Wednesday, November 9, 2011

စစ်အာဏာရှင်စံနစ်ကို ဇာတ်သိမ်းစေခဲ့တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီး (ဆောင်းပါးရှင် မောင်မောင်ဝမ်း)

စစ်အာဏာရှင်စံနစ်ကို ဇာတ်သိမ်းစေခဲ့တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီး
(ဆောင်းပါးရှင် မောင်မောင်ဝမ်း)



ခေါင်းစဉ်ကို ရုတ်တရက်ကြည့်လိုက်တော့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းလိုလို ဘာလိုလိုနဲ့။ ဒါပေမယ့် ရိုးတိုးရိတ်တိတ် အဆင့်ထက် ကျော်လွန်တဲ့ တူညီမှုတွေရှိနေတဲ့ အာဖရိကတိုက်၊ လိုက်ဘေးရီးယားနိုင်ငံက အမျိုးသမီးသမ္မတ အယ်လင်ဂျွန်ဆင်ဆာလိ..ရဲ့ တစိတ် တဒေသပါ။ လိုက်ဘေးရီးယားနိုင်ငံရဲ့ သမိုင်းကလည်း စိတ်ဝင်စားဘို့ ကောင်းလှတယ်ဗျ။ ရင်ခုန်စရာတွေ၊ အသည်းယားစရာတွေ၊ ကြောက်စရာတွေအပြည့်နဲ့။ ယူတတ်မယ်ဆို သင်ခန်းစာတွေ တပုံကြီး။


၁၉၈၀ အထိ လိုက်ဘေးရီးယားနိုင်ငံဟာ တပါတီအုပ်ချုပ်ရေးပုံစံနဲ့ အုပ်ချုပ်တယ်။ ၁၉၈၀ မှာတော့ စစ်တပ်ကအာဏာသိမ်းယူပြီး အပြင်း အထန်နှိပ်ကွပ်မှုတွေ၊ သတ်ဖြတ်မှုတွေ အမြောက်အများကို ကျူးလွန်တော့တာပါပဲ။ စစ်အာဏာသိမ်းမှုကို ဦးဆောင်သူက ဆင်မြူရယ် ဒိုး ဆိုသူဖြစ်တယ်။သူဟာ အရင်အစိုးရလက်ထက် သမ္မတ ၀ီလျှံတွိုင်းဘတ်ဆိုသူအပါဝင် အစိုးရအဖွဲ့ဝင်တော်တော်များများကို လိုက်ဘေးရီးယားနိုင်ငံရဲ့မြို့တော် မွန်ရိုးဗီးယားဆိုတဲ့မြို့ရဲ့ ကမ်းခြေတခုမှာ သစ်လုံးတိုင်မှာ ကပ်တန်းစီပြီး သေနတ်နဲ့ပစ်သတ်လိုက်တယ်။ နောက်များမှာ လည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ လာဘ်ပေး လာဘ်ယူမှုတွေ၊ အာဏာအလွှဲသုံးစားလုပ်မှုတွေတပြုံကြီးကို ဆက်လက်ကျူးလွန်ရင်း တိုင်းပြည်ဟာ လုံးပါးပါးလာခဲ့တော့တယ်။ စစ်အာဏာသိမ်းခေါင်းဆောင် ဆင်မြူရယ်ဒိုးဟာ အရင်အစိုးရလက်ထက် သမ္မတဟောင်း နဲ့ အစိုးရအဖွဲ့ဝင်ဟောင်းတွေကို သတ်ဖြတ်ခဲ့တုန်းကများဆိုရင် အဲဒီညမှာ အောင်သေအောင်သား စားပွဲသဘင်တောင် ကျင်းပရင်း တရားသောစစ်ပွဲကိုဆင်နွဲခဲ့တဲ့စစ်သူကြီးတဦးပမာ ဂုဏ်ယူဝံ့ကြွားမှုအပြည့်နဲ့ပေါ့။


ဒီလိုနဲ့ ဆင်မြူရယ်ဒိုး အစိုးရအဖွဲ့ထဲက ချားတေလာဆိုသူကို သူက ဒေါ်လာတသန်း လာဘ်စားမှုနဲ့ ထောင်ချပစ်လိုက်တယ်။ ချားတေလာက ထောင်ကလွတ်လာတော့ လိုက်ဘေးရီးယားနိုင်ငံမှာ မနေတော့ပဲ နိုင်ဂျီးယားနိုင်ငံထဲကို ထွက်ပြေးသွားခဲ့တယ်။ လူသူလက်နက် စုဆောင်းပြီး ဆင်မြူရယ်ဒိုးကို တော်လှန်တော့တာပဲ။ အဲဒီမှာတင် လိုက်ဘေးရီးယားနိုင်ငံ ပြည်တွင်းစစ်ဟာ အကြီးအကျယ် စတင်ဖြစ်ပွားခဲ့တယ်။ ပြည်သူလူထု တရပ်လုံးကလည်း ဆင်မြူရယ်ဒိုးအစိုးရကို မကျေနပ်တော့ဘူး။ တော်လှန်သူ ချားတေလာကိုလည်း သွားလေသူ လစ်ဗျား ခေါင်းဆောင် ကဒါဖီက သွေးထိုးမြှောက်ပေးတယ်။ ချားတေလာရဲ့ လက်နက်ကိုင်တပ်တွေဟာ တဖြည်းဖြည်းနဲ့ လိုက်ဘေးရီးယားနိုင်ငံကို သိမ်းပိုက်လာရင်း ချားတေလာနဲ့ လက်တွဲဖော် မင်းသားဂျွန်ဆင်ဆိုသူက တခါ ချားတေလာနဲ့ လမ်းခွဲလိုက်ပြန်ရော။ ဒါပေမယ့် သူတို့နှစ်ဦးက သဘောထား မတူကြပေမယ့် ဆင်မြူရယ်ဒိုးကို တော်လှန်တဲ့နေရာမှာတော့ တပြိုင်နက်ထဲ တော်လှန်တိုက်ခိုက်ကြတယ်။ လိုက်ဘေးရီး ယားနိုင်ငံကြီးတခုလုံးဟာ စစ်တလင်းပြင် ဖြစ်ခဲ့ရတယ်လေ။ တနေ့မှာတော့ မင်းသားဂျွန်ဆင်ရဲ့ သူပုန်တပ်တွေက မြို့တော် မွန်ရိုးဗီးယားကို ၀င်တိုက်ခိုက်ရာက စစ်အာဏာရှင်သမ္မတ ဆင်မြူရယ်ဒိုးကို အရှင်လက်ရ ဖမ်းဆီးနိုင်ခဲ့တယ်။ ဒီတခါ အောင်သေအောင်သား အစားခံရသူက ဆင်မြူရယ်ဒိုး …။အခန်းကျယ်ကျယ်တခုမှာ မင်းသားဂျွန်ဆင်က စားပွဲခုံနောက်က ထိုင်ခုံပေါ်မှာထိုင်ရင်း ဘီယာသောက် အမြည်းစားမပျက် စကားတွေခြွေလို့ ယက်ခပ်ပေးသူနဲ့၊ မျက်နှာသုတ်ပေးသူနဲ့ သမ္မတဟောင်း ဆင်မြူရယ်ဒိုးခမျာ အ၀တ်စားမဲ့ ခန္ဓာကိုယ်ကို လက်ပြန်ကြိုးတုတ်ရင်း ကြမ်းပြင်ပေါ်မှာ ရာဇအိနြေ္ဒမရှိ၊ အရူးကြီးတယောက်လိုပဲ။



မင်းသားဂျွန်ဆင်ကိုလည်း မင်းသား မင်းသားနဲ့ခေါ်ရင်း ဆင်ခြေပေး နေရတာလည်း အမောသား။ ဒီလိုနဲ့ အပြန်အလှန်ပြောနေရင်းက မင်းသားဂျွန်ဆင်ရဲ့တပ်သားတွေက သမ္မတဟောင်း ဆင်မြူရယ်ဒိုးကို ဆွဲလှဲပြီး နားရွက် တဘက်ကို အစိမ်းလိုက်ဖြတ် သူ့ဗိုက်ပေါ် တင်ထားလိုက်တယ်။ ခန္ဓာကိုတခုလုံးကိုလည်း ဓါးနဲ့ခပ်ပါးပါးလိုက်မွှမ်း ရဲဘော်တွေက ခြေ ထောက်တွေနဲ့ သူ့ခေါင်းပေါ်သူ့ပုခုံးပေါ်ကိုတက်နင်းထားရင်း ဂုဏ်ယူလို့။ အပြုံးတွေကိုယ်စီနဲ့ (တခါက ဆင်မြူရယ်ဒိုးလည်း သူ့အရင် သမ္မတဟောင်းကို ဒီလိုသတ် ဒီလိုပျော်ခဲ့ဘူးပါတယ်) နောက်တော့ သတ်ပစ်လိုက်တယ်။ဆင်မြူရယ်ဒိုး ရက်ရက်စက်စက် အသတ်ခံလိုက်ရပြီး လိုက်ဘေးရီးယားနိုင်ငံကို ချားတေလာက ဆက်လက် အုပ်ချုပ်ခဲ့တယ်။ ချားတေလာက တခါ မင်းသားဂျွန်ဆင်နဲ့ တပ်ဖွဲ့တွေကို နှိပ်ကွပ်လို့ ပြည်တွင်းစစ်က မဆဲ။ မင်းသားဂျွန်ဆင်လည်း မနိုင်တော့တဲ့အဆုံး သူလည်း နိုင်ဂျီးရီးယားနိုင်ငံထဲကိုထွက်ပြေးခဲ့ရတယ်လေ။ အဲဒီရောက်တော့ သူတော်တော်တရားကျသွားပုံရတယ်။



ခရစ်ယာန်ဘာသာကို လေးလေး နက်နက်ခံယူယုံကြည်ပြီး ဘာသာရေးအဆုံးအမတွေနဲ့ ကျင့်ကြံနေထိုင်ခဲ့တယ်။ သူရက်စက်ခဲ့တဲ့ ဆင်မြူရယ်ဒိုးမိသားစုနဲ့ နိုင်ဂျီးရီးယားမှာ ဆုံလိုက်ရတဲ့အခါမှတော့ သူတော်တော် ကြေကွဲသွားတယ်လို့ စာထဲမှာ ဖတ်လိုက်ရပါတယ်။အာဏာရှင်ကို လက်နှက်ကိုင် ဆန့်ကျင်တော်လှန်ရင်း အာဏာရယူခဲ့တဲ့ ချားတေလာလည်း သူ့ထက်သူ လူစွမ်းကောင်း ဖြစ်လာတယ်လေ။ ပထမပိုင်းမတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဘာတွေ ကျင်းပပေးသေးတယ်ဗျ။



အဲဒီရွေးကောက်ပွဲမှာ အခုသမ္မတဖြစ် နေတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အဲလင်လည်း ၀င်ယှဉ်ပြိုင်ခဲ့သေးတယ်။ ဒါပေမယ့် သူမနိုင်ဘူး။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဆိုတာကိုတော့ နိုင်ငံတကာက လေ့လာသူများက ၀န်ခံခဲ့တယ်။ တဖြည်းဖြည်းနဲ့ ချားတေလာရဲ့အာဏာရှင်စရိုက်တွေဟာ တော်တော်ဆိုး လာတယ်။ သူလည်း ရှေ့က ဆင်မြူရယ်ဒိုးလို လူတွေအများကြီးသတ်၊ ထောင်ချ၊ ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့တာ (ဒီလိုလူကို လူထုက ဘာလို့ ထောက်ခံမဲတွေပေးပြီး နိုင်ငံတော်အကြီးအကဲအဖြစ် ရွေးချယ်ခဲ့တာလည်းဆိုတော့ သူ့ကိုသာအနိုင်မပေးရင် ပြည်တွင်းစစ်ဟာ နောက်တကျော့ ကြီးကြီးကျယ်ကျယ် ပြန်ဖြစ်လာမှာကို လူထုက သိနေတယ်လေ)။



လိုက်ဘေးရီးယားနိုင်ငံမှာ အဲဒီကာလများစွာက လူငယ်တွေရဲ့ခေါင်းထဲမှာစွဲနေတာ လက်နက်ရှိရင် အာဏာရှိတယ်။ တလက်ရှိရင် တလက်အာဏာ၊ နှစ်လက်ရှိရင် နှစ်လက်အာဏာ၊ အများကြီးရှိရင် အများကြီးအာဏာတည်တယ်တဲ့။ အာဏာရှိသူက အာဏာမဲ့သူကို အရာရာအနိုင်ကျင့်တယ်။ သူတို့နဲ့ အင်တာဗျူးတဲ့ဗွီဒိယိုကိုကြည့်လိုက်ရတဲ့အချိန်မှာ ကိုယ့်နိုင်ငံအတွက် ရတက်မအေးဖြစ်မိတာအမှန်ပဲ။ချားတေလာလက်ထက်မှာ ကမ္ဘာမှာနံမည်ကြီးတာ တခုရှိတယ်။ အဲဒါ ဘာလည်းဆိုတော့ လိုက်ဘေးရီးယားနိုင်ငံက ထွက်တဲ့စိန်ကို သွေးစွန်း နေသောစိန်များဆို သတ်မှတ်ပြီး သပိတ်မှောက်ခံရတာပါပဲ။ ချားတေလာရဲ့ တပ်သားတွေဟာ စိန်ထွက်ရာအရပ်တွေမှာ စိန်ရှာဖွေလို့ရတဲ့ နိုင်ငံသားတွေကို ပစ္စည်းလည်းယူ လူလည်းအပျောက်ရှင်း ဆိုတာမျိုးတွေ၊ လူတွေကို မတရားခိုင်းစေပြီး စိန်အရှာ ခိုင်းတဲ့အတွက် သေကြေ ကြတဲ့လူဦးရေဆိုတာ သိန်းနဲ့ချီရှိခဲ့ပါတယ်။ နောက်တော့ ချားတေလာကိုဆန့်ကျင်တဲ့ လက်နက်ကိုင်သူပုန်တွေက တိုက်ခိုက်ကြပြန်တော့ ပြည်တွင်းစစ်မီးဟာ တဟုန်ညီးညီး တောက်လောင်ရပြန်ရှာတယ်။ သူကလည်း ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ မတည့်ဘူး။ အဲဒီနိုင်ငံတွေကို ဆန့်ကျင် တဲ့အင်အားစုတွေကို သူက အထောက်အပံ့ပေးတယ်။



သူကိုယ်တိုင်ကလည်း ကဒါဖီလို နာမည်ဆိုးနဲ့ကျော်ကြားတဲ့သူရဲ့အထောက်အပံ့ တွေကို စဉ်ဆက်မပြတ်လက်ခံတယ်။ အဲဒီတော့ ပတ်ဝန်းကျင်နိုင်ငံတွေက သူ့ကိုအမြင်ကပ်လို့ ဆန့်ကျင်တဲ့သူပုန်အင်အားစုတွေကို အထောက်အပံ့ပြုတယ်။ သူပုန်အင်အားစုတွေက အင်အားကောင်းလာပြန်တယ်။ လိုက်ဘေးရီးယားရဲ့ပြည်တွင်းစစ်မီးမှာ ထပ်တခါ ပြည်သူတွေ အများအပြား သေကျေပျက်စီး၊ အငတ်ဘေးဆိုက်နဲ့ နိုင်ငံတကာငြိမ်းချမ်းရေးတပ်များအပါဝင် အကူညီတွေနဲ့ဝင်ရတဲ့အခြေနေကို ဆိုက်ရောက်လာတော့မှ ချားတေလာလည်း နိုင်ဂျီးယားနိုင်ငံဆီကို ထွက်ပြေးသွားတော့တယ်။



နိုင်ငံကို သူ့လက်အောက်က ဒုသမ္မတနဲ့လွှဲ ပြောင်းထားပေးခဲ့တယ်။ အာဏာရှင်ကို တော်လှန်ရင်း အာဏာရှင်တွေဖြစ်ကုန်၊ နောက်ထပ်အာဏာရှင်လုပ်ချင်နေသူများက ပြည်တွင်းစစ် ကိုဖန်တီးနဲ့ လိုက်ဘေးရီးယားနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲက တနိုင်ငံဖြစ်ခဲ့တယ်။ ချားတေလားလည်း နိုင်ငံတကာရာဇ၀တ်ခုံရုံး မှာ စစ်ရာဇ၀တ်မှုတွေနဲ့ တရားစွဲခံရပြီး ရင်ဆိုင်နေရတာ ခုထိပါပဲ။ တရားကျစရာတခုက နိုင်ငံတကာရာဇ၀တ်ခုံရုံးမှာတရားစွဲဆိုဘို့ သူ့ကို ဖမ်းဆီးပြီးပို့တော့ လေယာဉ်ပေါ်ကအဆင်းရိုက်ထားတဲ့ပုံထဲမှာ လက်ထိပ်ကလည်း ခပ်ထားခံရတော့ သူ့မျက်နှာဟာ ဇီးရွက်လောက်လေး ပဲရှိတယ်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အယ်လင်ဂျွန်ဆင်ဆာလိ

သူ့ကို တချို့က အယ်လင်လို့လည်းခေါ်တယ်။ တချို့ကတော့ ဆာလိလို့ ခေါ်ကြတယ်။ ပညာတတ် တယောက်ဖြစ်ပြီး၊ အမေရိကန် ဟားဗတ် တက္ကသိုလ်က စီးပွားရေးပညာရပ်နဲ့ မဟာဘွဲ့ရခဲ့သူဖြစ်တယ်။ သူက သမ္မတ ၀ီလျှံတွိုင်းဘတ် လက်ထက်မှာ ဘဏ္ဍာရေးဝန်ကြီး အဖြစ်တာဝန် ထမ်းရွက်ခဲ့ဘူးသူ။ ၁၉၈၀ မှာ စစ်အာဏာသိမ်းတော့ ဆင်မြူရယ်ဒိုးက သူ့ကိုဖမ်းဆီး ထောင်ချပစ်လိုက်တယ်။ ထောင်က လွတ်လာတော့လည်း အကြိမ်ကြိမ် နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်ခဲ့ရတယ်။ ဖိအားတွေအမျိုးမျိုးနဲ့ လိုက်ဘေးရီးယားနိုင်ငံထဲမှာ နေနေရစဉ် ဘယ်လိုမှ ကိုယ့်တိုင်းပြည်ကို နေလို့မရတဲ့ အကြောင်းတရားတွေက ပေါ်ပေါက်လာခဲ့တယ်။
ဒါတွေအားလုံးကို စစ်အာဏာသိမ်း ခေါင်းဆောင် ဆင်မြူ ရယ်ဒိုးက အကွက်ကျကျ ဖန်တီးခဲ့တာတွေပါ။ သူ့အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့အခြေနေထိ ဖြစ်လာခဲ့တယ်။

ဆင်မြူရယ်ဒိုးရဲ့တပ်သားတွေက သူမကို အဓမ္မပြုကျင့်ဘို့ထိ ကြိုးစားခြင်းခံခဲ့ရတယ်။ အားလုံးက သူမကိုဝိုင်းဖမ်းပြီး အဓမ္မကျင့်လုဆဲဆဲအချိန်မှာ သူမက ပြောလိုက် တယ် …။“ငါ မင်းတို့လက်ထဲမှာ ရောက်နေပြီ။ ငါ့မှာ ခုခံနိုင်တဲ့အင်အားလည်း မရှိဘူး။ ငါက မိန်းမသားပဲ။ ဒါပေမယ့် တခုတော့ ပြောပါရစေ။ ငါ့ကို မင်းတို့မိခင်တယောက်လို့ စဉ်းစားကြည့်ပေးစမ်းပါ …” ဒါနဲ့ သူလည်း မုဒိန်းကျင့်ခံရဆဲဆဲ အချိန်လေးက လွတ်မြောက်သွားခဲ့တယ်။ သူဆက်ပြီး လိုက်ဘေးရီးယားနိုင်ငံထဲမှာ ဆက်လက် နေထိုင်လို့ မရနိုင်တော့ဘူးဆိုတာ သဘောပေါက်ခဲ့တယ်။ ဒါ့ကြောင့် ပြည်ပကို ထွက်ပြေး တိမ်းရှောင်လာပြီး ပြည်ပြေးဘ၀ကို ရောက်သွားတယ်။

ပြည်ပမှာ နေထိုင်နေစဉ် ကာလတွေအတွင်းမှာ ကမ္ဘာ့ဘဏ်နဲ့ ကုလသမဂ္ဂမှာ အဆင့်မြင့် တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။ စစ်အာဏာရှင် ဆင်မြူရယ်ဒိုးကို တော်လှန်နေတဲ့ နောက်ထပ် အာဏာရှင်ဖြစ်လာမဲ့ ချားတေလာကို သူမက အထောက်အပံ့တွေ အကူညီတွေပေးခဲ့ ဘူးတယ်။ ချားတေလာ အာဏာရလာပြီး ၁၉၉၇ မှာတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးပါမယ်ဆိုလို့ ပြန်လာပြီး မဲဝင်ရောက် အရွေးချယ်ခံရာမှာ ဒုတိယမြောက် မဲအများဆုံး ရရှိသူဖြစ်ခဲ့တယ်။ ဒါပေမဲ့ ချားတေလာက သူမဟာ သူ့ရဲ့အာဏာကို ခြိမ်းခြောက် နေသူတစ်ယောက် ဖြစ်တယ်လို့ ယုံကြည်ခဲ့အပြီး၊ သူမကို ဖိအားတွေ အမျိုးမျိုး ပေးလာပြန်တယ်။ ထုံစံအတိုင်း အသက်အန္တရာယ် အထိပါ နီးစပ်လာတဲ့အတွက် တိုင်းပြည်က ထွက်ခွာခဲ့ရပြန်တယ်။ အဲဒီကာလတွေမှာ အိုင်ဗိုရီကို့စ်နိုင်ငံမှာနေထိုင်ခဲ့ပြီး လိုက်ဘေးရီးယားနိုင်ငံ အာဏာရှင်လက်အောက်က လွတ်မြောက်ဘို့နဲ့ ပြန်လည် ထူထောင်ရေးတွေလုပ်ဘို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်ခဲ့တယ်။

သူ့ကို နိုင်ငံတ၀ှမ်းမှာရှိတဲ့ အထူးသဖြင့် အမျိုးသမီးထုကြီးက အလွန်မှ ချစ်ခင်ကြတယ်။အာဏာရှင် ချားတေလာ တိုင်းပြည်မှ စွန့်ခွာထွက်ပြေးပြီး အမျိုးသားအသွင် ကူးပြောင်းရေးအစိုးရကို ဖွဲ့စည်းခဲ့တယ်။ အဲဒီ အစိုးရအဖွဲ့မှာ သူမကို အစိုးရပြန်လည် ပြုပြင်ရေးကော်မရှင်ရဲ့ ဥက္ကဌအဖြစ် ခန့်အပ်ခြင်းခံရတယ်။ အာဏာအလွဲသုံးစား လုပ်မှုတွေ၊ တိုင်းပြည်ချစားမှုတွေ၊ အထွေထွေ ဆင်းရဲကြပ်တည်းမှုတွေကို ကျော်လွန်ဘို့ နေ့မအားညမအား လုပ်ဆောင်ခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာတော့ အောင်မြင်စွာ လုပ်ဆောင်နေတဲ့ အဲဒီ့အဖွဲ့ကနေ နှုတ်ထွက်လိုက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူမဟာ သမ္မတအဖြစ် အရွေးချယ်ခံဘို့ ဆုံးဖြတ်လိုက်ပြီ။ရွေးကောက်ပွဲ စည်းရုံးရေးကာလတွေမှာ သူမပြောခဲ့တဲ့ စကားတွေဟာ စိတ်ဝင်စားစရာ အလွန်ကောင်းလှပါတယ်။ လိုက်ဘေးရီးယားရဲ့ ၁၄နှစ်တာ ပြည်တွင်းစစ် ကာလများမှာ အာဏာရှင်ကိုမကြိုက်လို့ တော်လှန်ရင်း အာဏာရှင် ပေါ်ပေါက်ခဲ့ရတယ်။ တိုင်းပြည်စစ်တလင်း ဖြစ်ခဲ့ရတယ်။ တိုင်းပြည်ဟာ အထွေထွေ အကြပ်အတည်းတွေနဲ့ ရင်ဆိုင် နေရဆဲပဲဖြစ်တယ်။ လျှပ်စစ်မီးဆိုတာမရှိဘူး။

ရေသွင်းရေနှုတ် မြောင်းစနစ်ဆိုတာမရှိဘူး။ ဆေးရုံတွေ စာသင်ကျောင်းတွေ ဆိုတာလည်း ပျက်စီးနေပြီ။ အဲဒီတော့ ကျမတို့ အာဏာရှင်စံနစ်ဆိုးကို မြေမြှုပ် သဂြိုလ်ပစ်ရမယ်။ ဒီလိုလုပ်ဘို့ဆိုတာ အကြမ်းဖက်တဲ့ စံနစ်နဲ့ သွားလို့မရဘူး။ အကြမ်းမဖက်တဲ့ စံနစ်နဲ့ သွားမှရမယ်။ ကျမ သင်ခန်းစာရ လိုက်တာက အကြမ်းဖက် တော်လှန်တိုင်း အာဏာရှင်ပြန်ဖြစ်တယ်ဆိုတဲ့ သာဓကပဲ။ ဒါကို ကျမလက်မခံတော့ဘူ။ အကြမ်းမဖက်တဲ့ လမ်းစဉ်နဲ့ ဒီမိုကရေစီကို ထူထောင်မယ်။ တိုင်းပြည်ကို ထူထောင်မယ်။ နိုင်ငံသားတွေဘ၀ လုံခြုံအောင်စီမံမယ်။ ကျမကို ချစ်တဲ့သူတွေသာ လျှင်မကဘူး။ မုန်းတဲ့သူတွေ အတွက်လည်း တိုးတက်နိုင်ရေးကို ဦးတည်မယ်။ အားလုံး … အားလုံး …လိုက်ဘေးရီးယားနိုင်ငံသူ၊ နိုင်ငံသားတွေ အားလုံးအတွက် ကျမကြိုးစားချင်တယ်။

အရေးကြီးဆုံး တချက်က အာဃာတတွေ ဖယ်ဖျောက်ပါ။ ဒါအလုပ်မဖြစ်ဘူး။ အပြန်အလှန် သတ်ဖြတ်မှုတွေ အလုပ်မဖြစ်ဘူး။ တိုင်းပြည် နစ်နာလှပါတယ်။ ဒီလိုပြောလိုက်လို့ ကျမက မစာမနာ ပြောတယ်လို့ မယူဆပါနဲ့။ ကျမ ကိုယ်တိုင်လည်း ဘယ်လောက်ထိ နစ်နာခဲ့တယ်ဆိုတာ အားလုံးသိပါတယ်”သမ္မတလောင်းအတွက် မဲဆွယ်စည်းရုံးရေး ခရီးစဉ်တလျှောက်မှာ သူမကိုအားပေးကြတဲ့ ပရိတ်သတ်ကြီးဟာ ကြောက်ခမန်းလိလိပါပဲ။ လူထုဟာ သူမကို အားကိုးတယ်။ ဒါပေမဲ့ ဒီကြားထဲမှာ ချားတေလာ လက်ထက် အသတ်ခံခဲ့ရတဲ့ မိသားစုဝင်တွေဟာ ချားတေလာ ကိုထောက်ခံခဲ့တဲ့ အင်အားစုတွေ တပ်သားဟောင်းတွေကို လက်တုန့်ပြန်လိုကြတယ်။ အကြမ်းဖက်လိုကြတယ်။ ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းရာမှာ သူမရဲ့ဖြေရှင်းပုံလေးဟာ အတုယူစရာပါ။ အဲဒီ့မိသားစုတွေကို စုဝေးစေခဲ့ပြီး ထပ်တူ ၀မ်းနည်းကြေကွဲတယ်။ ကောင်းရာဘုံဘ၀ ရောက်ဘို့ ဆုတောင်းတယ်။ နောက်တခါ ဒါမျိုးအဖြစ်ဆိုးတွေနဲ့ မကြုံတွေ့ရဘို့ ဆုတောင်းတယ်။ ကျန်ရှိနေတဲ့ မိသားစုဝင်တွေကို မေးခွန်း မေးတယ်။“သေဆုံးသွားတဲ့သူတွေဟာ ကောင်းရာဘုံဘ၀မှာ ပျော်ရွင်နေကြ လောက်ပါပြီ။ ကျန်နေသေးတဲ့သူတွေ ဘာဆက်လုပ်ကြမလည်း လက်တုန့်ပြန်ရင်းနဲ့ ပြည်တွင်းစစ်ကို ပြန်သွားရင်း အငတ်ခံကြမလား။
တိုင်းပြည် ပြန်လည် ထူထောင်ရေးကို လုပ်ကြမလား။ ရွေးချယ်ကြရအောင်။ လက်တုန့်ပြန် တိုက်ခိုက်ခြင်းကြောင့် ရရှိလာမယ့် ခံစားရမယ့်အကျိုးဆက်က စိတ်အာသာပြေခြင်း တခုပါပဲ။ ကျန်တာ ဘာမှအကျိုးအမြတ် မရှိပါဘူး” ကျန်ရှိနေကြတဲ့ အားလုံးသော မိသားစုဝင်တွေဟာ သူနဲ့အတူ ထပ်တူခံစားခဲ့ရတယ်။ သူမက ပရိတ်သတ်ကို မေးခွန်းမေးခဲ့တယ်။“ကျမတို့တတွေ ငုတ်တုတ်အငတ်ခံကြမလား … ….(မခံပါဘူး)“ကျမတို့တတွေ မလုံခြုံတဲ့ဘ၀တွေနဲ့ နေချင်ကြသလား … ….. (မနေချင်ပါဘူး)“အဲဒီတော့ တိုင်းပြည်ပြန်လည်ထူထောင်ရေးကို ၀ိုင်းဝန်းကြိုးစားလုပ်ဆောင်ရအောင်ပါ …”၂၀၀၆ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်နေ့မှာတော့ အယ်လင်ဂျွန်ဆင်ဆာလိဟာ အာဖရိကတိုက်မှာ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် လိုက်ဘေးရီးယားနိုင်ငံ လူထုက ရွေးချယ်ခဲ့ပါတယ်။

သူမရဲ့ သမ္မတသက်တမ်း ကာလအတွင်းမှာ လိုက်ဘေးရီးယားနိုင်ငံကို လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု ဆိုတဲ့မူတွေ ကိုင်ဆွဲပြီး အထွေထွေ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်။ ၂၀၁၀ မှာတော့ လိုက်ဘေးရီးယားနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံငွေဟာ ဒေါ်လာ ၁၄ ဘီလျှံဖြစ်လာခဲ့ပါတယ်။ GDP တိုးတက်မှုနှုန်းဟာ ၅ ရာနှုန်းမှ ၉.၅ ရာခိုင်နှုန်းကြားကို ရောက်ရှိလာခဲ့တယ်။ ၂၀၁၀မှာTimes မဂ္ဂဇင်းကနေ သူမကို ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးခေါင်းဆောင်လို့ သတ်မှတ်ပေးခဲ့တယ်။

သူမနဲ့အင်တာဗျူးမှာ မှတ်သားစရာကောင်းတဲ့ စကားလေးကတော့ …..“ကျမ လိုက်ဘေးရီးယားနိုင်ငံ တိုးတက်ဘို့အတွက် ပေးလာတဲ့အခွင့်ရေးတွေကို မလွတ်တန်း အသုံးချခဲ့တယ်။ ဒီအတောအတွင်းတွေမှာ အန္တရာယ်တွေလည်း ရင်ဆိုင်တိုးခဲ့ရတယ်။ မတတ်နိုင်ဘူး။ ဒီလမ်းတွေမှ မရွေးချယ်ရင် တခြားလမ်းကကြမ်းတယ်ဆိုပါတော့။ ကျမ ချားတေလာနဲ့ မဲယှဉ်ပြိုင်ရွေးဘို့ ဆုံးဖြတ်တုန်းက ကျမကို တားတဲ့သူတွေရှိခဲ့တယ်။ အန္တရာယ်များတယ်၊ မယုံကြည်ရဘူး စသဖြင့်ပေါ့လေ။ တကယ်လည်းဖြစ်ခဲ့ပါတယ်။ ကျမ တခါ ပြည်ပကို ထွက်ပြေးတိမ်းရှောင် ခဲ့ရပြန်တယ်။ ဒါပေမဲ့ စဉ်းစားကြည့်မိတယ်။ ဒီလိုလမ်းကိုမှမရွေး ချယ်ရင် ကျန်တဲ့လမ်းတွေက တိုင်းပြည်အထိနာမယ်။ မသေချာမှု များတယ်။
ဒါ့ကြောင့် ကျမသမ္မတအဖြစ် ၀င်ရောက်အရွေးချယ်ခံ ဘို့မှာလည်း ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပြီး အရွေးခံခဲ့တယ်”သူမရဲ့သမ္မတ သက်တမ်းကာလအတွင်းမှာ သူမအကျေနပ်ဆုံး လုပ်ရပ်ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အကောင်းဆုံးလုပ် ဆောင်ပေးခြင်းဖြင့် ပြည်တွင်းစစ်နဲ့ အာဏာရှင်စနစ်ဆိုးကို အဆုံးသတ် စေခဲ့တာပဲလို့ ဆိုပါတယ်။ လိုက်ဘေးရီးယားနိုင်ငံ အမျိုးသမီးသမ္မတ အယ်လင်ဂျွန်ဆင်ဆာလိကို ၂၀၁၁ ခုနှစ်မှာတော့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် ရွေးချယ်ခြင်း ခံရပါတယ်။ သူမဟာ ယခုဆိုရင် သားသမီးလေးယောက်မိခင် မြေး ၁၁ ယောက်ရဲ့အဖွားဘ၀နဲ့ တိုင်းပြည်တာဝန်များကိုထမ်းဆောင်ရင်း ဂုဏ်ယူဝမ်းမြောက်လျှက်ရှိပါတယ်။ လိုက်ဘေးရီးယားနိုင်ငံ မြို့တော်မွန်ရိုးဗီးယားမြို့ကိုအခုချိန်မှာသွားကြည့်မယ်ဆိုရင်တော့ လျှပ်စစ်မီး တွေ တထိန်ထိန်၊ ကားတွေတ၀ီဝီ၊ တိုက်တာအဆောက်ဦ အကောင်းစားတွေနဲ့ အလုပ်လက်မဲ့ ၈၆ ရာခိုင်နှုန်းရှိခဲ့တဲ့တိုင်းပြည်ဟာ အခု တော့ အလုပ်အကိုင် ကိုယ်စီနဲ့ …။အတိတ်က သမိုင်းတွေဟာ လိုက်ဘေးရီးယားနိုင်ငံရဲ့ စက်ရုံတွေ ပေါ်ကထွက်လာတဲ့ မီးခိုးလှိုင်းများနဲ့ လွင့်မျှောရင်း နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် သမ္မတ အယ်လင်ဂျွန်ဆင်ဆာလိရဲ့ စကားလုံးတွေက ပဲ့တင်သံထပ်လျက်။ အာဃာတတရားနဲ့ လက်တုန့်ပြန်ခြင်းဟာ စိတ်အာသာ ပြေပျောက်ဘို့ကလွဲလို့ တိုင်းပြည် တိုးတက်ရေးကို အကျိုးမဖြစ်ထွန်းဘူးတဲ့ ..။

အားလုံးကိုလေးစားစွာဖြင့်
မောင်မောင်ဝမ်း
(စစ်အာဏာရှင် ဆင်မြူရယ်ဒိုးကို ညှင်းပန်းသတ်ဖြတ်ခဲ့တဲ့ ဗွီဒီယိုခွေဟာ ကမ္ဘာတလွှားမှာ အဲဒီအချိန်ကာလက တော်တော်လေး ကမ္ဘာ့လူထုကြားမှာ ရိုက်ခတ်ခဲ့ပါတယ်။ ကြည့်ချင်ရင် ဒီလင့်ခ်မှာ ၀င်ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ Signup လုပ်ပြီးမှ ၀င်ကြည့်လို့ရပါတယ်။ ယူ ကျူ့အကောင့်ရှိရင်တော့ ၀င်ကြည့်လို့ရပါတယ်။ http://www.youtube.com/watch?NR=1&v=cS5Rccjtmi0)

http://www.demowaiyan.co.cc/2011/11/blog-post_3165.html
မှကူးယူတင်ပြသည်
Posted by MAUNG NE WIN

ဘီလူးချောင်း ရေအားလျှပ်စစ်ကို နောက်ထပ် နှစ်ပေါင်း ၅၀ အသုံးပြုနိုင်ရန် ဆောင်ရွက်မည်


လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က ဂျပန်နိုင်ငံမှ တည်ဆောက်ပေးခဲ့ သည့် ဘီလူးချောင်း ရေအားလျှပ်စစ်ကို နောက်ထပ် နှစ်ပေါင်း ၅၀ ထပ်မံ အသုံးပြုနိုင်ရန် ဂျပန်နိုင်ငံမှ ကူညီ ဆောင်ရွက်ပေးမည် ဆိုသည့် ပြန်ကြားချက်ကို ရရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ၄၁ ရက်မြောက်နေ့တွင် ပြောကြား ခဲ့သည်။

အဆိုပါနေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရှစ်ဦးမှ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးဆိုင်ရာ မေးခွန်းများကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

''ဒီနေ့မေးခွန်းများဟာ အဓိကအားဖြင့် လျပ်စစ်မီးရရှိရေးအတွက် တင်ပြမေးမြန်းသွားကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျေးရွာလျပ်စစ်မီးလင်းရေးအတွက် ဂွမဲဆန္ဒနယ်က ဦးကြည်သာ တင်ပြခဲ့တာရှိပါတယ်။ ဒီလဆန်းပိုင်း မှာ တင်ပြသွားတာပါ။ သူ့တင်ပြချက် ကိုလွှတ်တော်မှာ ဆွေးနွေးပြီးအတည် ပြုလိုက်တာက ကျေးလက်ဒေသလျပ် စစ်မီးရရှိရေးအတွက် ဗဟိုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ကျေး လက်ဒေသ လျှပ်စစ်မီးရရှိရေး အဖွဲ့နဲ့ ကျေးလက်ဒေသ လျပ်စစ်မီးရရှိရေး ဥပဒေကို သင့်လျော်တဲ့အချိန်တွင် ဖွဲ့ စည်းပြဋ္ဌာန်းဆောင်ရွက်ရန် အဆိုကို လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ ဒီလိုအတည်ပြုချက်နဲ့အညီ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နမ့်ဆန် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက တင်ပြတာရှိပါတယ်။ အဆိုက အလယ်တန်းအဆင့် ကစပြီး IT/ICT ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ရေးဖြစ်ပြီး အဆိုကို ဆက်လက်ဆောင်ရွက်မယ် ဆိုရင် ကျေးရွာအဆင့်အထိ လျှပ်စစ်မီးရရှိမှသာလျှင် IT/ICT ကိစ္စများ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးအတွက် ဘုတ်(သို့မဟုတ်) ဥပဒေပြဋ္ဌာန်း ဆောင်ရွက် ရေးဟာ မဖြစ် မနေ လုပ်ရမယ့် အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာလွှတ်တော်ကော်မတီနဲ့ အဆိုတင်သွင်းထားတဲ့ ဦးကြည်သာတို့က ဆက်စပ်ပေါင်းစည်းပြီး ဒီဘုတ်ဖြစ်လာ ရေး၊ ဥပဒေ ဖြစ်လာ ရေး၊ ဥပဒေဖြစ်လာပြီးတဲ့အခါ မှာ အားလုံးဝိုင်းဝန်း ပါဝင်ဆောင်ရွက်ရေးဟာ အရေးကြီးတဲ့အခြေအနေမှာ ရောက်ရှိနေပြီဖြစ်တဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ လွှတ်တော်ကော်မတီ၊ အဆိုတင်သွင်းတဲ့ ဦးကြည်သာတို့ ဆက်လက်ဆောင်ရွက်ဖို့ လွှတ်တော်ဘက်က လိုလားပါတယ်''ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၄၁ ရက် မြောက်နေ့၌ ပြောကြားခဲ့သည်။

ဆက်လက်၍ ဥက္ကဋ္ဌက ''နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဂျပန်နိုင်ငံ သွားပါတယ်။ ဂျပန်နိုင်ငံကိုသွားတဲ့အခါမှာ တော်တော်များများအဆင်ပြေမှု၊ ဂျပန် ODA ရဲ့ ထောက်ပံ့မှုများ ရရှိမယ်ဆိုတာ ဂျပန် ချစ်ကြည်ရေး အဖွဲ့နဲ့တွေ့ဆုံစဉ် ကတိက၀တ်များ ရရှိခဲ့ပါတယ်။ အဲဒီ ကတိက၀တ်များဟာလည်း ကျွန်တော်တို့ ဒီမှာဆွေးနွေးသွားတဲ့အချက်တွေ အဓိကထားပြီးပါဝင်တယ်ဆိုတာလည်း သိရပါတယ်။ ဒီနေရာမှာ ကျွန်တော် တို့ လျှပ်စစ်မီးနဲ့ပတ်သက်ပြီး တင်ပြအဆိုပြုတောင်းခံခဲ့တဲ့ ဘီလူးချောင်းရေအားလျှပ်စစ်ကလည်း အဓိကထားပြီး ပါဝင်တယ်ဆိုတာ သိရပါတယ်။ ဘီလူးချောင်းရေအားလျှပ်စစ်ဟာ ဂျပန်နိုင်ငံက လွန်ခဲ့တဲ့ ၅၁ နှစ်က တည်ဆောက်ပေးပြီးတော့ အခုအချိန်အထိ ဒီရေအားလျှပ်စစ်ကနေ install capacity အတိုင်း ထွက်ရှိနေတဲ့ ရေအားလျှပ်စစ် ဖြစ်ပါတယ်။ ဒီကိစ္စအတွက် ဂျပန်ချစ် ကြည်ရေးအဖွဲ့နဲ့ တွေ့ဆုံတဲ့နေ့က အဲဒီဌာနမှာ တာဝန်ယူခဲ့တဲ့ ဦးကြည်သာက ODA အနေနဲ့ ဒီရေအားလျှပ်စစ်ကို ဆက်လက်အကူအညီပေး ဆောင်ရွက်မယ်ဆိုရင် နောက်ထပ် နှစ် ၅၀ အနည်းဆုံးခံနိုင်ပါတယ် ဆိုတဲ့ ဆွေးနွေးချက်အပေါ် မူတည်ပြီး ဒီနေ့နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးသွားတဲ့အခါမှာ ဒီကိစ္စကိုလည်း ဂျပန်နိုင်ငံဘက်က အလေးအနက်ထား ကူညီဆောင်ရွက်ပေးမယ် ဆိုတဲ့ ပြန်ကြားချက်ကိုလည်း ရပါတယ်''ဟု ပြောကြားခဲ့သည်။
http://www.weeklyeleven.com/index.php?option=com_content&view=article&id=10886%3A2011-11-09-05-10-34&catid=42%3A2009-11-10-07-36-59&Itemid=112#.TrqPiKQlxkA.blogger
မှကူးယူတင်ပြသည်
Posted by MAUNG NE WIN

သမ္မတကြီး ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တွေ့ဆုံမည်




ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပပြုလုပ်မည့် လေးကြိမ်မြောက် အာဆီယံ - ကုလသမဂ္ဂ အစည်းအဝေးတွင် တရားဝင် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်၏ အကြံပေး အရာရှိ မစ္စတာ ဗီဂျေး နမ်ဘီးယားက နိုဝင်ဘာလ ၄ ရက်နေ့ ရန်ကုန်လေဆိပ်တွင် ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တရားဝင် ပြောကြားသည်။

"အတွင်းရေးမှူးချုပ်က သမ္မတနဲ့ ဘာလီမှာ လုပ်မယ့် အာဆီယံ - ကုလသမဂ္ဂ အစည်းအဝေးမှာ တွေ့ချင်တယ် " ဟု မစ္စတာ ဗီဂျေး နမ်ဘီးယားက ဆိုသည်။

မြန်မာနိုင်ငံသို့ တတိယအကြိမ်မြောက် လာရောက်သော ခရီးစဉ်အဖြစ် ငါးရက်ကြာ လာရောက်သည့် ခရီးစဉ် အပြီးတွင် ၎င်းက မြန်မာ့ နိုင်ငံရေးတွင် တိုးတက်မှုများ တွေ့ရသော်လည်း ဆက်လက် လုပ်ဆောင်ရမည့် ဦးစားပေး လုပ်ငန်းများ ရှိနေကြောင်း၊ ငြိမ်းချမ်းရေး၊ အကျဉ်းသား လွှတ်ပေးရေးနှင့် မြန်မာ့နိုင်ငံရေးတွင် အားလုံး ပါဝင်နိုင်ရေးအတွက် လိုအပ်သော ဥပဒေများ ပြင်ဆင်မှု ပြုလုပ်ရေးတို့ ဖြစ်ကြောင်း ကုလသမဂ္ဂ အကြံပေး အရာရှိက ရှင်းလင်း ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်လည် မှတ်ပုံတင်မည်၊ မတင်မည်ကိုမူ မိမိ အနေနှင့် အသေးစိတ် မသိရှိပါကြောင်း မစ္စတာ ဗီဂျေး နမ်ဘီးယားက သတင်းထောက် တစ်ဦး၏ မေးမြန်း ချက်ကို ပြန်လည် ဖြေကြား သွားသည်။

မစ္စတာ ဗီဂျေ နမ်ဘီးယားသည် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၃၁ ရက်နေ့မှ နိုဝင်ဘာ ၄ ရက်နေ့အထိ လာရောက်ခဲ့ပြီး နိုင်ငံတော် ဒုတိသမ္မတ ဦးအောင်မြင့်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အစိုးရ ထိပ်တန်း ခေါင်းဆောင်များ၊ အတိုက်အခံ ခေါင်းဆောင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ အားလုံးနှင့် တွေ့ဆုံခဲ့သည်။
http://thevoicemyanmar.com/
မှကူးယူတင်ပြသည်
Posted by MAUNG NE WIN

သမ္မတကြီး ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တွေ့ဆုံမည်

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပပြုလုပ်မည့် လေးကြိမ်မြောက် အာဆီယံ - ကုလသမဂ္ဂ အစည်းအဝေးတွင် တရားဝင် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်၏ အကြံပေး အရာရှိ မစ္စတာ ဗီဂျေး နမ်ဘီးယားက နိုဝင်ဘာလ ၄ ရက်နေ့ ရန်ကုန်လေဆိပ်တွင် ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တရားဝင် ပြောကြားသည်။

"အတွင်းရေးမှူးချုပ်က သမ္မတနဲ့ ဘာလီမှာ လုပ်မယ့် အာဆီယံ - ကုလသမဂ္ဂ အစည်းအဝေးမှာ တွေ့ချင်တယ် " ဟု မစ္စတာ ဗီဂျေး နမ်ဘီးယားက ဆိုသည်။

မြန်မာနိုင်ငံသို့ တတိယအကြိမ်မြောက် လာရောက်သော ခရီးစဉ်အဖြစ် ငါးရက်ကြာ လာရောက်သည့် ခရီးစဉ် အပြီးတွင် ၎င်းက မြန်မာ့ နိုင်ငံရေးတွင် တိုးတက်မှုများ တွေ့ရသော်လည်း ဆက်လက် လုပ်ဆောင်ရမည့် ဦးစားပေး လုပ်ငန်းများ ရှိနေကြောင်း၊ ငြိမ်းချမ်းရေး၊ အကျဉ်းသား လွှတ်ပေးရေးနှင့် မြန်မာ့နိုင်ငံရေးတွင် အားလုံး ပါဝင်နိုင်ရေးအတွက် လိုအပ်သော ဥပဒေများ ပြင်ဆင်မှု ပြုလုပ်ရေးတို့ ဖြစ်ကြောင်း ကုလသမဂ္ဂ အကြံပေး အရာရှိက ရှင်းလင်း ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်လည် မှတ်ပုံတင်မည်၊ မတင်မည်ကိုမူ မိမိ အနေနှင့် အသေးစိတ် မသိရှိပါကြောင်း မစ္စတာ ဗီဂျေး နမ်ဘီးယားက သတင်းထောက် တစ်ဦး၏ မေးမြန်း ချက်ကို ပြန်လည် ဖြေကြား သွားသည်။

မစ္စတာ ဗီဂျေ နမ်ဘီးယားသည် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၃၁ ရက်နေ့မှ နိုဝင်ဘာ ၄ ရက်နေ့အထိ လာရောက်ခဲ့ပြီး နိုင်ငံတော် ဒုတိသမ္မတ ဦးအောင်မြင့်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အစိုးရ ထိပ်တန်း ခေါင်းဆောင်များ၊ အတိုက်အခံ ခေါင်းဆောင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ အားလုံးနှင့် တွေ့ဆုံခဲ့သည်။

ဝိုင်းဝန်း လက်မှတ်ရေးထိုး၊တောင်းဆိုလှုပ်ရှားမှု



သတင်းနှင့်ပြန်ကြားရေးဌာန
Posted by MAUNG NE WIN

Tuesday, November 8, 2011

အသစ်ပြုပြင်ပြဌာန်းထားသောဂျပန်လူဝင်မှုကြီးကြပ်ရေးဥပဒေ(အမေး-အဖြေပုံစံ)


သတင်းနှင့်ပြန်ကြားရေးဌာန
Posted by MAUNG NE WIN

ဝိုင်းဝန်း လက်မှတ်ရေးထိုး၊တောင်းဆိုကြမယ့် လှုပ်ရှားမှု

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသူ၊နိုင်ငံသားများခင်ဗျား
အမိမြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အစဉ်ပြေချောမွေ့စေရန်နှင့် စစ်မှန်သောဒီမိုကရေစီ
ပန်းတိုင်သို့ အရောက်လှမ်းနိုင်ဖို့အတွက်
၁။ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့၊ ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားအားလုံးအား ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့
၂။ မလွှတ်ခင် အကျဉ်းထောင်တွင်းရှိနေစဉ်၊ ၎င်းတို့အား အကျဉ်းသားအခွင့်အရေး အပြည့်အဝ တိတိကျကျ ခံစားခွင့်ပေးဖို့
၃။ တိုင်းရင်းသားဒေသများမှာ ထိုးစစ်ဆင်နေမှုများကို ချက်ချင်းရပ်ဆိုင်းပြီး၊ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်း
ရေးကို ဖေါ်ဆောင်ပေးဖို့
သမတ သမတ သမတ ဦးသိန်းစိန်နဲ့တကွ၊နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီအား ဂျပန်နိုင်ငံရောက် မြန်မာ
နိုင်ငံသားများက (၃)ရက်ဆက်တိုက် ဝိုင်းဝန်း လက်မှတ်ရေးထိုး၊တောင်းဆိုကြမယ့် လှုပ်ရှားမှုကိုပြုလုပ်ပါ
မယ်။ မိတ်ဆွေများအားလုံး မိမိတို့အဆင်ပြေတဲ့နေ့မှာ လာရောက် လက်မှတ်ရေးထိုး၊ ပူးပေါင်းတောင်းဆို
ပေးကြဖို့ နှိုးဆော်၊ ဖိတ်ခေါ်လိုက်ပါတယ်။
အစီအစဉ် ၁။
နေ့ရက်။ ။( ၉ )ရက်၊ နိုဝင်္ဘာလ၊၂ဝ၁၁ (ဗုဒ္ဓဟူးနေ့ န့)
ဦးခွန်ထွန်းဦးနှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးတောင်းဆိုပွဲနေ့
အချိန်။ ။ညနေ ၃ နာရီ မှ ၄ နာရီအထိ
နေရာ။ ။UN ရုံးရှေ့ ( ရှီဘူယာ )

အစီအစဉ် ၂။
နေ့ရက်။ ။( ၁ဝ )ရက်၊ နိုဝင်္ဘာလ၊၂ဝ၁၁ (ကြာသာပတေးနေ့)
။( ၁၁ )ရက်၊ နိုဝင်္ဘာလ၊၂ဝ၁၁ (သောကြာနေ့)
အချိန်။ ။ညနေ ၃ နာရီ မှ ၄ နာရီအထိ
နေရာ။ ။ မြန်မာသံရုံးရှေ့ (ရှီနာဂါဝါ)
မြန်မာ့ဒီမိုကရေစီကွန်ယက် (NDB) (NDB)(NDB)

မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတက်တက်ကြွကြွပူးပေါင်းပါဝင်ကြပါရန်၊မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း(ဂျပန်)BRSAမှလေးစားစွာတိုက်တွန်းနှိုးဆော်အပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
Posted by MAUNG NE WIN