လို့ မိုင်းနိချိသတင်းစာ သတင်းတပုဒ်မှာ ဖော်ပြထားပါ တယ်။

နံပတ် ၂ ဓာတ်ပေါင်းဖိုအတွက် ပြင်ပကနေ လျှပ်စစ်ဓာတ်အားဆက်သွယ်ဖို့ကြိုးပမ်းတာ အောင်မြင်မှုရ သွားပြီဖြစ်တဲ့အတွက် ဓာတ်ပေါင်းဖိုအတွက် ဓာတ်အားပေးနိုင်တော့မှာဖြစ်ပြီး ထိန်းချုပ်စခန်းကနေ ထိန်းသိမ်းကွပ်ကဲနိုင်တော့မှာဖြစ်ပါတယ်။

တိုကျိုမှာရောက်နေတဲ့ အမေရိကန် ညူကလီယားထိန်းသိမ်းကွပ်ကဲရေးအရာရှိတဦးက အခြေအနေတွေ တဖြည်းဖြည်းချင်းတည်ငြိမ်လာမယ့်အနေအထားရှိတယ်လို့ပြောတဲ့အကြောင်း မတ်လ ၂၁ နေ့ ဘီဘီစီ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ကျော်ကျော်စိုး
၁း၅၃ နာရီ
မတ်လ ၂၂ ရက် ။ ၂၀၁၁ ခုနှစ်