Thursday, May 5, 2011

အာဆီယံ လူထုအခြေပြုအဖွဲ့များ မြန်မာ့နိုင်ငံရေး အခြေအနေ ဆွေးနွေး

2011-05-03

အာဆီယံ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ ညီလာခံ ကို ဒီကနေ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပ ပြုလုပ်ရာ ထိုင်းအခြေစိုက် မြန်မာ့ရေးရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် က နှုတ်ခွန်းဆက် သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။


ညီလာခံရဲ့အဖွင့်မိန့်ခွန်းမှာ ကိုယ်တိုင် တက်ရောက်လာတဲ့ အင်ဒိုနီးရှား ဒုတိယသမ္မတ Dr. Boediono နဲ့အတူ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဗီဒီယိုမိန့်ခွန်းကို ပြသခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းမှာ အင်ဒိုနီးရှားနိုင်ငံမှာ အာဏာရှင် ဗိုလ်ချုပ် ဆူဟာတို အစိုးရ အုပ်ချုပ်မှုအောက်ကနေ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သလိုပဲ မြန်မာနိုင်ငံမှာလည်း အလားတူ အောင်မြင်မှုမျိုး ရချင်ပါတယ်လို့ ပြောသွားပါတယ်။

မြန်မာ့အရေးအနေနဲ့ ၂၀၁၀ရွေးကောက်ပွဲ ကျင်းပခဲ့ပေမယ့် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ မရှိသေးဘူးဆိုတဲ့ အကြောင်း အစီရင်ခံ တင်ပြမှာဖြစ်တယ်လို့ ညီလာခံကို တက်ရောက်နေသူ မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ရဲ့ ပြောခွင့်ရ အမျိုးသမီး မခင်ဥမ္မာက ပြောပါတယ်။

အာဆီယံ လူထုညီလာခံကို မြန်မာအစိုးရဘက်က စေလွှတ်တဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြပါတယ်။ ညီလာခံကို မေလ (၃) ရက်နေ့ကနေ (၅)ရက်နေထိ ဂျကာတာမြို့မှာ ကျင်းပပြီး ကမ္ဘာတ၀ှမ်းက တက်ရောက်လာသူ ကိုယ်စားလှယ်ပေါင်း တစ်ထောင်ကျော်ရှိပါတယ်။

ဒီညီလာခံရဲ့ ဆုံးဖြတ်ချက်တွေကို မေလ (၅)ရက်နေ့မှာကျင်းပမယ့် အာဆီယံ ထိပ်သီးညီလာခံကို ပေးအပ်မှာ ဖြစ်ပါတယ်။ လက်ရှိ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဌ နေရာကို အင်ဒိုနီးရှားနိုင်ငံက ၂၀၁၁ခုနှစ် ဇန်န၀ါရီလမှာ စတင် ထမ်းဆောင်ခဲ့ပါတယ်။

မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ပြောခွင့်ရအမျိုးသမီး မခင်ဥမ္မာကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

RFAမှကူးယူတင်ပြသည်။