မကြာသေးမီက ကျမ်းသစ္စာ ကျိန်ဆိုပြီးသော သမ္မတသစ် ဦးသိန်းစိန်ကို ပထမဆုံးသော ပြည်ပကိုယ်စားလှယ်အဖြစ် တရုတ်နိုင်ငံမှ ထိပ်တန်းခေါင်းဆောင် နံပတ် ၄ အဆင့်ရှိ မစ္စတာ ကျာ ချင်းလင်က ယမန့်နေ့တွင် လာရောက်တွေ့ဆုံသည်။ ဧပြီလ ၂ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသော တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်နှင့် တရုတ်နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ရင့် ၁၁ ကြိမ်မြောက် အမျိုးသားကော်မတီ ဥက္ကဋ္ဌ မစ္စတာ ကျာ ချင်းလင် သည် ယမန်နေ့က သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ အဆင့်မြင့် ဆက်ဆံရေး တိုးမြှင့်သွားရေး၊ တရုတ်-မြန်မာ နယ်စပ်ကိစ္စနှင့် စီးပွားရေးဖွံ့ဖြိုးရေးကိစ္စများကို ဆွေးနွေးကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားသည်။ “မြန်မာအစိုးရသစ်အနေနဲ့ တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် တည်ငြိမ်တဲ့ ပတ်ဝန်းကျင် ဖန်တီးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု မစ္စတာ ကျာ ချင်းလင်က ထုတ်ဖော်ပြောဆိုကြောင်း ဆင်ဟွာသတင်းဌာနက ကိုးကားဖော်ပြသည်။ မြန်မာအစိုးရသစ် တက်လာသော်လည်း တရုတ်အပေါ် မြန်မာနိုင်ငံ၏ မူဝါဒများ ပြောင်းလဲခြင်းမရှိဟု မြန်မာ သမ္မတသစ်က အတည်ပြုကြောင်း၊ အဓိကကျသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း တရုတ်မီဒီယာများက ရေးသားကြသည်။ သို့သော် အစိုးရထိန်းချုပ်သော မြန်မာ သတင်းစာများကမူ “မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးကို အဟန့်အတားဖြစ်စေသည့် လုပ်ရပ်မှန်သမျှ တရုတ်နိုင်ငံက ဆန့်ကျင်” မည်ဟု ပြောကြောင်း အသားပေးဖော်ပြထားသည်။ တရုတ်နှင့် မြန်မာသည် နိုင်ငံရေးနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နေကြသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သော်လည်း နှစ်နိုင်ငံနယ်စပ်ရှိ မြန်မာ တိုင်းရင်းသားလူမျိုးစုများ အရေးနှင့် ပတ်သက်၍ မတူသော အမြင်များရှိနေကြောင်း နေပြည်တော် စစ်ဘက်အသိုင်းအဝိုင်းမှ သိရသည်။ နေပြည်တော်မှ အဆင့်မြင့်အရာရှိတဦးက တရုတ်-မြန်မာ နယ်စပ်ရှိ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) စသည့် တိုင်းရင်းသားတပ်ဖွဲ့များအရေးနှင့် ပတ်သက်၍ “ဟုတ်ပါတယ်၊ နယ်စပ်ပြဿနာဟာ တရုတ်အတွက် ခေါင်းခဲစရာဖြစ်ပါတယ်။ ဒီနယ်စပ် တိုင်းရင်းသားအရေးကို ကိုင်တွယ်ဖို့ တရုတ်ရဲ့အကူအညီလိုပေမယ့် တရုတ်က မပေးချင်ဘူး။ တရုတ်က မြန်မာအစိုးရကို ကိုယ့်ဟာကိုယ် ပြေလည်အောင် ဖြေရှင်းစေချင်နေတယ်” ဟု ပြောသည်။ ၂၀၀၉ ခုနှစ် သြဂုတ်လတွင် တရုတ်-မြန်မာနယ်စပ်ရှိ ကိုးကန့်အဖွဲ့ (ခေါ်) မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု တပ်မတော် (MNDAA) ကို နအဖစစ်အစိုးရက ထိုးစစ်ဆင်ခဲ့ရာတွင် ဒေသခံ တရုန်-ကိုးကန့် ၃ သောင်း ၇ ထောင်ကျော် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့သည်။ ထိုသို့ ထိုးစစ်ဆင်ပြီးနောက် တရုတ်-မြန်မာ နယ်စပ်အခြေစိုက် ကိုးကန့်အဖွဲ့နှင့် တခြားသော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည် နအဖစစ်အစိုးရက ကမ်းလှမ်းထားသော အပစ်အခတ်ရပ်စဲရေးနှင့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးတို့ကို ငြင်းပယ်ခဲ့သည်။ တရုတ်အဆင့်မြင့် ကိုယ်စားလှယ် မစ္စတာ ကျာ ချင်းလင်ကို သမ္မတ ဦးသိန်းစိန်အပါအဝင် ဒု သမ္မတနှင့် ကုန်သွယ်ရေးမူဝါဒကောင်စီ ဥက္ကဋ္ဌ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် စသူတို့က လက်ခံတွေ့ဆုံခဲ့သည်။ မစ္စတာ ကျာ ချင်းလင်သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့်လည်း သီးခြားတွေ့ဆုံခဲ့သည်။ တရုတ်ကိုယ်စားလှယ် အဖွဲ့သည် ယင်းတို့၏ ၄ ရက်ကြာ ခရီးစဉ်အတွင်း မြန်မာအစိုးရသစ်နှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် စာချုပ် ၅ ခုချုပ်ဆိုသည်။ ယင်းတို့အထဲတွင် တရုတ်နိုင်ငံက မြန်မာသို့ တရုတ် ယွန်ငွေ ဘီလီယံ ၃၀ ချေးငွေအောက်မှ ပထမအသုတ် ချေးငွေ သဘောတူစာချုပ်၊ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာစီးပွားရေး ဦးပိုင်လီမိတက်နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ သဘောတူညီချက်များပါဝင်သည်။ မစ္စတာ ကျာ ချင်းလင်သည် သူရ ဦးရွှေမန်း၏ ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်ပြီး မြန်မာခရီးစဉ်ပြီးလျှင် သြစတြေးလျနှင့် ဆာမိုအာ နိုင်ငံများသို့ ခရီးဆက်မည်ဖြစ်သည်။
Wednesday, April 6, 2011
အစိုးရသစ် နယ်စပ်အရေး ကိုင်တွယ်ရန် တရုတ်မျှော်လင့်
ရန်ကုန်တွင် ချိန်ကိုက်ဗုံး တွေ့
ဓာတ်သတ္တိကြွ ရေယိုစိမ့်မှု ဂျပန် တားဆီးနိုင်
April 5, 2011
ဂျပန်နိုင်ငံမှာ ငလျင်နဲ့ ဆူနာမီ ရေလှိုင်းဒဏ်တွေ ခံခဲ့ရလို့ ထိခိုက်ပျက်စီးနေတဲ့ ဖူကူရှီးမား (Fukushima) ခရိုင်က နျူကလီးယား စက်ရုံကနေ ယိုစီးပြီး ထွက်နေတဲ့ ရေဒီယို ဓာတ်သတ္တိကြွ ရေတွေကို ရပ်တန့်နိုင်ခဲ့ပြီလို့ ဂျပန် အရာရှိတွေက ပြောပါတယ်။ ဒီစက်ရုံကို တာဝန်ယူတဲ့ TEPCO ကုမ္ပဏီက ရေဒီယို ဓာတ်သတ္တိ ကြွမှုတွေ ယိုစိမ့် နေတာတွေကို ရပ်တန့်ဖို့ မနေ့က သူတို့ ကြိုးစား ခဲ့ကြတာ တိုးတက်မှု ရှိလာတဲ့အကြောင်း ဒီကနေ့ စောစောပိုင်းကပဲ ပြောပါတယ်။
အလုပ်သမားတွေက ရေဒီယို ဓာတ်သတ္တိကြွ ရေတွေ စီးတဲ့နေရာကို ခြေရာခံ လိုက်ကြည့်ပြီး ဖန်အရေကြည်ပြားကို မြေကြီးထဲကို ထိုးသွင်းပြီး တားဆီး ပိတ်ပင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ စက်ရုံက ထွက်လာတဲ့ ရေဒီယို ဓာတ်သတ္တိကြွ အိုင်အိုဒင်း ဓာတ်တွေက စက်ရုံနဲ့ ကပ်လျက်ရှိနေတဲ့ ပင်လယ်ထဲကို တချို့ ရောက်ကုန်ပါပြီ။ TEPCO ကုမ္ပဏီက စက်ရုံက ထွက်လာတဲ့ ရေဒီယို ဓာတ်သတ္တိကြွ ရေတန်ချိန် ၂,၈၀၀ လောက် ပင်လယ်ထဲကို သွန်ခဲ့ပြီးပြီလို့ ဆိုပါတယ်။ သူတို့ရဲ့ စမ်းသပ်မှုတွေအရ ရေဒီယို ဓာတ်သတ္တိကြွ အိုင်အိုဒင်း ဓာတ်ရဲ့ အဆင့်ဟာ ပြီးခဲ့တဲ့ စနေနေ့ကထက် စာရင် တနင်္လာနေ့မှာ ကျဆင်း လာခဲ့တယ်လို့ ဆိုပါတယ်။
ဂျပန်ရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်ကိုရီးယား နိုင်ငံကတော့ ဂျပန်က ရေဒီယို ဓာတ်သတ္တိကြွရေတွေ သူတို့ဆီ ရောက်လာမှာကို စိုးရိမ်တဲ့အကြောင်း ပြောနေပါတယ်။ အိန္ဒိယနိုင်ငံကတော့ ဂျပန်နိုင်ငံက တင်ပို့တဲ့ စားသောက် ကုန်တွေ အားလုံးကို ၃ လတိတိ ရပ်ဆိုင်း ထားပါတယ်။
ဂျပန် နိုင်ငံခြားရေး ၀န်ကြီးကတော့ ဂျပန်အနေနဲ့ နျူကလီးယား စက်ရုံက အခြေအနေတွေကို ကုလသမဂ္ဂရဲ့စည်းမျဉ်း စည်းကမ်းတွေအတိုင်း လုပ်ဆောင်မှာဖြစ်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းကိုလည်း အခြေအနေ တွေကို အသိပေး နေမယ်လို့ ဆိုပါတယ်။ အခု သူတို့ ပင်လယ်ထဲကို သွန်ထားတဲ့ ရေဒီယို သတ္တိကြွ ရေတွေက ကျန်းမာရေးအတွက် ချက်ချင်း ထိခိုက်နိုင်တဲ့ အခြေအနေ မရှိသေးဘူး၊ နိုင်ငံတကာ ရေပိုင်နက် ဆိုင်ရာ ဥပဒေကိုလည်း ချိုးဖောက်ရာ မရောက်သေးဘူးလို့ ဆိုပါတယ်။
စက်ရုံရဲ့ တောင်ပိုင်းက ငါးတွေမှာတော့ ရေဒီယို ဓာတ်သတ္တိကြွမှုတွေ ရှိနေတာကို ပထမဆုံး တွေ့ထားရပြီလို့တော့ ဂျပန်အစိုးရက ပြောပါတယ်။ ဂျပန်ဝန်ကြီးချုပ် နာအိုတို ကန် (Naoto Kan) ကတော့ အခုအဖြစ်အပျက်ကြောင့် ထိခိုက်ပျက်စီးမှု အားလုံးကို အစိုးရက အစအဆုံး တာဝန်ယူပါ့မယ်လို့ မနေ့ကပဲ ပြောခဲ့ပါတယ်။
voanews.comမှကူးယူတင်ပြသည်။
Tuesday, April 5, 2011
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရာထူးက နှုတ်ထွက်ပြီ
Sunday, April 3, 2011
တရုတ်နိုင်ငံရေး အတိုင်ပင်ခံဥက္ကဌ မြန်မာနိုင်ငံရောက်ရှိ
ဗိုလ်ချုပ်မှူးကြီး အာဏာစွန့်ပြီိလို့ NLD မယူဆ

01 ဧပြီ 2011 ,
မြန်မာနိုင်ငံမှာ တန်ခိုးအာဏာ အကြီးမားဆုံး ဖြစ်လာမယ့် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မပါဝင်ဘဲ
ဖွဲ့စည်းတယ်ဆိုတာ တွေ့ရပါတယ်။ ဒါဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အာဏာကို စွန့်လွှတ် လိုက်ပြီလို့ ဆိုနိုင်ပါသလား။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့
မဖြစ်နိုင်ဘူးလို့ ပြောကြား လိုက်ပါတယ်။ NLD ထိပ်တန်း ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဝင်းတင်က ဗွီအိုအေကို ပြောကြားခဲ့တာပါ။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ နိုင်ငံတော် သမ္မတရာထူး၊ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဥက္ကဌရာထူး၊ ကာကွယ်ရေး ဦးစီးချုပ် ရာထူးတွေကို လက်လွှတ်လိုက်တာဟာ
အာဏာကို စွန့်လွှတ်လိုက်ပြီလို့ ယူဆပါသလား ဆိုတဲ့ ဦးကျော်ဇံသာရဲ့ အမေးကို ဦးဝင်းတင်က အခုလိုစပြီး ဖြေခဲ့ပါတယ်။
“သူကတော့ ရာထူးတွေ တခုပြီးတခုတော့ လွှတ်ထားတာတော့ ဖြစ်ရင်ဖြစ်မယ်ပေါ့ဗျာ။ သို့သော် ဘာပဲပြောပြော ကျနော့် အထင်ကတော့ သူ့မှာ ကြံ့ခိုင်ရေး ပါတီမှာများ
သူ တခုခုများ ပါဝင်ပြီး နေမှာလားလို့ တွက်နေတယ်။ သူ လက်လွှတ်ရင် သူ့ကိုယ်သူလည်း မျောက် သစ်ခိုင်းလွတ် ဖြစ်တဲ့ ဟာမျိုးတော့ အဖြစ်ခံမှာ မဟုတ်ဘူးလို့ ကျနော်
တွေးနေမိတယ်။ ဆိုတော့ ဘယ်ပုံစံနဲ့များ ချိတ်တွဲ နေဦးမလဲ ဆိုတာတော့ သိပ်မှန်းလို့တော့ မရဘူးပေါ့ဗျာ။”
သူ့ရဲ့ လုံခြုံရေး အတွက် စိုးရိမ်လို့ သူတကယ် စွန့်လွှတ် ချင်ပေမဲ့လည်း သူ့ကို လူ့အခွင့် အရေး ချိုးဖောက်မှု၊ လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ ခုံရုံးတင်ဖို့
ဘာညာဆိုတာ နိုင်ငံတကာမှာ ကြိုးပမ်းမှု တွေလည်း ရှိနေပါတယ်။ အဲဒီတော့ သူဟာ ထွက်ပေါက် မရှိလို့များ တွယ်ကပ် နေရတဲ့သဘော ဖြစ်နေပါသလား ခင်ဗျ။ -
“အဲဒီလိုပဲ ပြောရမှာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကမ္ဘာကနေပြီးတော့ သူ့ကို အရေးယူမယ် ဆိုတာတွေတင် မကပါဘူး။ မြန်မာပြည်မှာလည်း သူ ဘယ်လွတ်နေမလဲ။
ဘာဖြစ်လို့လဲဆိုတော့ သူ ကျူးလွန်တဲ့ ပြစ်မှုတွေ ဆိုတာက မြန်မာလူမျိုးတိုင်း သိနေတာပဲ။ ဥပမာ - သူတို့ မိသားစုတွေ အခွင့်အရေးတွေ ယူခဲ့တာ၊ အရေးအခင်းတွေတုန်းက
ဘုန်းကြီး အရေးတော်ပုံတုန်းက ဟာမျိုးတွေ သတ်တာ ဖြတ်တာတွေဟာ မြန်မာလူမျိုးက ဘယ်မေ့မလဲဗျ။ ဒီနေ့ ပြောလို့ မဖြစ်လို့ မပြောတာသာ ရှိရမယ်။ ပြောစရာ ရှိတဲ့နေ့မှာ
ပြောလာမှာပဲ။ အဲဒီတော့ သူ့အဖို့ကတော့ အမှန်အတိုင်း ပြောရရင်တော့ လုံခြုံမှုက ဘယ်လိုမှ မရှိဘူး။ ကမ္ဘာကနေပြီးတော့ စွပ်စွဲနေတာ မဟုတ်လည်း မြန်မာပြည်မှာလည်း
သူ့မှာ လုံခြုံမှု မရှိဘူးလို့ပဲ ကျနော်ကတော့ အဲဒီလိုပဲ ပြောချင်ပါတယ်။”
အဲဒီလိုဆို သူ့ကို လုံခြုံမှု ပေးပြီးတော့ ထွက်ပေါက် ပေးနိုင်ရင် တိုင်းပြည်အတွက် ပိုမကောင်းဘူးလား ခင်ဗျ။ -
“အဲဒါကတော့ ဒီလိုရှိတယ်ဗျာ။ သူ့ကို ထွက်ပေါက်ပေးလိုက် ပေမဲ့လို့ သူ့ရဲ့ အသိုင်းအ၀ိုင်းနဲ့ သူက ကြီးစိုးခဲ့တာကိုး သူက။ ဂိုဏ်းဖွဲ့ပြီးတော့ ဆိုးသွမ်း ခဲ့တဲ့လူတယောက် အနေနဲ့
ကြည့်လို့ရှိရင် သူ့ကို ထွက်ပေါက် ပေးလို့ နိဗ္ဗာန်ပို့လည်း မထူးပါဘူး။ ကျန်တဲ့ သူကတော့ မြန်မာပြည်ကြီး တခုလုံးကို ငရဲလို ဖန်တီးတဲ့ ငရဲသားတွေကတော့ ကျန်နေဦးမှာပဲ
ဆိုတဲ့အခါကျတော့ ကျနော်ကတော့ အဲဒီလို မဖြစ်သင့်ဘူးလို့ ထင်တယ်။ အပြစ်ရှိရင် အပြစ်ခံရမှာပေါ့၊ အပြစ်မရှိရင်လည်း မရှိသလို လွတ်ရမှာပဲလို့ ကျနော်ကတော့ အဲဒီလိုပဲ တွေးပါတယ်။”
သူ လွတ်တာ မလွတ်တာထက် တိုင်းပြည်အတွက် ပိုမကောင်းသွားဘူးလား၊ ပိတ်ဆို့ နေတဲ့လမ်းတခု ပွင့်သွား မလားဆိုတာ စဉ်းစားပေးလို့ မရဘူးလား။ -
“ကျနော်ကတော့ အဲဒီလိုမထင်ဘူး။ ခုနကပြောသလိုပေါ့။ တိုင်းပြည်အတွက် ပွင့်သွားမလား ဆိုတာက၊ ကောင်းပြီ။ ဥပမာ ဆိုပါတော့ သူ့ကို အီဂျစ်က မူဘာရက်တို့ လုပ်သလို ကဲ - ကြွပေတော့
ဆိုပြီးတော့ ဘယ်ကိုပို့မလဲ။ ဘယ်ကိုပို့ပို့ တိုင်းပြည်ကတော့ သူကျူးလွန်ထားတဲ့ အပြစ်တွေက အများကြီးရှိတယ်လို့ ကျနော်ထင်တယ်။ သူနဲ့အတူ ခိုးဖော်ခိုးဖက်၊ ဆိုးဖော်ဆိုးဖက် ဆိုတဲ့ဟာတွေကလည်း
အများကြီးရှိနေတဲ့ အခါကျတော့ သူတယောက်တည်း ထွက်ပါ ဆိုယုံနဲ့ မြန်မာပြည်ကြီး ကောင်းရပါမယ်လို့တော့ ကျနော် မထင်ဘူး။”
ဂျပန်နျူကလီးယားအရေး အထူးစိုးရိမ်နေရဆဲ
01 ဧပြီ 2011
ဂျပန်နိုင်ငံက ရေဒီယိုသတ္တိကြွဓါတ်တွေ ပျံ့နှံနေတဲ့ ဖူကူရှီးမား နျူကလီးယား ဓါတ်အားပေးစက်ရုံရဲ့ အခြေအနေဟာ အခုထိ အထူးစိုးရိမ်ရတဲ့ အနေအထားမှာရှိနေတယ်လို့ ကုလသမဂ္ဂက သတ်မှတ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။ စက်ရုံ လုပ်သားတွေဟာ ငလျင်နဲ့ ဆူနာမီ ရေလှိုင်းဒဏ်ခံခဲ့ရတဲ့ စက်ရုံက အန္တရာယ်တွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစား နေကြဆဲပါ။ နျူကလီးယား ပြဿနာဖြေရှင်းရေးနဲ့ ပြန်လည် တည်ဆောက်ရေးတွေအတွက် ကုလသမဂ္ဂက အနီးကပ် ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ပဲလို့လည်း ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတကာအသိုက်အ၀ိုင်း အနေနဲ့ နျူကလီးယားအန္တရာယ် စိတ်ချရရေးဆိုင်ရာ စည်းမျဉ်း ဥပဒေနဲ့ အန္တရာယ် ကျရောက်ရင် တုံ့ပြန် ဆောင်ရွက်ရေး ဆိုင်ရာတွေကို တိတိကျကျ လိုက်နာဖို့ အပြန်အလှန် စစ်ဆေးမှုတွေ လုပ်ဖို့ပါ တောင်းဆို လိုက်ပါတယ်။ ရေဒီယို သတ္တိကြွဓါတ် ပါဝင်တဲ့ အမှုန်တွေဟာ စက်ရုံပတ်လည် ၁၈ မိုင်ဇုံထက် ကျော်ပြီး ပျံ့လွှင့်နေတာ တွေ့ရတယ်လို့ ကုလသမဂ္ဂ အနုမြူ စွမ်းအင်အဖွဲ့က သတိပေး လိုက်ပါတယ်။ ဒါပေမဲ့ စက်ရုံကနေ ၂၅ မိုင် အကွာမှာရှိတဲ့ ရွာတရွာမှာ စမ်းသပ်ကြည့်တာမှာ ရေဒီယို သတ္တိကြွဓါတ် ပါဝင်နှုန်း လျော့ပါး နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ နျူကလီးယား အန္တရာယ်ကြောင့် နေရပ်ကနေ ရွှေ့ပြောင်းပေးရသူတွေ အိမ်ပြန်နိုင်ဖို့ ချိန်အတော်ကြာ ဦးမယ်လို့ ဂျပန်အစိုးရ ပြောခွင့်ရ ယုခိုယိုအီတာနိုက ပြောပါတယ်။ တဆက်တည်းမှာပဲ စက်ရုံဝန်းကျင်က မြေအောက် ရေတွေမှာ ရေဒီယို သတ္တိကြွဓါတ် ပါဝင်နှုန်း အဆပေါင်းများစွာ မြင့်မား နေတယ်လို့ဆိုပါတယ်။ ဂျပန်ဝန်ကြီးချုပ် နာအိုးတိုးခန်ကတော့ တည်ဆောက်ရေးနဲ့ ပြန်လည် နေရာချထားရေးအတွက် အစိုးရ အသုံးစရိတ် ထပ်ပြီးချပေးဖို့ လုပ်ဆောင်မယ်လို့ ပြောပါတယ်။ ဒါ့အပြင် စက်ရုံ တာဝန်ခံ TEPCO ကုမ္ပဏီဟာ ဆူနာမီ ရေလှိုင်းဒဏ် ခံနိုင်တဲ့ ကာကွယ်ရေးစနစ် မထားနိုင်ဘူးလို့ ဝေဖန် ပြစ်တင်လိုက်ပြီး သတ်မှတ်ဇုံ ပြင်ပမှာ ဓါတ်ရောင်ခြည် စိတ်ချရတယ်လို့ အာမခံလိုက်ပါတယ်။
သတင်းရင်းမြစ် voanews.com/
