Tuesday, May 10, 2011

ဖတ်စရာ သတင်းများ

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံ သွားမည်
ရန်ပိုင် Thursday, 05 May 2011 10:39


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ယခုလအတွင်း တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်မည်ဟု စစ်ဘက်အသိုင်းအ၀န်းမှ သိရသည်။



ယခုခရီးစဉ်သည် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြောင်းလဲတာဝန်ယူပြီး နောက် ပထမဆုံး ခရီးစဉ်ဖြစ်ပြီး နယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့် တိုင်းရင်းသား အရေးကိစ္စများကို ဆွေးနွေးလိမ့်မည်ဟု စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက ဆက်လက်၍ “ဦးစီးချုပ်အသစ် တယောက်အနေနဲ့ အစဉ်အလာအရ သွားတာအပြင် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ကိစ္စတွေလည်း ဆွေးနွေးလိမ့်မယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လကုန်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သို့ လွှဲပြောင်း ပေးခဲ့သည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အတွင်းကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သေးသည်။

ကာကွယ်ရေး ဦးစီးချုပ်အသစ်၏ တရုတ်နိုင်ငံသို့ သွားရောက်မည့်ခရီးစဉ် ထွက်ပေါ်လာချိန်သည် နယ်စပ်ဒေသရှိ ‘၀’ ပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA )၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မိုင်းလား အဖွဲ့များနှင့် နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး တင်းမာမှုများရှိနေပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA – N) နှင့် တိုက်ပွားများ ဖြစ်ပွားနေချိန်နှင့် တိုက်ဆိုင်နေသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် နယ်စပ်ဒေသရှိ တိုင်းရင်းသားများ အရေးနှင့် ပတ်သက်လျှင် သဘောထားတင်းမာသူ တဦးအဖြစ် တပ်အတွင်းသတင်းများအရ သိရပြီး ကစထမှူးအဖြစ် တရုတ်နယ်စပ်တွင် တာဝန်ယူစဉ် ၂၀၀၉ ခုနှစ် စက်တင်ဘာလ အတွင်းက ကိုးကန့်အပစ်ရပ်အဖွဲ့ (MNDAA) ကို တိုက်ခိုက်ပြီး ခေါင်းဆောင် ဖုန်ကျားရှင်ကို ဖြုတ်ချခဲ့သည်။

မကြာသေးမီက အာဏာလွှဲပြောင်းရယူခဲ့သည့် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်ကလည်း ပြည်ထောင်စု အစိုးရ၏ အာဏာစက်သည် နယ်စပ် အစွန်အဖျားထိ ရောက်ရှိရန် အရေးကြီးကြောင်း၊ သို့မှသာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ ပီပြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်လ ၂၃ ရက်နေ့က ပြုလုပ်သည် အစိုးရအစည်းအဝေးတွင် ပြောဆိုခဲ့သည်။

သို့သော် လေ့လာသူများ အဆိုအရ သမ္မတသစ် ဦးသိန်းစိန်အစိုးရသည် မြန်မာနိုင်ငံရေးတွင် အဓိကျသည့် ပြဿနာတခုဖြစ်သည့် တိုင်းရင်းသားများအရေးနှင့် ပတ်သက်၍ ဆွေးနွေးအဖြေရှာရန် လိုလားခြင်း မရှိဘဲ လက်နက်ဖြင့် ဖြေရှင်းမည်ဟု ထင်မြင်ကြောင်း ပြောဆိုသည်။

အပြန်အလှန်အားဖြင့် တရုတ်စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရှီချိုင်ဟုန်သည်လည်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည်ဟု သိရသည်။


တိုင်းရင်းသားဒေသထိုးစစ်ရပ်ရေး ဖိအားပေးဖို့ ဗြိတိသျှအစိုးရကို တိုက်တွန်း
2011-05-05 RFA

မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံတကာနဲ့ အတူ မြန်မာ အစိုးရကို တိုက်တွန်းပေးဖို့ လန်ဒန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Burma Campaign UK) က ဗြိတိသျှအစိုးရကို မေလ ၅ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

၂ဝ၁၁ ခုနှစ် မတ်လ ၁၃ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်ဖွဲ့အပေါ် မြန်မာအစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် ဒေသများကို Shan Human Rights Foundation က မြေပုံအညွှန်းဖြင့် ပြသထားပုံ ဖြစ်ပါသည်။ (Map by Shan Human Rights Foundation)

ရှမ်းပြည်နယ်တွင်းက တိုက်ပွဲတွေရဲ့ လက်ရှိအခြေအနေကို မီးမောင်းထိုးပြထားတဲ့ " ရှမ်းပြည်နယ်က ပဋိပက္ခများ " ဆိုတဲ့ခေါင်းစဉ်နဲ့ Burma Campaign UK က မေလ ၅ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုတာ ဖြစ်ပြီး မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူ ဆောင်ရွက်နိုင်အောင် တိုက်တွန်းရတာ ဖြစ်ကြောင်း Burma Campaign UK ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး မစ္စ အင်နာ ရောဘတ်စ်က ပြောပါတယ်။

မြန်မာစစ်အစိုးရဟာ နှစ်ပေါင်း ၂၂ နှစ်တာကြာမြင့်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကတိကို ချိုးဖောက်ပြီး မတ်လ ၁၃ ရက်နေ့က ရှမ်းပြည်တပ်မတော်ကို တိုက်ခိုက်ခဲ့တာတွေ ၊ သီတင်းသုံးပတ် အတွင်း မှာပဲ ရှမ်းပြည်နယ်မှာ တိုက်ပွဲ ၆၅ ကြိမ် ဖြစ်ပွားခဲ့တာ၊ မြန်မာစစ်တပ်ရဲ့ အရပ်သားပြည်သူတွေကို တဖက်သတ် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာ ၊ အမျိုးသမီးတွေကို မတော်မတရားကျင့်တာ ၊ အတင်းအကျပ် နေရာ ရွှေ့ပြောင်းခိုင်းတာနဲ့ ပေါ်တာ ဆွဲတာ စတဲ့ အချက်အလက်တွေကို သက်သေ အထောက်အထားတွေနဲ့ တွေ့ရှိရကြောင်း၊ မြန်မာအစိုးရရဲ့ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာက လျစ်လျူရှုနေတဲ့အတွက် ဗြိတိသျှ အစိုးရအနေနဲ့ တိုက်တွန်းနှိုးဆော်မှုတွေ ပြုဖို့ Burma Campaign UK က တောင်းဆိုရတာ ဖြစ်ကြောင်း မစ္စ ရောဘတ်စ်က ပြောပါတယ်။

ဒီကြေညာချက်မှာ မြန်မာအစိုးရဟာ အပစ်အခတ်ရပ်စဲမှု ချိုးဖောက်ပြီး ရှမ်းပြည်တပ်မတော်နဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့တာ နှစ်နှစ်အတွင်း သုံးကြိမ် ရှိသွားပြီ ဖြစ်ကြောင်းနဲ့ ဒီပဋိပက္ခတွေဟာ မွန်၊ ကရင်၊ ကယား၊ ရှမ်းနဲ့ ကချင်ပြည်နယ်တွေကို ကူးစက်လာနိုင်မှာကို စိုးရိမ်ရတယ်လို့လည်း ဖော်ပြထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်အခတ် ရပ်စဲဖို့အတွက် Burma Campaign UK ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး မဇိုရာဖန်းနဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။



အစိုးရ စစ်သည် ၂ ဦး KNLA ထံ လက်နက်ချ
မေလ ၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့အခြေစိုက် အစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၂) လက်အောက်ခံ ခမရ(၂၃၁) တပ်ရင်းမှ စစ်သည် ၂ဦးသည် ယမန်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)ထံသို့ လာရောက်လက် နက်ချခဲ့သည်ဟု KNLAက ပြောသည်။

KNLA တပ်ရင်း ၂၀၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဖောဒိုက “မနေ့က ကော့ကရိတ်အခြေစိုက် ခမရ(၂၃၁)တပ်ရင်းက တပ်ဖွဲ့ ၀င် ၂ဦး ကျနော်တို့ KNLA တပ်ရင်း(၂၀၁)ကို လာပြီး လက်နက်ချတယ်။ တပ်ကြပ်တစ်ယောက်နဲ့ တပ်သားတစ်ယောက် ဖြစ် တယ်။ သူတို့နဲ့အတူ MA-1 ၁လက်၊ MA-2 ၂လက်၊ MA-4 ၁လက်။ စုစုပေါင်း လက်နက် ၄လက်နဲ့ လမ်းလျှောက် စကားပြော စက်တစ်လုံး ပါတယ်။”ဟု ပြောသည်။

အဆိုပါ လက်နက်ချလာသည့် အစိုးရစစ်သည် ၂ဦးအား လက်ရှိအချိန်တွင် KNLA တပ်ရင်း(၂၀၁) ထိန်းချုပ်ရာ နယ်မြေတနေ ရာတွင် လက်ခံထားခဲ့ပြီး ရှေ့ဆက် ၎င်းစစ်သည်များ၏ဆန္ဒအတိုင်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုဗိုလ်မှူးကြီးစော ဖောဒိုက ပြောသည်။

ယခုနှစ် ၂၀၁၁ခုနှစ်တွင် KNLA တပ်ရင်း(၂၀၁)ထံသို့ အစိုးရစစ်သည်များ မကြာခဏ ထွက်ပြေးရောက်ရှိလာသော်လည်း အ ဆိုပါစစ်သည် ၂ဦးမှာ မေလထဲတွင် ဦးဆုံးထွက်ပြေးရောက်ရှိလာသည့် အစိုးရစစ်သည်များဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလက ကော့ကရိတ်မြို့တွင် ပြန်လည် အနားယူခဲ့သည့် ဝေါ်လေဒေသ လှုပ်ရှားတပ်ရင်း ခလရ(၉၇)မှ ဗိုလ်ကြီး တစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦး အပါအ၀င် စစ်သည် ၂၀ကျော်သည် လစာဖြတ်တောက်ခံရမှုနှင့် ဝေါ်လေဒေသတွင် ဆက် လက် မလှုပ်ရှားလိုတော့သည့်အတွက် တပ်တွင်းမှ ထွက်ပြေးခဲ့ကြောင်း ကော့ကရိတ်မြို့ရှိ အစိုးရစစ်တပ်နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

အီးယူဒဏ်ခတ်ထားသည့်ကြားမှ ဦးတေဇ၏ ဇနီး အီတလီသွားခွင့်ရ
2011-05-05 RFA

စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇရဲ့ဇနီး ဒေါ်သီတာဇော်ဟာ ၂၀၁၁ ခုနှစ်အတွက် အီးယူ အဖွဲ့ရဲ့ ပိတ်ဆို့ ဒဏ်ခတ်စာရင်းမှာ ပါနေတဲ့ကြားက အီတလီနိုင်ငံကို မကြာသေးမ်ီက သွားရောက်ခွင့် ရခဲ့တယ်လို့ သိရှိရပါတယ်။

အီးယူ နိုင်ငံတွေ သွားရောက်ခွင့် ဗီဇာအပိတ်ခံထားရတဲ့ ဒေါ်သီတာဇော်အနေနဲ့ အီတလီကို ဘယ်လို သွားရောက်ခွင့် ရသလဲဆိုတာနဲ့ ပတ်သက်ပြီး ရန်ကုန်သံတမန် အသိုင်းအဝိုင်းကို RFA က စုံစမ်းခဲ့ပါတယ်။

ကျန်းမာရေး မကောင်းတဲ့ ဦးတေဇရဲ့ သမီးအငယ်ဆုံးကို အီတလီနိုင်ငံ ရောမမြို့မှာ ဆေးကုသဖို့အတွက် ဒေါ်သီတာဇော်က ဗီဇာလျှောက်ထားခဲ့တာ ဖြစ်ကြောင်း၊ လူလူချင်းစာနာမှု အခြေခံနဲ့ ခုလို ဗီဇာထုတ်ပေးခဲ့တာ ဖြစ်ကြောင်း အီးယူသံတမန်တွေနဲ့ နီးစပ်တဲ့ အရာရှိတဦးက RFA ကို ပြောပါတယ်။

ဒေါ်သီတာဇော်နဲ့ မိသားစုကို ထုတ်ပေးတဲ့ ဗီဇာအမျိုးအစားက ရှဲန်းငဲန် ဗီဇာ (Schengen Visa) အမျိုးအစား ဖြစ်ပါတယ်။ သာမန်အားဖြင့် အဲဒီ ဗီဇာမျိုး ရသူတွေဟာ ရှဲန်းငဲန် သဘောတူညီချက်မှာ ပါတဲ့ ဥရောပ ၂၅ နိုင်ငံကို သွားရောက် လည်ပတ်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ဒေါ်သီတာဇော်နဲ့ ခင်ပွန်း ဦးတေဇတို့ မိသားစုဟာ ၂၀၁၁ ခုနှစ် အီးယူဒဏ်ခတ်စာရင်းမှာ ပါနေတဲ့အတွက် အီတလီက လွဲပြီး တခြား ၂၄ နိုင်ငံကို သွားခွင့်မပေးဘူးလို့ အဆိုပါ အရာရှိက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဒေါ်သီတာဇော်ဟာ ဂျာမနီနိုင်ငံ ခေတ္တရောက်နေတုန်း အမေရိကန်နိုင်ငံက မိတ်ဆွေတချို့ကို ဖုန်းဆက်ခဲ့တယ်လို့ RFA က စုံစမ်းသိရတဲ့အတွက် ဘယ်လိုနည်းနဲ့ ဂျာမနီနိုင်ငံကိုပါ သွားခွင့်ရခဲ့သလဲ ဆိုတာတော့ အတိအကျ မသိရပါဘူး။ ဒီကိစ္စ မေးမြန်းဘို့ ဒေါ်သီတာဇော်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်မရခဲ့ပါဘူး။

၂၀၁၁ ခု အီးယူ ဒဏ်ခတ်စာရင်းမှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ အုပ်စုခွဲပြီး ဒဏ်ခတ်စာရင်းကို ဖော်ပြရာမှာ ဦးတေဇနဲ့ မိသားစုကို အစိုးရ စီးပွားရေးပေါ်လစီများ၊ အစိုးရနဲ့ ဆက်နွယ်နေသူများထံမှ အကျိုးစီးပွား ရနေသူများဆိုတဲ့ ခေါင်းစဉ်နဲ့ ဒဏ်ခတ်စာရင်းအောက်မှာ ထည့်သွင်းထားတာ တွေ့ရပါတယ်။
ဦးတေဇပိုင် လုပ်ငန်းအားလုံးကို လုပ်ငန်းအမည်စာရင်း အသေးစိတ်နဲ့ စာရင်းပြုစုပြီး အီးယူက ဒဏ်ခတ်ထားတဲ့အပြင် ဦးတေဇရဲ့ ဇနီး ဒေါ်သီတာဇော်၊ သား ပြည့်ဖြိုးတေဇ၊ ဦတေဇရဲ့ မိခင် ဒေါ်အုန်း၊ ဦတေဇရဲ့ အစ်ကို ဦးသီဟနဲ့ ဦးသီဟရဲ့ ဇနီး ဒေါ် ရွှေရွှေလင်းတို့ကိုပါ ဒဏ်ခတ်စာရင်းမှာ ဖော်ပြထားပါတယ်။


နိုင်ငံရေးအကျဉ်းသား လွှတ်ရေး နာရေးကူညီမှုအသင်း တောင်းဆို

By မသင်းသီရိ ကြာသပတေး, 05 မေ 2011

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေ အရှိန်အဟုန် မြင့်တက်လာနေချိန်မှာပဲ နာရေးကူညီမှု အသင်းကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ကိစ္စ အစိုးရထံ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်။ အခုလို လှုပ်ရှား တောင်းဆိုမှုတွေ အရှိန်မြင့်လာနေပေမဲ့ အစိုးရဘက်က တစုံတရာ တုံ့ပြန်ခြင်း မရှိတာဟာ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စနဲ့ ပတ်သက်ပြီး ထိပ်ပိုင်း ခေါင်းဆောင်တွေကြား ညှိနှိုင်းလို့ မရနိုင်သေးတဲ့ အခြေအနေတွေကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

အသစ်တက်လာတဲ့ မြန်မာ အရပ်သား အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုမှုတွေကို မြန်မာနှစ်ဆန်း ၁ ရက်နေ့က စတင်လိုက်ချိန်ကစပြီး ဒီနေ့အထိ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားမှုတွေက ပြည်တွင်းမှာ ရှိနေပါတယ်။ လူထုအခြေပြု လူငယ်ကွန်ရက်တွေကနေ စတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုတွေကို NLD ပါတီကလည်း အပြည့်အ၀ ပူးပေါင်း ပါဝင်ခဲ့သလို စာပေအနုပညာရှင်တွေကအစ ၀ိုင်းဝန်းပြီး တောင်းဆိုမှုတွေထဲ ပါဝင်ခဲ့ကြပြီး အခု နာရေးကူညီမှု အသင်းကြီးကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် အစိုးရကို လက်မှတ်ရေးထိုး တောင်းဆိုခဲ့ပါတယ်။

ပြည်တွင်းစစ် ရပ်စဲဖို့နဲ့ နိုင်ငံရေး ပြဿနာတွေ ကင်းပြီး ငြိမ်းချမ်းတဲ့ နိုင်ငံတခု ဖြစ်လာဖို့ လိုလားတဲ့ ဒီအဖွဲ့ကြီး အနေနဲ့ တရားမျှတပြီး မှန်ကန်စွာ တောင်းဆိုတဲ့ ဒီလှုပ်ရှားမှုတွေ အတွင်းမှာ အဖွဲ့သားတွေ အားလုံး ပူးပေါင်းပါဝင်ဖို့ ဆုံးဖြတ် သဘောတူညီခဲ့ကြတယ်လို့ နာရေးကူညီမှု အသင်းရဲ့ ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ကျော်သူက ပြောပါတယ်။

“ကျနော်တို့ အသင်းက အသင်းသားတွေ၊ အသင်းသူတွေ အားလုံးကနေပြီးတော့ သူတို့ဆန္ဒအလျောက် လက်မှတ်ဝိုင်းထိုးတာကို ကျနော် တင်လိုက်တာပါ။ အားလုံး ၁၀၈ ယောက် ရပါတယ်။ ဆက်ပြီးတော့လည်း ထိုးနေကြတုန်းပါပဲ။ ဒါက နောက်တသုတ် ထပ်တင်ရမှာပါ။ နေပြည်တော်တော့ တိုက်ရိုက် အဆက်အသွယ် မရှိဘူး။ အဲဒါကြောင့် NLD အဖွဲ့ကိုပဲ ကျနော်တို့ သွားပြီး ပေးထားပါတယ်။ နိုင်ငံရေး အကျဉ်းသားတင် မကဘူး၊ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်စေချင်တဲ့အတွက် ကျနော်တို့ အဲဒီလက်မှတ်ကို ထိုးတာ။”

နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုကျော်သူ ပြောသွားတာ ဖြစ်ပါတယ်။

စစ်အစိုးရကနေ အရပ်သား အစိုးရအဖြစ် စတင် တာဝန်ပြောင်းယူချိန် မတ်လကစလို့ လွတ်ငြိမ်းချမ်းသာခွင့်တွေ လာနိုင်တယ်ဆိုပြီး အားလုံးက တွက်ထားပါတယ်။ တယောက်နဲ့တယောက် အပြန်အလှန် အခြေအနေတွေ မေးမြန်းကြ၊ စုံစမ်းကြတာမျိုးတွေနဲ့ အတူ အစိုးရဘက်ကလည်း လိုက်လျောမှုတွေ ရှိလာနိုင်ပါတယ်ဆိုတဲ့ မျှော်လင့်ချက်တွေက အားလုံးမှာ ရှိနေပါတယ်လို့ တောင်ကြီးထောင်မှာ နှစ်ရှည်ထောင်ဒဏ် အချခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ ညီမ မသန္တာယုက ဆိုပါတယ်။

“ဖြစ်နိုင်မလားပေါ့၊ တယောက်နဲ့တယောက် ဒီလိုပဲ မျှော်လင့်ပြီး နေနေကြတာပဲ။ မျှော်တာတော့ မျှော်နေကြတာပဲပေါ့၊ အကုန်လုံးက။ တခြားတွေ ဘာတွေ ညာတွေတော့ မသိပါဘူး၊ ကိုယ့်လူလွတ်တာပဲ လိုချင်တာပေါ့နော်။ အခု ဒီမှာ ပြောနေကြတာ လွတ်နိုင်တယ် ဘာညာ ဆိုကတည်းက ကိုယ်က အဲဒါကို မျှော်လင့်နေတာပေါ့။ အစိုးရသစ် ဆိုတော့လည်း ပိုမျှော်လင့်တာပေါ့။”

ဒီမျှော်လင့်ချက်တွေကို ဖြစ်လာစေတဲ့ နောက်ထပ် အကြောင်းရင်းတွေကတော့ အင်ဒိုနီးရှားနိုင်ငံမှာ စတင် ကျင်းပနေပြီဖြစ်တဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွေကြောင့်လည်း ပါပါတယ်။ ဒီဆွေးနွေးပွဲကို သမ္မတ ဦးသိန်းစိန် တက်မှာမို့ အာဆီယံ နိုင်ငံတွေကြားမှာ မြန်မာ့အရေး ပြောဆိုမှုတွေ၊ ဖိအားပေးမှုတွေ ရှိလာနိုင်တဲ့အပေါ် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပါတယ်ဆိုတဲ့ အကြောင်းနဲ့ တုံ့ပြန်နိုင်ဖို့တွေ ရှိတယ်ဆိုတဲ့ တွက်ချက်မှုတွေကြောင့်လည်း ပါဝင်ပါတယ်။

ဒါကြောင့် မနေ့ကနဲ့ ဒီနေ့တွေမှာတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာနိုင်တယ်ဆိုတဲ့ ထင်မြင်ချက်တွေနဲ့ အင်းစိန်ထောင်ရှေ့မှာ သတင်းသမားတွေ စောင့်ဆိုင်းခဲ့ပေမဲ့ ဒီနေ့အချိန်ထိတော့ ဘာသတင်းမှ မထူးလာသေးပါဘူး။

“မနက်မိုးလင်းကတော့ ရဲရယ်၊ ပေါ်ပေါ်ထင်ထင် သွားနေတဲ့ SB တယောက် လာမေးတယ်။ အခုညနေပိုင်းမှာ ဘာမှမရှိဘူး။ နောက် မီဒီယာတွေ ရှိတယ်။ မီဒီယာတွေက ဟိုနားတစု၊ ဒီနားတစုနဲ့ ရှိတယ်။ နိုင်ငံရေး အကျဉ်းသား မိသားစုတွေကတော့ တယောက်တလေတော့ သတင်းကြားလို့ လာမေးတာတို့၊ မေးပြီး ပြန်သွားတာပေါ့။ ဒီ့ပြင် မရှိပါဘူး။”

ဒီနေ့ အင်းစိန်ထောင်ရှေ့က အခြေအနေ ဖြစ်ပါတယ်။

ဒီလို အနေအထားတွေ အားလုံးကို ကြည့်ခြင်းအားဖြင့် အစိုးရသစ်ထဲက ထိပ်တန်း ခေါင်းဆောင်ပိုင်းတွေထဲမှာရော၊ အာဏာကနေ အနားယူသွားပြီလို့ ပြောနေတဲ့ စစ်ထိပ်တန်း ခေါင်းဆောင်ပိုင်းကြီးတွေ ကြားမှာပါ သဘောတူညီချက်တွေ မရနိုင်သေးတဲ့ အချက်တွေကြောင့် ဖြစ်နိုင်တယ်လို့ နှစ်ရှည် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်တဲ့ ဦးဝင်းထိန်က သုံးသပ်ပါတယ်။

“General Amnesty ခေါ်တဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် လာလိမ့်မယ်လို့ ထင်ခဲ့တာ။ အခု အချိန်က လနဲ့ချီ ကြာသွားပြီ။ အခုထက်ထိ မလာဘူးဆိုတော့ ကျနော်ကိုယ်တိုင်လည်း အံ့အားသင့်တယ်။ တဘက်ကလည်း စဉ်းစားကြည့်တော့ သူတို့ဘက်က ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ အဖွဲ့ကို လွှတ်ပေးသင့်သလား၊ လွှတ်မပေးသင့်ဘူးလား သူတို့ စဉ်းစားပြီး အတွေးခေါင်နေသလား၊ ဒါတချက်။

“နောက်တချက်က မင်းကိုနိုင်တို့ ကိုကိုကြီးတို့ဆိုတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ၆၅ နှစ် ချထားတော့ သူတို့ကလည်း ထွက်လာရင် နိုင်ငံရေးအရ လှုပ်ရှားမှု ဆက်လုပ်မယ်ဆိုတော့၊ သူတို့ အစိုးရကလည်း နိုင်ငံတကာက လှိုက်လှိုက်လှဲလှဲ မကြိုဆိုသေးတဲ့ အခါကြတော့ စိုးရိမ်ပြီး ထိန်းထားသလားတော့ မသိဘူး။ တွေးမိတာပဲ။ အခု မလာဘူး ဆိုတဲ့အခါကြတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့အထဲမှာရော အရင်က အာဏာကိုင်ထားတဲ့သူတွေ ကြားထဲမှာရော ညှိနှိုင်းလို့ ရဟန်မတူဘူး ဆိုပြီးတော့ ဖြစ်နေတယ်လို့ ကျနော် ထင်ပါတယ်။”

နှစ်ရှည် နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ခဲ့တဲ့ ဦးဝင်းထိန် ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာ နိုင်ငံရေးမှုတွေနဲ့ အကျဉ်းချခံထားရသူပေါင်း ၂,၀၀၀ ကျော် ရှိနေပြီး နှစ်ရှည်ထောင်ဒဏ်တွေနဲ့ မြို့ပြနဲ့ ဝေးလံလှတဲ့ နယ်ထောင်တွေမှာ ဖမ်းဆီးချုပ်နှောင် ခံထားရတာ ရှိသလို ကျန်းမာရေး အခြေအနေ ဆိုးရွားသူတွေ၊ ထောင်ဝင်စာ ပုံမှန်မရကြတဲ့ ပြဿနာတွေအပြင် လွတ်ရက်ပြည့်ပေမဲ့လည်း အခုချိန်ထိ ဆက်လက် ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း ရှိနေပါတယ်။


အာဆီယံ ကိုယ်စားလှယ်ခန့်မှုအပေါ် အရပ်ဖက်အဖွဲ့များ ကန့်ကွက်
သီယာ ဖော့်ဘ်စ် (Thea Forbes) | ကြာသပတေးနေ့၊ မေလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၅၀ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
Buzz

ချင်းမိုင် (မဇ္ဈိမ) ။ ။ အာဆီယံ အစိုးရများသည် ဂျာကာတာ ညီလာခံတက်မည့် အရပ်ဖက် လူမှုအဖွဲ့များ၏ ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ ၎င်းတို့လက်သင့်ရာများကို ရွေးချယ်နေသဖြင့် အရပ်ဖက်အဖွဲ့များနှင့် အာဆီယံ မျက်နှာချင်းဆိုင် တွေ့ဆုံပွဲကို သပိတ်မှောက်မည့် ကိုယ်စားလှယ်များ ရှိနေသည်။

အာဆီယံ ဒေသအတွင်းမှ အရပ်ဖက်လူမှုအဖွဲ့ ကိုယ်စားလှယ် ၁,ဝဝဝ ကျော် အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များတွင် တွေ့ဆုံခဲ့ပြီး၊ ဂျာကာတာရှိ အာဆီယံ အရပ်ဖက်လူမှုအဖွဲ့များ ညီလာခံ ACSC နှင့် အာဆီယံပြည်သူ့ဖိုရမ် APF အစည်းအဝေးများ၌ အရေးပါသည့် ကိစ္စများ၊ ပြဿနာများကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။

ထိုဆွေးနွေးပွဲတွင် အာဆီယံအသင်းအတွင်း အချို့သော နိုင်ငံများက ကိုယ်စားပြုမည့် အရပ်ဖက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များကို စိတ်ကြိုက်ရွေးချယ် စေလွှတ်နေမှုကြောင့် အချို့ကိုယ်စားလှယ်များက မျက်နှာစုံညီ တွေ့ဆုံပွဲကို သပိတ်မှောက်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

၎င်းတွေ့ဆုံပွဲမှာ မေလ ၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကာ

အာဆီယံအသင်းကြီး၏ ပဋိဉာဉ်စာတမ်းအရ "လူထုအပေါ် ဗဟိုပြုသော အာဆီယံအသင်း" ဟူသော မူဝါဒအောက်တွင် လူမှုအဖွဲ့များနှင့် ကိုယ်စားလှယ်များက အာဆီယံ၏ ပေါင်းစည်းရေးများ၊ လူမှုအဖွဲ့အသွင် ပေါင်းစည်းဖွဲ့စည်းရေးများ၌ ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းသော်လည်း၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် မြန်မာအစိုးရများက သူတို့လက်သင့်ရာ အရပ်ဖက် ကိုယ်စားလှယ်များကို ရွေးချယ်တက်ရောက်စေမည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းစာက ဆိုသည်။

ထို့အပြင် တွေ့ဆုံပွဲ၌ ဆွေးနွေးမည့် ခေါင်းစဉ်များကို အာဆီယံဘက်က သိသာစွာ ထိန်းချုပ်နေကြောင်းပါ ဖော်ပြခဲ့သည်။

မြန်မာအစိုးရက မူးယစ်ဆေးဝါး နှိမ်နင်းရေး အဆင့်မြင့်အရာရှိတဦးဖြစ်သူ ဦးစစ်အေးကို မြန်မာနိုင်ငံရှိ အရပ်ဖက် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြု စေလွှတ်မည်ဟု အဆိုပြုထားသည်။ သို့သော် သီးခြားလွတ်လပ်သည့် မြန်မာ NGO အဖွဲ့အစည်းများကမူ ချင်းမိုင်အခြေစိုက် လူ့အခွင့်အရေးပညာပေးဌာန HREIB မှ ဦးအောင်မျိုးမင်းကို ကိုယ်စားပြုစေရန် ရွေးချယ်ထားကြသည်။

"အာဆီယံခေါင်းဆောင်တွေက အရပ်ဖက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့တွေ့ဖို့ သရိုးသရီ ဖြစ်နေကြတုန်းပဲ။ ဒီကိစ္စကို ကူညီပေးဖို့ ကျမတို့လည်း ဆက်ပြီး လှုပ်ရှားရုန်းကန်နေကြရတုန်းပဲ" ဟု မြန်မာ့အရေး စင်ပြိုင်အာဆီယံ ကွန်ရက်အဖွဲ့၏ ပူးပေါင်းညှိနှိုင်းရေးမှူး ဒက်ဘီ စတော့ဟဒ် Debbie Stothard က မဇ္ဈိမကို ပြောသည်။

"ဆက်ပြီး ဖြစ်နေတဲ့ ပြဿနာတခုက တချို့အစိုးရတွေက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို သူတို့ကိုယ်စားလှယ် သူတို့ရွေး ချယ်ရမည့်အစား၊ ဝင်ပြီး စွက်ဖက်ရွေးချယ်ပေးချင်နေကြတယ်" ဟုလည်း သူက ဆိုသည်။

အချို့သော အရပ်ဖက်အဖွဲ့များကမူ အင်ဒိုနီးရှားကဲ့သို့ ဒီမိုကရေစီနိုင်ငံတခုတွင် ယခုအစည်းအဝေး ကျင်းပသောကြောင့် အစိုးရနှင့် အရပ်ဖက် အဖွဲ့များ မျက်နှာချင်းဆိုင်ဆွေးနွေးပွဲက ပို၍ ပွင့်လင်းလိမ့်မည်ဟု မျှော်လင့်နေသည်။ သို့သော် မျှော်လင့်မထားသည့်အတိုင်း ဆန့်ကျင်ဘက် ဖြစ်နေသည်ဟု သူက ပြောပြသည်။

"တကယ်တော့ အရပ်ဖက်လူမှုအဖွဲ့တွေနဲ့ တခန်းထဲမှာ အတူတွေ့ရမှာ ရွံ့နေကြတဲ့ တချို့ အာဆီယံ အစိုးရတွေက အင်ဒိုနီးရှားနိုင်ငံကို ပြန်ပေးဆွဲပြီး၊ ဖျက်လိုဖျက်ဆီး လုပ်တာပါ" ဟု သူက ဆိုသည်။

ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့မှ ပူးပေါင်းဆောင်ရွက်ရေးမှူး တဦးဖြစ်သူ ဝင်းအောင်က "မြန်မာနိုင်ငံ အရပ်ဖက် လူမှုအဖွဲ့တွေ ကိုယ်စားလှယ် တက်ပါလိမ့်မယ်။ တကယ်လို့ အစိုးရကသာ အဲဒီကိုယ်စားလှယ်ကို ရွေးချယ်မယ်ဆိုရင်တော့ အရပ်ဖက် လူမှုအဖွဲ့ဆိုတဲ့ စံနှုန်းနဲ့ ကိုက်ညီမှာ မဟုတ်ပါဘူး" ဟု မဇ္ဈိမကို ပြောပြသည်။

အာဆီယံ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ညီလာခံ ACSC နှင့် အာဆီယံပြည်သူ့ဖိုရမ် APF အစည်းအဝေးများသို့ တက်ရောက်သည့် ကိုယ်စားလှယ်များထံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမှတဆင့် မိန့်ခွန်းပြောကြားရာ၌ "အစိုးရတွေဟာ အရေးကြီးပါတယ်။ ဒါပေမဲ့ အစိုးရတွေက ပြည်သူ့အတွက် လုပ်ဆောင်ပေးဖို့လည်း လိုအပ်ပါသေးတယ်။ ဒါအတွက်ကြောင့် အာဆီယံဒေသအတွင်းရှိ ပြည်သူတွေက အခုဒေသကို ဘယ်လို ပုံဖော်ဖြစ်စေချင်တယ်ဆိုတာ၊ အဲဒီလိုဖြစ်ပေါ်လာနိုင်မယ့် နေ့မျိုးကိုလည်း မျှော်ကြည့်ဖို့ လိုအပ်ပါတယ်" ဟု ဆိုခဲ့သည်။

မြန်မာသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံအသင်းထဲ ပါဝင်ခဲ့ချိန်မှစ၍ အမြဲတစေ အငြင်းပွားဖွယ်ရာ ဖြစ်နေခဲ့သည်။ ၁၉၆၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို အာဆီယံအသင်း စတင်တည်ထောင်သူအဖြစ် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခဲ့သော်လည်း ငြင်းပယ်ခဲ့သည်။ အာဆီယံကို နယ်ချဲ့လက်ပါးစေ အသင်းတခုအဖြစ် မြန်မာဘက်က ပြောဆိုခဲ့သည်။

ဂျာကာတာတွင် ၁၈ ကြိမ်မြောက် အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ အကြံပြုသည့် အာဆီယံ ပါလီမာန် အမတ်များ အသင်း Asean Inter-Parliamentary Myanmar Caucus (AIPMC) ၏ ထုတ်ပြန်ကြေညာချက်၌ ၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌအဖြစ် တောင်းဆိုထားမှုအပေါ် နိုင်ငံအတွင်း အမှန်တကယ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုများ ဖြစ်ပေါ်လာသည့်တိုင် ဆက်၍ ငြင်းပယ်ကြပါရန် ၎င်းတို့က တိုက်တွန်းထားသည်။

ကြေညာချက်တွင် "မြန်မာနိုင်ငံရှိ ဖိနှိပ်နေမှု အခြေအနေများသည် အာဆီယံ၏ ဂုဏ်သိက္ခာအတွက် အမည်းစက် စွန်းထင်းစေကြောင်း ဖော်ပြထားပြီး၊ မြန်မာနိုင်ငံ၏ ဆိုးရွားနေသော အခြေအနေကြောင့် ၂ဝ၁၅ ခုနှစ်တွင် အာဆီယံ လူမှုအဖွဲ့အစည်း ထူထောင်ရာတွင် အဟန့်အတားဖြစ်စေမည်’’ ဟု ဖော်ပြထားသည်။ ထို့အပြင် ထိုင်းအနေနှင့် မြန်မာဒုက္ခသည်များ ပြန်ပို့ရေး အစီအစဉ်များကို ဆိုင်းငံ့ထိန်းသိမ်းထားပေးပါရန် တိုက်တွန်းထားသည်။

"အာဆီယံအနေနှင့် အဖွဲ့၏ ပဋိဉာဉ်များကို ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်နေသော မြန်မာကို အသင်းမှနေ၍ ဆိုင်းငံ့ထားရန် စဉ်းစားသင့်သည်။ မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် အာဆီယံအသင်းက သတ္တိပြသသင့်ပြီး၊ ယခု ထိပ်သီး အစည်းအဝေးကို အကြောင်းပြု၍ မြန်မာနိုင်ငံ၏ အခြေအနေကို သေချာဆွေးနွေးသင့်သည်။ အထူးသဖြင့် နိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေများ စနစ်တကျနှင့် အပြင်းအထန် ချိုးဖောက်နေမှုအပေါ် ကိုင်တွယ်ဖြေရှင်းပေးရန် မိမိတို့က တောင်းဆိုကြောင်း" ဟု ဖော်ပြထားသည်။

ထို့အပြင် အာဆီယံအဖွဲ့ဝင်များအနေဖြင့် "ကုလသမဂ္ဂမှ အဆိုပြုသည့် မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်တရပ်လုံးအပေါ် ချိုးဖောက်ကျူးလွန်သည့် ရာဇဝတ်ပြစ်မှုများအတွက် စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းရေး အဆိုကိုလည်း ထောက်ခံပေးကြပါရန် တိုက်တွန်းထားသည်။ သို့မှသာ ဒေသကြီးတခုလုံးအနေဖြင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်နေမှုများနှင့် ဖိနှိပ်နေခြင်းအတွက် ပြစ်မှုကျူးလွန်ထားသူများကို အရေးမယူ၊ အပြစ်ပေးမှုမရှိဘဲ ကင်းလွတ်နေစေသည့် အခြေအနေကို သည်းညည်းမခံကြောင်း ပြသရာရောက်စေမည်ဖြစ်ပြီး၊ နိုင်ငံအတွင်း သိသာထင်ရှားသည့်၊ အင်အားစု အသီးသီး ပါဝင်နိုင်ငံသည့် ဒီမိုကရေစီ လုပ်ငန်းစဉ်များ ဖြစ်ထွန်းတိုးတက်လာစေမည်" ဟု ဖော်ပြထားသည်။

Agency France Press သတင်းတပုဒ် အဆိုအရမူ မြန်မာအစိုးရက အချို့အကျဉ်းသားများအတွက် လွတ်ငြိမ်းချမ်းသာခွင့် စဉ်းစားနေကြောင်း ဆိုသည်။ သို့သော် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မည်-မပါဝင်မည်ဆိုသည်မှာ မသေချာသေးပေ။

"တချို့အကျဉ်းသားတွေက သမ္မတသစ်ရဲ့ ပထမဆုံး နိုင်ငံခြား ခရီးစဉ်ကာလမှာ လွတ်လာဖွယ် ရှိနိုင်ပါတယ်" ဟု အမည်မဖော်လိုသူ အရာရှိတဦးကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြသည်။

လေ့လာစောင့်ကြည့်နေသူများကမူ ယခုအပတ်အတွင်း အင်ဒိုနီးရှားတွင် အာဆီယံအဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး၌ သမ္မတ ဦးသိန်းစိန် တက်ရောက်မည်ဟု မျှော်လင့်ထားကြသည်။ နိုင်ငံတကာတွင် မျက်နှာပန်းလှစေရန် အကျဉ်းသား လွှတ်ပေးမှုများ ဖြစ်လာဖွယ်ရှိမည်ဟုလည်း ခန့်မှန်းကြသည်။

အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာတွင် မြန်မာနိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး လှမင်းက အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဆယာဖရီ ဆယမ်ဆိုဒင် Syafrie Syamsoeddin ကို နေပြည်တော်ရှိ သူ၏ ရုံးခန်း၌ အင်္ဂါနေ့တွင် လက်ခံတွေ့ဆုံကြောင်း ဖော်ပြထားသည်။ သို့သော် မည်သည့်ကိစ္စများ ဆွေးနွေးကြသည်ကို ဖော်ပြထားခြင်း မရှိပေ။

ဗိုလ်ကြီးဟောင်းအမှု NLD ရှေ့နေက လိုက်ပေး
မျိုးသန့် | ကြာသပတေးနေ့၊ မေလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၃ မိနစ်



ချင်းမိုင် (မဇ္ဈိမ) ။ ။ အီလက်ထရောနစ်ပုဒ်မ ၃၃ ဖြင့် တရားစွဲဆိုခံထားရသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဒေါ်အောင်ဆန်းစုကြည် အမှုတွင် လိုက်ပါဆောင်ရွက်ခဲ့သည့် NLD ဗဟို ဥပဒေပြု အထောက်အကူအဖွဲ့မှ ရှေ့နေ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ အခမဲ့ အကျိုးဆောင်ပေးနေသည်။

အမှုအကျိုးဆောင်များအဖြစ် ရှေ့နေ ဦးလှမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ လိုက်ပါဆောင်ရွက်ရန် ရှေ့နေပါဝါကို ယနေ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားသူကြီး ဦးခင်မောင်က ချပေးပြီး အမှုကို လာမည့် ၁၂ ရက်နေ့တွင် ကြားနာမှာဖြစ်သည်။

“ကျမတို့ ပါဝါ တင်ပြီးရုံပဲရှိပါသေးတယ်၊ ရှေ့နေငှားပြီးတော့ ကိုယ်စားလှယ်ရှေ့နေက ဒီအမှုကို လိုက်ပါဆောင်ရွက်မယ် ဆိုတဲ့သဘောပေါ့ ”ဟု ဒေါ်ခင်ဌေးကြွယ်က မဇ္ဈိမသို့ ပြောသည်။

ကိုနေမျိုးဇင်သည် NLD လူငယ်များနှင့် ပူးတွဲ၍ သွေးလှူဒါန်းရေး ပါဝင်လှုပ်ရှားနေသူ တဦးဖြစ်ပြီး ဧပြီ ၂ ရက်နေ့ ညနေက အထူးသတင်းရဲတပ်ဖွဲ့နှင့် တောင်ဒဂုံ ရပ်ကွက်အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရစဉ်အတွင်း အထူးသတင်းရဲတပ်ဖွဲ့ သိမ်းဆည်းသွားသည့် ကွန်ပျူတာတွင်းမှ ပြည်ပရောက် အသိမိတ်ဆွေများထံပေးပို့မည့် အမျိုးသားပြန်လည်သင့်မြတ်ရေး တိုက်တွန်းစာကို ရဲကတွေ့ရှိပြီး အီလက်ထရောနစ် ပုဒ်မဖြင့် တရားစွဲကြောင်း ကိုနေမျိုးဇင်၏ မိသားစုဝင်တဦးက ပြောသည်။

တရားစွဲခံရသည့် အီလက်ထရောနစ် ပုဒ်မ ၃၃ သည် နိုင်ငံတော်လုံခြုံရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက်ပျက်ပြားစေမှု၊ နိုင်ငံတော်လျှို့ဝှက်ချက် ပြင်ပ ပေါက်ကြားစေမှု စသည့် ကိစ္စများနှင့် အကျုံးဝင်သည်။

ကိုနေမျိုးဇင် ယခုပုဒ်မဖြင့် တရားစွဲခံရခြင်းသည် တပ်မတော်အငြိမ်းစားများ လူထုဘက် ရောက်သွားမည်ကို အာဏာပိုင်များက စိုးရိမ်ခြင်း၊ အစိုးရက ရန်သူစာရင်းသွင်းထားသည့် NLD နှင့် ပူးပေါင်းခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း စစ်တပ်နှင့် နီးစပ်ခဲ့ဖူးသူ ကိုမင်းဒင်က သုံးသပ်သည်။

“အစိုးရက စစ်မှုထမ်းဟောင်းတွေကိုလဲ သူတို့နဲ့ အယူအဆ တမျိုးထဲရှိသူတွေလို့ မျှော်လင့်ထားပုံရပါတယ်။ အဲဒီအထဲမှာမှ ကိုနေမျိုးဇင်လို ငယ်ရွယ်တဲ့တပ်မတော်အငြိမ်းစားတယောက်က သူတို့ရန်သူစာရင်းသွင်းထားတဲ့ ပါတီဘက်မှာ ရပ်တည်အားပေးနေတယ်ဆိုတော့ အာရုံစိုက်မှာတော့ အမှန်ပဲ၊ ကြောက်တယ်ဆိုတာထက် တပ်မတော် အငြိမ်းစားတွေ လူထုဘက်ရောက်သွားမှာကို အစိုးရိမ်လွန်နေတယ်လို့ ကျနော်ထင်ပါတယ်”

၃၅ နှစ်အရွယ် ဗိုလ်ကြီးဟောင်း နေမျိုးဇင်မှာ တပ်မတော်တွင် ၁ဝ နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး ၂ဝဝ၅ တွင် တပ်မှ ထွက်ခဲ့သည်။ ယင်းနောက် NLD လူငယ်များ ပါဝင်သည့် သွေးကူညီရေးနှင့် လူမှုရေးလုပ်ငန်းများ၌ တက်ကြွစွာ ပါဝင်ခဲ့သည်။

ယနေ့ အင်းစိန်ထောင်တွင်း တရားရုံးတွင် တရားသူကြီးက ရှေ့နေပါဝါချပေးရာတွင် မိသားစုဝင်ခွင့်မရဘဲ ရှေ့နေ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့သာ ဝင်ခွင့်ရသည်။


မြန်မာကို အာဆီယံ ဥက္ကဋ္ဌမပေးရန် ပြည်သူ့ဖိုရမ်တောင်းဆို
ဖနိဒါ | ကြာသပတေးနေ့၊ မေလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၅ မိနစ်



ချင်းမိုင်(မဇ္စျိမ) ။ ။ မြန်မာစစ်အစိုးရသည် အကျဉ်းသားအရေး၊ နယ်စပ်ဒုက္ခသည်များအရေး မဖြေရှင်းဘဲ လူ့အခွင့်အရေး ချိုးဖောက်နေသေးသဖြင့် ဥက္ကဋ္ဌ တာဝန်မပေးရန် အာဆီယံအသင်းကြီးထံ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် အာဆီယံ ပြည်သူ့ဖိုရမ်အဖွဲ့က ကြာသပတေးနေ့က တောင်းဆိုလိုက်သည်။

“ဒုက္ခသည်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရှိနေတယ်။ နောက်တခါ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့အတွက် မြန်မာအစိုးရကို အာဆီယံရဲ့ ပေါ်လစီက ဒီထက်ပိုပြီး ပြင်းထန်ဖို့၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို အာဆီယံနိုင်ငံတွေ ထောက်ခံဖို့၊ ၂ဝ၁၄မှာ အာဆီယံ ဥက္ကဋ္ဌ လျှောက်တဲ့ဟာ လက်မခံဖို့ လှုံ့ဆော်မှုတွေရှိတယ်”ဟု လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) HREIB မှ တာဝန်ခံ ဦးအောင်မျိုးမင်းက ပြောသည်။

အာဆီယံ ၁၀ နိုင်ငံမှ ဒေသတွင်း အရပ်ဖက် လူမှုအဖွဲ့အစည်း ACSC နှင့် အာဆီယံ ပြည်သူ့ဖိုရမ် APF ကိုယ်စားလှယ်ပေါင်း ၁၃၀၀ဝ ကျော် ဂျကာတာမြို့တွင် ယခုလ ၃ ရက်မှစ၍ ၃ ရက်ကြာ ဆွေးနွေးဖလှယ်ခဲ့သည်။

မြန်မာအစိုးရဘက်က တက်ရောက်သူများမှာ သမ္မတ ဦးသိန်းစိန် မကြာသေးမီက နိုင်ငံရေး အကြံပေးအဖြစ် ခန့်အပ်လိုက်သော ဦးကိုကိုလှိုင်၊ ဒေါက်တာနေဇင်လတ်နှင့် ဦးရဲတင့်တို့ အပါအဝင် ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ဖြစ်သည်။

ထိုင်းအခြေစိုက် ဒီမိုကရေစီအင်အားစုအဖွဲ့များမှ အမျိုးသမီးသမဂ္ဂ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ အေအေပီပီ၊ လူ့အခွင့်အရေး ပညာပေးဌာန(မြန်မာနိုင်ငံ) စသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၈ ဦးခန့် တက်ရောက် ဆွေးနွေးနေသည်။

အာဆီယံ ခေါင်းဆောင်များနှင့် တွေ့ဆုံမည့် ပြည်သူ့ကိုယ်စားလှယ် ၁၀ ဦးကို ရွေးချယ်လိုက်သော်လည်း အမည်စာရင်း မသိရသေးပေ။ ကိုယ်စားလှယ်များ ၇ ရက်နေ့တွင် အာဆီယံခေါင်းဆောင်များနှင့် သီးသန့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

နေပြည်တော် ကိုယ်စားလှယ်များက ဒီမိုကရက်တစ် အင်အားစု ကိုယ်စားလှယ်များကို ရွေးချယ်ရန် လက်မခံသဖြင့် အရပ်ဖက် လူ့အဖွဲ့အစည်းကို ကိုယ်စားမပြုသူများကို မထောက်ခံခဲ့ကြောင်း ဦးအောင်မျိုးမင်းက ပြောသည်။

“ဒေသတွင်း ဦးဆောင်မှု မပြောနဲ့ ပြည်တွင်းမှာ ရှိနေတဲ့ လူ့အခွင့်အရေး အခြေအနေတွေ၊ အုပ်ချုပ်မှု စနစ်တွေကို ပိုကောင်းအောင် မလုပ်နိုင်တဲ့ အခြေအနေ ဖြစ်နေတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတုန်းဘဲ၊ ဒုက္ခသည်တွေ နယ်စပ်တလျှောက်မှာ ရှိနေတုန်း၊ အမှန်တကယ် တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်ဘဲ လွှတ်တော်ကနေဘဲ ဥပဒေတွေ ထုတ်ပြန်နေတဲ့အတွက် နအဖကို အာဆီယံ ဥက္ကဋ္ဌ တာဝန်ပေးရေးလုံးဝ လက်မခံဘူး”ဟု ဦးအောင်မျိုးမင်းက ပြောသည်။

ထိုတောင်းဆိုချက်ကို လာမည့် ၇ ရက်နေ့ အာဆီယံခေါင်းဆောင်ထံ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှား သမ္မတ ဒေါက်တာဆူဆီလို ယူဒိုယိုနို၏ ဖိတ်ခေါ်ချက်အရ ဦးသိန်းစိန်၏ ပထမဆုံးသမ္မတခရီးစဉ် ယနေ့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း တရုတ် ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း လာမည့် ၇ ရက် ၈ ရက်နေ့များ၌ ဂျကာတာမြို့တွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ရှိသည်။

အာဆီယံ ပါလီမန် အမတ်များအသင်း (Asean Inter-Parliamentary Myanmar Caucus- AIPMC) ၏ ထုတ်ပြန်ချက်တွင် ၂ဝ၁၄ အတွက် မြန်မာက အာဆီယံ ဥက္ကဋ္ဌနေရာ တောင်းဆိုထားမှုအပေါ် နိုင်ငံအတွင်း အမှန်တကယ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုများ ဖြစ်ပေါ်လာသည့်တိုင် ဆက်ငြင်းပယ်ကြရန် တိုက်တွန်းထားသည်။ ၂ဝ၁၅ အာဆီယံလူမှုအဖွဲ့အစည်း ထူထောင်ရာတွင် အဟန့်အတားဖြစ်စေမည်ဟုလည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ တိုးတက်မှု အင်ဒိုနီးရှားကို သမ္မတ ဦးသိန်းစိန် ရှင်းပြ

By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 05 မေ 2011

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ရောက်ရှိနေပြီး အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) နဲ့ တွေ့ဆုံခဲ့ပါတယ်။ မတ်လ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ သမ္မတရာထူး စတင် ရယူခဲ့ကတည်းက သမ္မတ ဦးသိန်းစိန် ဒါဟာ ပထမဆုံး နိုင်ငံခြားခရီးစဉ် ဖြစ်ပါတယ်။

မြန်မာနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့၊ အင်ဒိုနီးရှား စီးပွားရေး လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ အပါအ၀င် အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြဖို့ ရှိပါတယ်။

အင်ဒိုနီးရှား သမ္မတ အိမ်တော်မှာ တွေ့ဆုံကြတဲ့ပွဲမှာ ဘာတွေ ဆွေးနွေး ပြောကြားခဲ့သလဲ ဆိုတာကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) က အင်ဒိုနီးရှား ဘာသာစကားနဲ့ အခုလို ပြောပြခဲ့ပါတယ်။

“ခေါင်းဆောင် ၂ ယောက် တွေ့ဆုံပွဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံထဲက တိုးတက်မှု အခြေအနေ တချို့ကို ပြောပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းပြမြေပုံအတိုင်း တိုးတက်မှု ဘာတွေရှိခဲ့တယ် ဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။”

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးမှုတွေထဲမှာ လုံခြုံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှု ကဏ္ဍတွေမှာလည်း ပိုပြီးတော့ ပူးပေါင်း ဆောင်ရွက်ကြဖို့တွေလည်း ပါဝင်တယ်လို့ အင်ဒိုနီးရှား သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ဂျကာတာပို့စ် သတင်းစာကို ပြောကြားခဲ့ပါတယ်။

အာဆီယံ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံနဲ့ စတုတ္ထအများဆုံး ကုန်သွယ်မှုလုပ်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ အင်ဒိုနီးရှား ကုန်ပစ္စည်း ဒေါ်လာ သန်း ၁၃၀ ကျော်ဖိုးကို မြန်မာနိုင်ငံကို တင်ပို့နေသလို မြန်မာဘက်ကလည်း အင်ဒိုနီးရှားကို ဒေါ်လာ ၃၆ သန်းဖိုး တင်ပို့နေတာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ စနေ၊ တနင်္ဂနွေမှာ ကျင်းပမယ့် ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကိုလည်း တက်ရောက်ဖို့ရှိပြီး မြန်မာနိုင်ငံကို အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ပေးအပ်ဖို့ ဖြစ်နိုင်ခြေတွေကိုတော့ အာဆီယံ ၀န်ကြီးများ ဆွေးနွေးပွဲမှာ ထည့်သွင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။


အယ်လ်ခိုင်းဒါးနဲ့ ဆက်နွယ်မှု မရှိလို့ ပါကစ္စတန် ငြင်းဆို

By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 05 မေ 2011

ပါကစ္စတန် အစိုးရရဲ့ ထောက်လှမ်းရေး အဖွဲ့ဝင်တွေ၊ အစိုးရ အဖွဲ့ဝင်တွေဟာ အယ်လ်ခိုင်းဒါး (al-Qaida) ကွန်ရက်နဲ့ ပူးတွဲ အလုပ်လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် မမှန်ပါဘူး၊ အကြမ်းဖက် တိုက်ဖျက်ရေး မှတ်တမ်းတွေ အရလည်း ဒီလိုလုပ်တယ်ဆိုတာ မတွေ့ရပါဘူးလို့ ပါကစ္စတန် အစိုးရက ပြောပါတယ်။

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဆယ်လ်မန် ဘာရှား (Salman Bashir) က အခုလို ကာကွယ် ပြောဆိုသွားရာမှာ အမေရိကန် တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ တနင်္လာနေ့မှာ အိုစမာ ဘင်လာဒင် (Osama bin Laden) သေဆုံးပြီး နောက်မှာပဲ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဘင်လာဒင်က ပါကစ္စတန်နိုင်ငံ အဘော့တာဘက် (Abbottabad) မြို့မှာ ပုန်းအောင်းနေတာကို RSI ထောက်လှမ်းရေးက မသိလို့ဆိုပြီး အခုလိုပြောတာ မတရားပါဘူးလို့လည်း မစ္စတာ ဘာရှားက ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကတော့ အယ်လ်ခိုင်းဒါးခေါင်းဆောင် အိုစမာ ဘင်လာဒင် အခုလို သေဆုံးသွားရုံနဲ့ အယ်လ်ခိုင်းဒါး ကွန်ရက်နဲ့ ဆက်စပ်တဲ့ အဖွဲ့တွေ တိုက်ခိုက်နေတဲ့ စစ်ပွဲ ပြီးဆုံးမှာ မဟုတ်ကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေမှာ ပါကစ္စတန်နိုင်ငံက အရေးကြီးလှတဲ့ မိတ်ဘက်နိုင်ငံ ဖြစ်ပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုတွေအတွက် ဘယ်သူတွေမှာ တာဝန်ရှိလဲဆိုတဲ့ သတင်း အချက်အလက်တွေ အမေရိကန်ဆီမှာပဲ ရှိတာပါ။ ဒါပေမဲ့ ဒါ အမေရိကန် ထောက်လှမ်းရေးက အသုံးမကျလို့ ဆိုပြီးတော့ သူပြောပိုင်ခွင့် မရှိပါဘူးလို့ ပါကစ္စတန် နိုင်ငံခြားရေး ၀န်ကြီးက ဆိုပါတယ်။

တနင်္လာနေ့က အသတ်ခံရသူဟာ ဘင်လာဒင်ဖြစ်တယ် ဆိုတာ သေချာကြောင်း အမေရိကန်နဲ့ ပါကစ္စတန် သတင်းရပ်ကွက်တွေက အတည်ပြုပေးတယ်လို့လည်း မစ္စတာ ဘာရှားက ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ စက်တင်ဘာလ ၁၁ ရက်နေ့၊ ၂၀၀၁ ခုနှစ်မှာ အကြမ်းဖက် တိုက်ခိုက်ခံရလို့ သေဆုံးသွားရသူတွေကို အရိုအသေပြုဖို့၊ အဲဒီလို အတိုက်အခိုက်ခံရလို့ ပျက်စီးသွားတဲ့ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦး နေရာဆီကို သွားရောက်ဖို့အတွက် အမေရိကန် သမ္မတ အိုဘားမား (Barack Obama) နယူးယောက်ခ်မြို့ကို ဒီနေ့ သွားရောက်မှာ ဖြစ်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဦးဆောင်လုပ်ခဲ့သူ ဆိုတဲ့ အယ်လ်ခိုင်းဒါးကွန်ရက် ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို အမေရိကန် တပ်ဖွဲ့တွေ ပါကစ္စတန်နိုင်ငံမှာ တိုက်ခိုက် သတ်ပစ်လိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ မစ္စတာ အိုဘားမား ဒီခရီးစဉ်ကို သွားရောက်တာ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ် အယ်လ်ခိုင်းဒါး တိုက်ခိုက်မှုမှာ သေဆုံးသွားသူတွေအတွက် ပန်းခွေချမယ်၊ သေဆုံးသူတွေရဲ့ အမျိုးအဆွေတွေနဲ့လည်း သမ္မတက သီးသန့် တွေ့ဆုံဖို့ ရှိပါတယ်။



ပြည်မြို့ မျိုးသုခ ဆေးခန်း တာဝန်မဲ့မှု အရေးယူရန် ဝန်ကြီးအမိန့် စောင့်နေရ
သင်းအောင် Thursday, 05 May 2011 10:36


ပြည်မြို့ရှိ ပုဂ္ဂလိက ဆေးခန်းကြီးဖြစ်သည့် မျိုးသုခ အထူးကု ဆေးခန်း၏ တာဝန်မဲ့မှုကြောင့် သေဆုံးခဲ့သူ ကိုနေဇာမင်း (၃၄ နှစ်) နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆေးကောင်စီမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သော်လည်း ၂ လကျော်သည်အထိ ရဲအရေးပိုင်အမှုအဖြစ် လွှဲပြောင်းပေးခြင်း မရှိသေးကြောင်း သေဆုံးသူ၏ဖခင် ဦးမောင်မောင် က ပြောသည်။

ဦးမောင်မောင်က “ဒီအမှုကို စွဲချက် မတင်သေးလို့ ပြည်မြို့ အမှတ် (၂) ရဲစခန်းကို လှမ်းမေးတယ်။ မြန်မာနိုင်ငံ ဆေးကောင်စီရဲ့ ညွှန်ကြားချက် တစုံတရာ မရရှိသေးလို့ အခက်အခဲ ရှိနေကြောင်း ပြန်ကြားပါတယ်။ ဒါနဲ့ ပြည်မြို့ ကျန်းမာရေးတာဝန်ခံကိုမေးတော့ ဖေဖော်ဝါရီ ၉ ရက်နေ့ကတည်းက စစ်ဆေးချက်တွေ ပေးပို့ပြီးဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီး ခွင့်ပြုမှ ဆေးကောင်စီရဲ့ စစ်ဆေးချက် မှတ်တမ်းမိတ္တူတွေကို ရဲလက်ထဲ ပေးပို့မှာ ဖြစ်ပါတယ်လို့ သိရတယ်” ဟု ဆိုသည်။

ယခု သမ္မတ ဦးသိန်းစိန် အစိုးရတွင် ပြည်ထောင်စု ကျန်းမာရေး ဝန်ကြီးမှာ ဒေါက်တာ ဖေသက်ခင်ဖြစ်သည်။

ကိုနေဇာမင်းသည် အသည်းရောင် အသားဝါဖြစ်သဖြင့် ပြည်မြို့မှ သမားတော်ကြီး ဒေါက်တာ ခင်မောင်ညွန့်၏ ကိုယ်ပိုင် ဆေးခန်းတွင် ပြသခဲ့သည်။ ဆရာဝန်ကြီးက အခြေအနေ ကောင်းသည်ဟု ပြောဆိုပြီးနောက် ဆရာဝန်ကြီးပင် ထိုင်သည့် တခြားအထူးကုဆေးခန်းဖြစ်သော မျိုးသုခ ဆေးခန်းတွင် ဇန်န၀ါရီ ၉ ရက် မနက်ပိုင်းတွင် တင်ခဲ့သည်။

သူနာပြုများနှင့် တာဝန်ကျဆရာဝန်က မကြပ်မတ်ခြင်း၊ မသင့်လျော်သည့် ဆေးဝါးများ ပေးခြင်းကြောင့် နောက်တနေ့ နံနက်တွင်
လူနာသည် တာဝန်ကျ တဦးတယောက်မှ အနီးနား မရှိဘဲ ကွယ်လွန်ခဲ့သည်။ ထို့နောက် ဆေးရုံအုပ် ဆရာဝန်ကြီး၊ မန်နေဂျာ၊ ဓာတ်ခွဲခန်းမှူး၊ တာဝန်ကျသူနာပြုများနှင့် ဆေးခန်းပိုင်ရှင်တို့က လာရောက်ကန်တော့ တောင်းပန်သော်လည်း မိဘများက လက်မခံဘဲ တရားစွဲဆိုရန်ပြင်ဆင်ခဲ့ပြီး မြန်မာနိုင်ငံ ဆေးကောင်စီသို့လည်း တိုင်းကြားခဲ့ခြင်း ဖြစ်သည်။

ဦးမောင်မောင်က “ဖေဖော်ဝါရီ ၅ ရက်မှာ မြန်မာနိုင်ငံ ဆေးကောင်စီအဖွဲ့ ပြည်မြို့ ရောက်လာတယ်။ တိုင်းကျန်းမာရေးရုံးမှာ ပြည်မြို့ တိုင်းကျန်းမာရေးမှူး ဒေါက်တာ ထွန်းအောင်ကြည် အပါအ၀င် တာဝန်ရှိသူတွေ ကျနော်တို့ကို ခေါ်ယူ စစ်ဆေးခဲ့ပါတယ်” ဟု ပြောသည်။

မျိုးသုခ အထူးကု ဆေးခန်းမှ သေမှုသေခင်း ကိစ္စသည် ယခုနှစ် ဇန်နဝါရီလ ၂၇ နေ့တွင် ပြည်ပအခြေစိုက် ဧရာဝတီ သတင်း ဌာန၌ ဖော်ပြပါရှိလာခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုဖြင့် ယခုကဲ့သို့ ရှေးဦးစစ်ဆေးမှု လာရောက်ပြုလုပ်ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးကောင်စီမှ ထိုစဉ်က ပြောကြားခဲ့သည်ဟု သိရသည်။

ယင်းသို့ စစ်ဆေးစဉ် မျိုးသုခ ဆေးခန်း တာဝန်ရှိသူ သမားတော်ကြီး ဒေါက်တာ ခင်မောင်ညွန့်က လူနာအား Ceftriaxone ဆေး သုံးစွဲရန် ညွှန်ကြားခြင်းမရှိဟု ထွက်ဆိုခဲ့သည်။ သို့သော် အခင်းဖြစ်ပွားရာနေ့တွင် တာဝန်ကျသော ဆရာဝန်၊ သူနာပြုများကမူ ဒေါက်တာ ခင်မောင်ညွန့် ညွှန်ကြား၍ အဆိုပါဆေး သုံးခဲ့ရသည်ဟု ခြားနားစွာ ထွက်ဆိုခဲ့ကြသည်။

လူနာအတွက် အဆိုပါဆေး သုံးစွဲခဲ့မှုနှင့် ပတ်သက်၍ ပြည်မြို့မှ အထူးကုသမားတော်ကြီးတဦးကမူ “သေဆုံးသူရဲ့ ဆေးမှတ်တမ်း၊ ငွေသွင်းပြေစာတွေမှာ Ceftriaxone IV ဆေးကို အကြိမ်ကြိမ် သုံးစွဲထားတယ်လို့ ဖော်ပြထားတယ်။ ဒီဆေးဟာ အသည်း၊ ကျောက်ကပ် မကောင်းသူတွေ မသုံးသင့်ကြောင်း Myanmar Phamacetical Index 2010 - Pg.22 မှာ သတိပေးဖော်ပြထားတယ်” ဟု ထောက်ပြသည်။

သေဆုံးသူ၏ ဖခင် ဦးမောင်မောင်က “ဆေးရုံ ဆေးခန်းရောက်ပြီး နာရီ ၂၀ အတွင်း တာဝန်ကျဝန်ထမ်းတွေရဲ့ တာဝန်မဲ့မှု၊ မတည့်တဲ့ဆေးဝါးတွေ သုံးစွဲခဲ့မှုကြောင့် လူနာဟာ မသေသင့်ဘဲ သေဆုံးခဲ့ရတယ်။ အဲလို သေဆုံးခဲ့ရင် ဆေးရုံ လုပ်ထုံးလုပ်နည်း အရ ၂၄ နာရီအတွင်းမှာ ရင်ခွဲ စစ်ဆေး (Post-Mortem) ရမယ်။ ဒါပေမယ့် ကျနော့်သား သေဆုံးပြီးချိန်မှာ Post-Mortem မလုပ်ဘဲ အလောင်းကို ပြန်သယ်ခွင့်ပေးခဲ့တာဟာ မရိုးသားမှုပဲ” ဟု ထင်မြင်ချက်ပေးသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်တွင် အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူများနှင့် မှုခင်းဆရာဝန်ကြီးတို့က သရက်မြို့သင်္ချိုင်းရှိ ကွယ်လွန်သူ၏ အုတ်ဂူကို ဖွင့်ဖောက်ကာ Post-Mortem ပြုလုပ် စစ်ဆေးပြီး အသည်းခြောက်ကြွေ၍ သေဆုံးခြင်း မဟုတ်ဟု မှုခင်းဆရာဝန်ကြီးက မှတ်ချက်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မျိုးသုခ ဆေးခန်း ကျသင့်ငွေပြေစာတွင် လူနာအား အသက်ကယ်ဆေး သုံးစွဲခဲ့ကြောင်း ဖော်ပြခြင်း ရှိ မရှိ တခြား သမားတော်တဦးအား ပြသအကူအညီတောင်းခံရာ တန်ဖိုးကြီးမြင့်၍ အာနိသင်ထက်မြက်သော အသက်ကယ်ဆေးများ သုံးစွဲခဲ့ခြင်း မရှိဟု အဖြေပေးခဲ့ကြောင်း ဦးမောင်မောင်က ပြောသည်။

လူနာအား သေစေရန် ပူးပေါင်းကြံစည်ခဲ့သည်ဟူသော ယူဆချက်ဖြင့် မျိုးသုခ ပုဂ္ဂလိက ဆေးခန်း တာဝန်ရှိသူတို့အား သေဆုံးသူ၏ မိဘများက (ပ) ၃၉/၂၀၁၁ ပြစ်မှု ၃၀၄ (က) ဖြင့် အမှတ် (၂) ရဲစခန်း၌ အမှုဖွင့် တရားစွဲဆိုထားသည်။

ထို့အပြင် နိုင်ငံတော် သမ္မတ၊ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ကျန်းမာရေးဝန်ကြီးနှင့် ရဲချုပ်တို့ထံသို့လည်း ဧပြီ ၂၉ နေ့စွဲဖြင့် တိုင်ကြားစာများ ပေးပို့ထားသေးကြောင်း သိရသည်။

၂၀၀၉ ခုနှစ် အောက်တိုဘာလ အတွင်းကလည်း ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးခန်း (SSC) တွင် သေဆုံးခဲ့သော အသက် ၁၅ နှစ်အရွယ် မခိုင်ရွှန်းလဲ့ရည်ကို ခွဲစိတ်ကုသခဲ့သည့် ဆရာဝန်ကြီး ဒေါက်တာ ကြည်စိုးအား တာဝန်မယူမှု၊ မှားယွင်းကုသမှု နှင့် ဆုံးဖြတ်ချက် မှားယွင်းမှု ဟူသော ပြစ်ချက် ၃ ရပ်ဖြင့် မြန်မာနိုင်ငံ ဆေးကောင်စီက ဆေးကုသခွင့် ၅ နှစ် ပိတ်ပင်ခဲ့ဖူးသည်။