Wednesday, November 9, 2011

ဘီလူးချောင်း ရေအားလျှပ်စစ်ကို နောက်ထပ် နှစ်ပေါင်း ၅၀ အသုံးပြုနိုင်ရန် ဆောင်ရွက်မည်


လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က ဂျပန်နိုင်ငံမှ တည်ဆောက်ပေးခဲ့ သည့် ဘီလူးချောင်း ရေအားလျှပ်စစ်ကို နောက်ထပ် နှစ်ပေါင်း ၅၀ ထပ်မံ အသုံးပြုနိုင်ရန် ဂျပန်နိုင်ငံမှ ကူညီ ဆောင်ရွက်ပေးမည် ဆိုသည့် ပြန်ကြားချက်ကို ရရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ၄၁ ရက်မြောက်နေ့တွင် ပြောကြား ခဲ့သည်။

အဆိုပါနေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရှစ်ဦးမှ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးဆိုင်ရာ မေးခွန်းများကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

''ဒီနေ့မေးခွန်းများဟာ အဓိကအားဖြင့် လျပ်စစ်မီးရရှိရေးအတွက် တင်ပြမေးမြန်းသွားကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျေးရွာလျပ်စစ်မီးလင်းရေးအတွက် ဂွမဲဆန္ဒနယ်က ဦးကြည်သာ တင်ပြခဲ့တာရှိပါတယ်။ ဒီလဆန်းပိုင်း မှာ တင်ပြသွားတာပါ။ သူ့တင်ပြချက် ကိုလွှတ်တော်မှာ ဆွေးနွေးပြီးအတည် ပြုလိုက်တာက ကျေးလက်ဒေသလျပ် စစ်မီးရရှိရေးအတွက် ဗဟိုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ကျေး လက်ဒေသ လျှပ်စစ်မီးရရှိရေး အဖွဲ့နဲ့ ကျေးလက်ဒေသ လျပ်စစ်မီးရရှိရေး ဥပဒေကို သင့်လျော်တဲ့အချိန်တွင် ဖွဲ့ စည်းပြဋ္ဌာန်းဆောင်ရွက်ရန် အဆိုကို လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ ဒီလိုအတည်ပြုချက်နဲ့အညီ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နမ့်ဆန် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက တင်ပြတာရှိပါတယ်။ အဆိုက အလယ်တန်းအဆင့် ကစပြီး IT/ICT ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ရေးဖြစ်ပြီး အဆိုကို ဆက်လက်ဆောင်ရွက်မယ် ဆိုရင် ကျေးရွာအဆင့်အထိ လျှပ်စစ်မီးရရှိမှသာလျှင် IT/ICT ကိစ္စများ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးအတွက် ဘုတ်(သို့မဟုတ်) ဥပဒေပြဋ္ဌာန်း ဆောင်ရွက် ရေးဟာ မဖြစ် မနေ လုပ်ရမယ့် အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာလွှတ်တော်ကော်မတီနဲ့ အဆိုတင်သွင်းထားတဲ့ ဦးကြည်သာတို့က ဆက်စပ်ပေါင်းစည်းပြီး ဒီဘုတ်ဖြစ်လာ ရေး၊ ဥပဒေ ဖြစ်လာ ရေး၊ ဥပဒေဖြစ်လာပြီးတဲ့အခါ မှာ အားလုံးဝိုင်းဝန်း ပါဝင်ဆောင်ရွက်ရေးဟာ အရေးကြီးတဲ့အခြေအနေမှာ ရောက်ရှိနေပြီဖြစ်တဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ လွှတ်တော်ကော်မတီ၊ အဆိုတင်သွင်းတဲ့ ဦးကြည်သာတို့ ဆက်လက်ဆောင်ရွက်ဖို့ လွှတ်တော်ဘက်က လိုလားပါတယ်''ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၄၁ ရက် မြောက်နေ့၌ ပြောကြားခဲ့သည်။

ဆက်လက်၍ ဥက္ကဋ္ဌက ''နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဂျပန်နိုင်ငံ သွားပါတယ်။ ဂျပန်နိုင်ငံကိုသွားတဲ့အခါမှာ တော်တော်များများအဆင်ပြေမှု၊ ဂျပန် ODA ရဲ့ ထောက်ပံ့မှုများ ရရှိမယ်ဆိုတာ ဂျပန် ချစ်ကြည်ရေး အဖွဲ့နဲ့တွေ့ဆုံစဉ် ကတိက၀တ်များ ရရှိခဲ့ပါတယ်။ အဲဒီ ကတိက၀တ်များဟာလည်း ကျွန်တော်တို့ ဒီမှာဆွေးနွေးသွားတဲ့အချက်တွေ အဓိကထားပြီးပါဝင်တယ်ဆိုတာလည်း သိရပါတယ်။ ဒီနေရာမှာ ကျွန်တော် တို့ လျှပ်စစ်မီးနဲ့ပတ်သက်ပြီး တင်ပြအဆိုပြုတောင်းခံခဲ့တဲ့ ဘီလူးချောင်းရေအားလျှပ်စစ်ကလည်း အဓိကထားပြီး ပါဝင်တယ်ဆိုတာ သိရပါတယ်။ ဘီလူးချောင်းရေအားလျှပ်စစ်ဟာ ဂျပန်နိုင်ငံက လွန်ခဲ့တဲ့ ၅၁ နှစ်က တည်ဆောက်ပေးပြီးတော့ အခုအချိန်အထိ ဒီရေအားလျှပ်စစ်ကနေ install capacity အတိုင်း ထွက်ရှိနေတဲ့ ရေအားလျှပ်စစ် ဖြစ်ပါတယ်။ ဒီကိစ္စအတွက် ဂျပန်ချစ် ကြည်ရေးအဖွဲ့နဲ့ တွေ့ဆုံတဲ့နေ့က အဲဒီဌာနမှာ တာဝန်ယူခဲ့တဲ့ ဦးကြည်သာက ODA အနေနဲ့ ဒီရေအားလျှပ်စစ်ကို ဆက်လက်အကူအညီပေး ဆောင်ရွက်မယ်ဆိုရင် နောက်ထပ် နှစ် ၅၀ အနည်းဆုံးခံနိုင်ပါတယ် ဆိုတဲ့ ဆွေးနွေးချက်အပေါ် မူတည်ပြီး ဒီနေ့နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးသွားတဲ့အခါမှာ ဒီကိစ္စကိုလည်း ဂျပန်နိုင်ငံဘက်က အလေးအနက်ထား ကူညီဆောင်ရွက်ပေးမယ် ဆိုတဲ့ ပြန်ကြားချက်ကိုလည်း ရပါတယ်''ဟု ပြောကြားခဲ့သည်။
http://www.weeklyeleven.com/index.php?option=com_content&view=article&id=10886%3A2011-11-09-05-10-34&catid=42%3A2009-11-10-07-36-59&Itemid=112#.TrqPiKQlxkA.blogger
မှကူးယူတင်ပြသည်
Posted by MAUNG NE WIN