Tuesday, November 15, 2011

ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သော မိန့်ခွန်း အပြည့်အစုံ



ရန်ကုန် နိုဝင်ဘာ ၁၄
ကျွန်မတို့ သတင်းစာ ရှင်းလင်းပွဲ လုပ်ရတဲ့ အကြောင်းရင်းကတော့ ဒီတစ်နှစ်အတွင်းမှာ ဘာတွေ လုပ်ခဲ့တယ် ဆိုတာ မေးချင်မြန်းချင်တဲ့ မီဒီယာအုပ်စုတွေက အများကြီးဆိုတော့ တစ်ယောက်ချင်း တစ်ယောက်ချင်း တွေ့ပြီး ဆွေးနွေးတာက အခက်အခဲ ရှိလို့ အားလုံး စုပြီးတော့ သတင်းစာရှင်းလင်းပွဲ တစ်ခုလုပ်တာ ဖြစ်ပါတယ်။ အဲတော့ ကျွန်မတို့ အနေနဲ့ ဒီသတင်းစာရှင်းလင်းပွဲမှာ စဉ်းစားရမှာက ဒီနှစ်အတွင်းကို ကျွန်မတို့ ဘာတွေ ဖြစ်မြောက်ခဲ့လဲ ဆိုတာကို အဓိကထားပြီးတော့ သိချင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီတော့ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေး အဖွဲ့အစည်း ဆိုတော့ နိုင်ငံရေးကိုတော့ ပထမ ဦးစားပေး ပြီးတော့ ပြောချင်ပါတယ်။
ကျွန်မတို့ နိုင်ငံရေးနဲ့ ပတ်သက်လို့ စပြီး တည်ထောင်စဉ် ကာလတည်းက အကြမ်းမဖက်တဲ့ လမ်းစဉ်နဲ့ ဒီမိုကရေစီ ရရှိရေးကို ဖြစ်မြောက်ဖို့ လုပ်မယ်ဆိုပြီးတော့ ကျွန်မတို့ မူချခဲ့တာပါ။ ဒီအတိုင်းပဲ ကျွန်မတို့ဟာ အနှစ်နှစ်ဆယ်လုံး ဒီလမ်းကို လျှောက်ခဲ့ပါတယ်။ အခုနှစ်မှာ ဆိုရင် ထူးထူးခြားခြား နိုင်ငံရေးဖြစ်စဉ် အနေနဲ့ ပြောရမယ်ဆိုရင် ကျွန်မနဲ့ သမ္မတကြီး ဦးသိန်းစိန်၊ ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံကြတဲ့ ရလဒ်အရ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ အများ အခုဆိုရင် စိတ်ဝင်စား နေတာက NLD ဟာ ပြန်ပြီးတော့ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်မလား မတင်ဘူးလား၊ နောက်ပြီးတော့ ကြားဖြတ် ရွေးကောက်ပွဲ တွေမှာ ဝင်မလား မဝင်ဘူးလား ဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်လို့ လွှတ်တော်က အပြောင်းအလဲ တစ်ခုလုပ်ပြီးတော့ သမ္မတကြီး ကလည်း လက်မှတ်ထိုး ပြီးပြီ ဆိုတော့ ၁၈ ရက်နေ့ကျရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအစည်းအဝေး ခေါ်ပြီးတော့ ဆုံးဖြတ်ချက် ချမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခု သတင်းစာရှင်းလင်းပွဲမှာ မှတ်ပုံတင်ရေး၊ မတင်ရေး ကိစ္စတွေကို မမေးပါနဲ့။ ကျွန်မက ၁၈ ရက်နေ့အထိ စောင့်ပါလို့ပဲ ပြောမှာပါပဲ။ အဲဒါမေးရင် မေးရကျိုး နပ်မယ် မထင်လို့ မမေးပါနဲ့။ တခြား နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာတော့ နိုင်ငံရေး အကျဉ်းသား။ ဒီနှစ် အတွင်းမှာ နိုင်ငံရေးအကျဉ်းသား အချို့လွတ်လာတာ ရှိပါတယ်။ ဒါပေမဲ့ အကျဉ်းထောင်တွေမှာ ကျန်ရှိနေ သေးတဲ့ နိုင်ငံရေးသမားတွေ ရှိသေးတယ် ဆိုတာလဲ အများ သိပြီးသား ဖြစ်ပါတယ်။ ဒီနေ့တောင်မှ ထပ်ပြီးတော့ လွှတ်မယ် ဆိုတာကို ကျွန်မတို့ ကြားနေရပါတယ်။ အခုထိတော့ တိတိကျကျ ကျွန်မတို့ ဘာမှ မသိရသေးပါဘူး။ အခုထိတော့ ဒါ လွှတ်တော့မယ် လွှတ်တော့မယ်လို့ ပြောတာကိုပဲ ကျွန်မတို့ ကြားနေရတာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးဟာ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ သာမက ဒီမိုကရေစီ လိုလားတဲ့သူ အားလုံးရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။

နောက်တစ်ခု ကတော့ ကျွန်မတို့ နိုင်ငံမှာ အခု အားလုံးအတွက် စိတ်ပူစရာ စိတ်မအေးစရာ ဖြစ်နေတာက ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စပါပဲ။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဆိုလို့ရှိရင် တိုက်ခိုက်မှုတွေ ဖြစ်နေတာဟာ ကျွန်မတို့ နိုင်ငံအတွက် အင်မတန်မှ စိုးရိမ်ဖွယ်ရာ ဝမ်းနည်းစရာ ကိစ္စ ဖြစ်ပါတယ်။
ကျွန်မ ဂျူလိုင်လ တုန်းကဆိုရင် သမ္မတကြီး ဦးသိန်းစိန်နဲ့ တိုင်းရင်းသား အဖွဲ့အစည်း အချို့ကို အိတ်ဖွင့်စာ ပေးပြီးတော့ ဒီတစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ နောက်ပြီးတော့ အေးအေးချမ်းချမ်းနဲ့ ပြဿနာတွေ ဖြေရှင်းဖို့ ကျွန်မတိုက်တွန်းခဲ့ပါတယ်။
ကျွန်မ အနေနဲ့ ဘယ်နေရာက ဖြစ်ဖြစ် ကူညီနိုင်ရင်လည်း ကူညီပါမယ်လို့ ကျွန်မ ပြောပါရစေ။ အခုလည်း ဒီအတိုင်းပါပဲ။ ကျွန်မ တစ်ယောက်တည်း အနေနဲ့ သော်လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ သော်လည်းကောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တစ်နည်း တစ်နေရာက နေပြီးတော့ ကူညီနိုင်မယ် ဆိုလို့ရှိရင် ကျွန်မတို့က နေပြီး ဝင်ရောက် ပါဝင် ကူညီဖို့ အဆင်သင့် ဖြစ်ပါတယ် ဆိုတာ ကျွန်မ ထပ်မံပြီးတော့ ပြောချင်ပါတယ်။
ကျွန်မတို့ နိုင်ငံမှာ အခုနှစ်အတွင်း အဖြစ်အပျက်တွေ အပေါ်မှာ အခြေခံပြီး အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတစ်ခုလို့ ကျွန်မ မြင်တာကတော့ ဥပဒေစိုးမိုးရေး ကိစ္စပါ။ လူ့အခွင့်အရေးနဲ့ ပတ်သတ်ပြီးတော့ပဲ ဖြစ်ဖြစ် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ပဲ ဖြစ်ဖြစ် ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သတ်လို့ပဲ ဖြစ်ဖြစ် စီးပွားရေး၊ လူမှုရေး တိုးတက်မှုနဲ့ ပတ်သတ်လို့ပဲ ဖြစ်ဖြစ် ဥပဒေစိုးမိုးရေး မရှိလို့ကတော့ ကျွန်မတို့ဟာ သိပ်ပြီးတော့ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေးအကျဉ်းသား ဆိုတာကလည်း ဥပဒေစိုးမိုးတဲ့ နိုင်ငံတွေမှာ ရှိလေ့ရှိထ မရှိပါဘူး။

နောက် စီးပွားရေးနဲ့ ပတ်သက်လို့လည်း ရင်းနှီးမြှုပ်နှံမှုတွေ တကယ်ပဲ လာစေချင်တယ် ဆိုလို့ရှိရင် ဒီမှာလည်း ကျွန်မတို့က ဥပဒေစိုးမိုးရေး လိုပါတယ်။ လာပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားမဲ့သူ တွေက ဒီနိုင်ငံမှာ ဥပဒေစိုးမိုးမှု ရှိ၊ မရှိ ဆိုတာကို သေသေချာချာ ကြည့်ပြီးမှ သူတို့ ရင်းနှီးသင့်တယ်၊ မရင်းနှီးသင့်ဘူး ဆိုတာကို သေသေချာချာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ နိုင်ငံ တိုးတက်ရေး အတွက် လူတွေဟာ စိတ်လုံခြုံဖို့ ဆိုရင် ဥပဒေစိုးမိုးရေး ဆိုတာ ရှိရမယ်။ ဥပဒေ စိုးမိုးရေးက ဘာပေါ်မှာ မူတည်လဲ ဆိုတော့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင် ရှိရမယ်။ တရားရေး မဏ္ဍိုင်ဟာ လွတ်လပ်ရမယ်။ သန့်ရှင်းရမယ်။ ဒီလို သန့်ရှင်းပြီးတော့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင် မရှိလို့ကတော့ ကျွန်မတို့ နိုင်ငံမှာ ဥပဒေစိုးမိုးရေးက မရှိနိုင်ပါဘူး။ ဒါဟာ နိုင်ငံတစ်နိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့ ကိစ္စလို့ ကျွန်မ မြင်ပါတယ်။ ဒီဟာဟာ ဒီမိုကရေစီ အတွက် မရှိမဖြစ် ရှိရမဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒီမိုကရေစီအတွက် အဆောက်အအုံတွေ ခိုင်မာဖို့ဆိုတာ လွတ်လပ်ပြီး သန့်ရှင်းတဲ့ တရားရေး မဏ္ဍိုင်ဟာ အဓိကပါပဲ။ အဲဒီတော့ အဲဒီဟာအတွက် ကျွန်မတို့ဟာ ဆက်ပြီးတော့ ကြိုးစားသွားပါ့မယ် ဆိုတာလေး ကျွန်မ ပြောချင်ပါတယ်။
ကျွန်မတို့ အရင်နှစ်က ကျွန်မ ဒီလိုနေ့မှာပေါ့ ၁၄ ရက်နေ့မှာ ရုံးရှေ့မှာပြည်သူနဲ့ စကားပြောတဲ့ အခါမှာ ကျွန်မတို့ ဒီမိုကရေစီ ကွန်ယက်တစ်ခု ဖွဲ့စည်းဖို့ ပြောခဲ့ပါတယ်။ ဒီကွန်ယက် လာတော့ ကျွန်မတို့ အားရလောက်အောင် လုပ်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် ပညာရေးဘက်မှာ ဆိုလို့ရှိရင် ကျွန်မတို့ တော်တော် အောင်အောင်မြင်မြင် ရှိပါတယ်။ တခြား ကျန်းမာရေး၊ လူမှုရေး လူသားချင်း စာနာတဲ့ နေရာတွေမှာလဲ ကျွန်မတို့ တော်တော် အောင်အောင်မြင်မြင် ရှိပါတယ်။

နောက်ပြီးတော့ ခုတစ်ခေါက် ဥပဒေနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ရှေ့နေကွန်ယက် တွေကိုလည်း ဖွဲ့နိုင်ခဲ့ ပါတယ်။ ဒါဟာ ကျွန်မတို့ ဥပဒေစိုးမိုးရေး အတွက် အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလို တိုးတက်မှုတွေ ရှိပေမဲ့ လုံလောက်သလား ဆိုတော့ ကျွန်မအနေနဲ့ လုံလောက်တယ် ဆိုတဲ့ စကားလုံးကို မသုံးချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုံလောက်ပြီ ကျေနပ်လောက်ပြီ ဆိုတဲ့ အဓိပ္ပါယ်က ထပ်ပြီးတော့ လုပ်ဖို့ မလိုတော့ဘူး ဆိုတဲ့ အဓိပ္ပါယ်လေး နည်းနည်း ရောက်လို့ ဖြစ်ပါတယ်။ ကျွန်မတို့ ထပ်ပြီး လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ ဒါပေမဲ့လည်း တစ်ဖက်ကလည်း ဒီလို အပြုသဘော ဆောင်တဲ့ အမြင်နဲ့ မြင်ဖို့ လိုပါတယ်။ တိုးတက်ဖို့ ဆိုတာက အမြင်တွေကိုလည်း ပြောင်းလဲသင့်တဲ့ အချိန်မှာ ပြောင်းလဲရမယ်။ ကျွန်မတို့ဟာ ယုံကြည်ချက် ပေါ်မှာ အခြေခံ ပြီးတော့ စွန့်စားသင့်တဲ့ အချိန်မှာလည်း စွန့်စားရမယ်။ အဲဒီလို လုပ်မှသာလျှင် ကျွန်မတို့ လိုချင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကြီးက ပွင့်သွားမှာပါ။

ဒီတော့ မပွင့်သေးဘူးလား လို့ တစ်ချို့က ပြောမယ်။ ဒီလို ကျွန်မ ပြောခြင်းအားဖြင့် ဒိမိုကရေစီ လမ်းကြီးက မပွင့်သေးဘူးလား လို့ ပြောတာလား ဆိုရင် ဒီလမ်းဟာ ပွင့်ပြီလို့ အားလုံးကနေ လက်ခံနိုင်တဲ့ အခြေအနေတော့ မရောက်သေးပါဘူး လို့ ကျွန်မ ပြောပါရစေ။ အဲတော့ ဒီအခြေအနေ ရောက်ဖို့ဟာ ကျွန်မတို့ အားလုံး ကြိုးစားဖို့ လိုပါတယ်။
http://thevoicemyanmar.com/
မှကူးယူတင်ပြသည်
Posted by MAUNG NE WIN