Sunday, April 17, 2011

အာဏာလုပွဲအစ




April 11, 2011,

တပ်ချုပ်က လူကြမ်းကြမ်း ချလို့ရအောင် လွှတ်တော်နဲ့ အစိုးရသစ်ကို လွှဲမပေးခင်ကတည်းက နေပြည်တော် ကြိတ်ဝိုင်းတွေမှာ ဘယ်သူ့ကို ဘယ်လို ချရမယ်ဆိုတာ ကြိုတင်ပြင်နေကြပြီလို့ သိရပါတယ်။ စစ်တပ်ရဲ့ အစိုးရသစ်မှာ အဓိက အရေးကြီး တာကတော့ ကထစမှူးနဲ့ တိုင်းမှူးတွေကို ဘယ်သူက ဩဇာ လွှမ်းနိုင်မလဲ ဆိုတာနဲ့ ငွေကြေး တိုးပွားနိုင်မူကို ဘယ်သူက ကြိုးကိုင်မလဲ ဆိုတာ အာဏာလုပွဲရဲ့ မဟာဗျူဟာ လိုအပ်ချက်လို့ ပြောရပါလိမ့်မယ်။

တပ်ချုပ်က အစိုးရနဲ့ လွှတ်တော်ကိုတော့ အုပ်စုလေးတွေကို ပေးလိုက်ပေမယ့် စစ်တပ်ကိုတော့ ငါအောက်မှာပဲ ရှိပါစေ၊ တပ်ချုပ်ကြီးနဲ့ ဒုချုပ် ဦးအေးတို့က အရံတပ်ဖွဲ့နောက်ခံနဲ့ ကိုမင်းအောင်လှိုင်ကို ဗိုလ်ချုပ်ကြီးအနေနဲ့ ကျေနပ်စေလိုက်ပါတယ်။ ကိုမင်းအောင်လှိုင်ခမျာ ဘယ်တော့မှ တပ်ချုပ်နေရာ ရနိုင်မယ်လို့ မယူဆတော့ဘူးလို့ သိရပါတယ်။ ပြဿနာက တပ်ချုပ်ရဲ့ ငါကလွဲရင် ဘယ်သူမှ မဖြစ်နိုင်စေရ ဆိုတဲ့ဟာပါ။ တပ်ကို တပ်ချုပ်က ပင်စင်ယူတယ်လည်း မပြော၊ နားမယ်လို့ မပြောတဲ့အတွက် တပ်ကို ဆက်ပြီးကိုင် ထားမယ်လို့ နားလည်ရပါတယ်။

ဒါကြောင့် ဖွဲ့စည်းပုံမှာကတည်းက တပ်နဲ့ အစိုးရကို ပြောင်ပြောင်ပဲ ခွဲရတာပါပဲ။ မင်းတို့ ဒီမိုကရေစီကို သွားနေကြပြီ၊ ဒါပေမယ့် တပ်မတော်ကတော့ ငါ့အိတ်ထဲမှာပဲလို့ မပြောရုံတမယ်ပါပဲ။

တပ်ချုပ်ရဲ့ နအဖ နုတ်ထွက်ပွဲ (အဲ) နူတ်ဆက်ပွဲနေ့က မျက်ရည် ကျပါတယ်တဲ့။ တပ်မတော်က ဘာတွေ လုပ်ခဲ့တယ်ဆိုတဲ့ သူ့ရဲ့မိန့်ခွန်းရှည်ကြီးမှာ ရပ်လိုက်၊ ပြောလိုက် မျက်ရည်ကျလိုက်နဲ့ အလွမ်းမင်းသားကြီး သန်းရွှေပါလို့ ဆိုကြပါတယ်။ အဖားလွန်တဲ့ ဝန်ကြီး တယောက်ကတော့ တပ်ချုပ် အရမ်း ခံစားသွားရတယ်လို့ ဂရုဏာသက်မိတယ်တဲ့။

တပ်ချုပ်ရဲ့ မျက်ရည်နောက်ကွယ်မှာ နအဖကို ငါ ဖျက်သိမ်းမှာ ဘယ်သူတွေ ပျော်နေသလဲလို့ ချောင်း မနေနိုင်ဘူးလား။ ဒါနဲ့ပဲ နအဖကို တခန်းရပ်၊ စစ်မင်းတွေ အရပ်သား အစိုးရဆန်ဆန်ပေါ့။ (ဒါတောင်မှ အရေးကြီးတဲ့ ပွဲတွေမှာ ကိုရွှေမန်းတို့၊ ကိုတင်အောင်မြင့်ဦးတို့ စစ်ဝတ်စုံ ဝတ်နိုင်ပါတယ်၊ ရာသက်ပန် ဗိုလ်ချုပ်ကြီး တွေပါလို့၊ မြန်မာနိုင်ငံမှာ မရှိသေး၊ မကြားဖူးတဲ့ ရာထူးသစ်တွေကို ထည့်ထွင် ပေးခဲ့တယ် မဟုတ်လား။)

ပွဲမစသေးပါ။ ပွဲကြမ်းဖို့ တာဆူနေသူကတော့ ရှစ်လုံးပါပဲ။ ပုပ္ဗသီရိ မြို့နယ်မှာ foundation တခု အပြင်းအထန် တည်ထောင်လိုက်ပါပြီ။ ကိုယ့်အိတ်ထဲက မဟုတ်ဘူးနော်။ ဘိန်းဘုရင်သားနဲ့ ရတာ အကုန်ယူ ဦးဇော်ဇော်တို့က ငွေကြေးစိုက်ထုတ်လိုက်တယ်လေ။ ဘောလုံးဥက္ကဋ္ဌလေးက ပုဗ္ပသီရိရပ်ကွက်ကို ကျကျနန ဖြစ်စေချင်ပါတယ်တဲ့။ ဘောလုံးကွင်း မဆောက်ပါ။ နိုင်ငံတော်ကို ဘယ်လို ဒုက္ခပေးရမယ်ဆိုတဲ့ စီမံကိန်းတွေ ချနိုင်ဖို့ ရှစ်လုံးနောက်လိုက် လက်ရွေးစင်တွေ ရွေးထုတ်ဖို့ပါတဲ့။ ဒေါ်လာသန်း ၂၀၀ လောက် သုံးမယ်တဲ့။

ဘောလုံးဥက္ကဋ္ဌလေးက ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလို့ သူနဲ့ သောက်ဖော်သောက်ဖက်တွေက ဆိုပါတယ်။ အာဏာကို ရေရှည်မှာ ရှစ်လုံးအတွက်ဖြစ်စေရန်ဆိုတဲ့ ရည်ရွယ်ချက်ပါ။ သမ္မတသစ်ရဲ့ ကျန်းမာရေး အခက်အခဲဖြစ်လာခဲ့ရင် ရှစ်လုံးအတွက် အချိန်မီ အာဏာရယူနိုင်ဖို့ လက်ရွေးစင်တွေ စပြီးရွေးနေတယ်လို့ ဆိုပါတယ်။

သူ့အတွက် အကျိုးမရှိရင် ဘယ်လုပ်မလဲဗျလို့ ကိုတေဇဆီက ခွဲထွက်ဖို့ ကြိုးစားနေတဲ့ သူကဆိုပါတယ်။ သူ့ရန်သူ ထောက်ခံမှုပေးထားတဲ့ ရှစ်လုံးကလည်း လေကြောင်းလိုင်းတွေကို ဘယ်လို လိုက်ပိတ်ရမလဲဆိုတာကို စီစဉ်နေတယ်လို့ ပြောပါတယ်။ ဘောလုံးဆရာလေးက လေကြောင်းလိုင်းတွေ ကိုင်ချင်နေပြီလို့ ယုံကြည်ရပါတယ်။ ဒါပေမယ့် ကိုတေဇကို အချုပ်ထဲထည့်ဖို့ ခက်အုံးမယ်လို့ ရန်ကုန်အကဲခတ်တွေက ဆိုပါတယ်။ ကိုတေဇက တပ်ချုပ်မိသားစု ပိုက်ဆံတွေကို တိုးအောင်ရှာပေးနေတာပါတဲ့။ ရှစ်လုံးကတော့ ကိုတေဇကို တော်တော် မျက်မုန်းကျိုးနေပြီလို့ ဆိုပါတယ်။ ပွဲတောင်မစရသေးဘူး၊ တပ်ချုပ်ရဲ့ မွေးစားသားလေးကို စတေးဖို့ ကြံနေပါပြီ။

စစ်တပ်နောက်ခံမရှိလည်း အကြောင်းမဟုတ်ပါ။ စစ်သားစစ်ဗိုလ်တိုင်း ပါးစပ်ပါဖို့ပဲ အရေးကြီးပါတယ်တဲ့။ ရှစ်လုံးရဲ့ အာဏာလုပွဲစဉ် (၁) မှာ ရှေ့တန်း ၂ ယောက်ကို ဘောလုံးဆရာနဲ့ ဘိန်းဆရာကို တရားဝင်မဟုတ်၊ ဒါပေမယ့် စီးပွားရေးတိုင်းကို ရှစ်လုံးက စီမံဆုံးဖြတ်၊ ရှေ့တန်း ၂ ယောက်က ဘက်ကန်ပါလို့ မှာတယ်တဲ့။

နအဖ တဖြစ်လဲ အရပ်သား အစိုးရရဲ့ ရက် ၉၀ ပျားရည်ဆမ်းခရီးမှာ ရှစ်လုံး ဗိုလ်ချုပ်ဟောင်း ခေါင်းဘယ်နှလုံးဖြတ်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။

ရှစ်လုံးဟာ ဦးအောင်သောင်းရဲ့ လူတွေကို ရန်ရှာဖို့များတယ်လို့ နေပြည်တော် အနီးကပ်များက ဆိုပါတယ်။ ဦးအောင်သောင်း လွှတ်တော်ထဲမှာ ကုတ်ကတ်နေရတာ သူ့သားလေး ရွှေတွင်းတူးမိရာက ချမ်းသာတာကို ရှစ်လုံး မတရားလုပ်မှာ စိုးလို့ဆိုပါတယ်။

ဦးအောင်သောင်းကို ရှစ်လုံးက ရုံးခန်းထဲပေးမဝင်တာ၊ နာရီဝက်နီးပါး မတ်တပ်ရပ်ခိုင်းထားတာ၊ သားတော်မောင် ချမ်းသာမှုတွေကို ဥပဒေနဲ့ ကင်းရဲ့လားလို့ စသုံးလုံး ညွှန်ချုပ်ကို ပြီးခဲ့တဲ့ လပိုင်းတုန်းက မေးခိုင်းတာတွေကို ပြန်ကြည့်ရင် ရှစ်လုံးအနေနဲ့ ဥပဒေထဲက တင်းကျပ်မှု အလေးထားပြီး တပ်ချုပ်ရဲ့ချမ်းသာသမျှတောင် ချန်ပါ့မလားလို့ စိုးရိမ်သူတွေက စိုးရိမ်နေလေရဲ့။

တပ်ချုပ်ကလည်း ရှစ်လုံး အေးဓားပြတိုက်ပြီး ဒု သမ္မတနေရာ ယူထားကတည်းက သတိတော့ထားတယ်လို့ ဆိုပါတယ်။ ပူပူနွေးနွေး သမ္မတကြီးက ကျန်တာတော့ မသိဘူး၊ တပ်ထဲတုန်းက လက်အောက် ငယ်သားတွေကို အပြစ်ရှာပြီး၊ အပြစ်ပေးတာ တော်လွန်းတယ်လို့ ဆိုပါတယ်။ ကိုသိန်းစိန်က ရှစ်လုံးကို တနည်းမဟုတ်တနည်း အပြစ်ရှာလိမ့်မယ်လို့ ဆိုပါတယ်။

ကိုသိန်းစိန်က ခေသူ မဟုတ်ပါ။ ရထားဝန်ကြီး ဦးအောင်မင်းကို ရှစ်လုံးတို့ အဖွဲ့ စောင့်ကြည့်ဖို့ တာဝန်ပေးထားတယ်လို့ ဆိုပါတယ်။

တပ်ချုပ်မျက်လုံး မမှိတ်သရွေ့ ဘာမှ မလုပ်ပါဘူးလို့ ရှစ်လုံးက တပ်ချုပ်ကို သစ္စာရှိကြောင်း တဖွဖွပြောနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တပ်ချုပ်မျက်လုံးမှိတ်ရင် သူ့မိသားစုကို ချမ်းသားပေးပါ့မလားဆိုတာ ဘုရားပဲ သိပါလိမ့်မယ်။

သေချာတာကတော့ အုပ်စုမရှိပေမယ့် အပြစ်ရှာတော်တဲ့သူကို သမ္မတ ပေးလိုက်တော့ အောက်က ဆရာများ ချောင်မယ်လို့တော့ မထင်ပါ။ ရထားဆရာကို အားကိုး၊ ပြည်ထဲရေး ဝန်ကြီးကို မျက်စိဖွင့် သတိအမြဲရှိနေဖို့ လွန်ခဲ့တဲ့ရက်တွေက အကြိုညှိနှိုင်းပွဲမှာ သမ္မတက ခံစစ်ကြောင်းနဲ့ တိုက်စစ်ကြောင်းကို ပြင်တယ်လို့ ဆိုပါတယ်။
ကာချုပ် မင်းအောင်လှိုင်ကို ရှစ်လုံးက သူ့ရဲ့ foundation အကြောင်းပြောပြီး စစည်းရုံးနေပြီလေ။ ငွေအားနဲ့ တပ်အား ပေါင်းနိုင်ရင် အရေးကိစ္စ အောင်နိုင်တယ်လို့ ဆိုပါတယ်။ ကိုရွှေမန်းတို့ကတော့ လွှတ်တော် ဥက္ကဋ္ဌဆိုတော့ လွှတ်တော်နားရက် ဂေါက်ရိုက်ဖို့ လောက်ပဲ အလုပ်များမယ်ဆိုပါတယ်။ ပြည်ခိုင်ဖြိုးကို ဦးစီးနိုင်ရင်တောင်မှ အိမ်ကွင်းရော အဝေးကွင်းရော ခြေသာနေတဲ့ ရှစ်လုံးကို ရှုံးနေပြီလို့ ယူဆနိုင်ပါတယ်။

၂၀၁၁ ကနေ ၂၀၁၅ အထိ မြန်မာပြည်မှာ ဘောလုံးဆရာလေး အချမ်းသာဆုံးဖြစ်မယ်လို့ စီးပွားရေး ရပ်ကွက်က ဆိုပါတယ်။ ကိုထွန်းမြင့်နိုင်ကိုလည်း ချန်မထားပါ။ ဖြစ်နိုင်ရင် ရှစ်လုံးက နိုင်ငံခြားရေးဝန်ကြီးလောက် ဖြစ်စေချင်တာပေါ့။ အတွေ့အကြုံ နိုင်ငံတကာ စည်းပွားရေး ဝယ်လက်တွေနဲ့ ဆက်ဆံတဲ့နေရာမှာ အင်မတန်မှ အထင်ကြီးစရာကောင်းတဲ့လူလို့ ရှစ်လုံးက သူ့လုပ်ဖော်ကိုင်ဖက်တွေကို ပြောဖူးတာကိုး။

ချုပ်လိုက်ရင်တော့ ရှစ်လုံးက အိမ်ကွင်းမှာ ကစားရတော့ ပစ်မှတ်ဖြစ်လာနိုင်သူတွေက ဦးအောင်သောင်း သား၊ တပည့်များနဲ့ ထူးက သင်္ဘောသားတဖြစ်လဲ အရာရှိကြီးများလို့ ဆိုပါတယ်။

အုပ်ချုပ်ရေးအသစ်မှာ ငွေခင်းနိုင်မှ အခြေခံတွေ တည်ဆောက်နိုင်မှာဆိုတော့ ငွေခင်းပေးမယ့် ထောက်ပို့ ဆရာများကို အရင် ရှင်းရေးပဲလို့ ဆိုပါတယ်။ မြန်မာအလင်း သတင်းစာမှာ ဆက်ကြည့်ကြပါစို့။

ဧရ၀တီမှကူးယူတင်ပြသည်။