Friday, April 15, 2011

ဖူကူရှီးမားညူကလီယားရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေ ယိုစိမ့်ပျံ့နှံ့မှုနိုင်ငံတကာစံနှုန်း သတ်မှတ်ချက် အဆင့် ၇ အထိ တိုးမြှင့်

ဖူကူရှီးမားညူကလီယားအကျပ်အတည်းဟာ ပိုမိုမြင့်မားလာနေတယ်လို့ဆိုလို့ရပါတယ်။ အကြောင်း ကတော့ ဂျပန်အစိုးရက ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေ ယိုစိမ့်ပျံ့နှံ့မှုဟာ ၁၉၈၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ချာနိုဘိုင်းလ် ညူကလီယားဓာတ်ပေါင်းဖိုပေါက်ကွဲမှုကနေ ယိုစိမ့်ထွက်ခဲ့တဲ့ ရေဒီယိုဓာတ်သတ္တိကြွမှုနဲ့ ပမာဏနဲ့ တူညီတဲ့အတွက်လို့ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်အစိုးရက ဖူကူရှီးမားစက်ရုံတ၀ိုက်ဒေသမှာ ညူကလီယားဓာတ်ရောင်ခြည်သင့်မှုဟာ ဆိုးရွားလှတဲ့အဆင့်ကိုရောက်နေတဲ့အတွက် နိုင်ငံတကာစံနှုန်း သတ်မှတ်ချက် အဆင့် ၇ အထိ တိုးမြှင့်လိုက်တာဖြစ်ပါတယ်။ ဒီအတွက် ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယုကိအို အဲဒါ့နိုက အဆင့် ၇ ကို တိုးမြှုင့်လိုက်တာနဲ့ပတ်သက်ပြီး ဖူကူရှီးမား ဓာတ်အားပေးစက်ရုံ အနီး ဒေသမှာနေထိုင်ကြတဲ့သူတွေကို တောင်းပန်လိုက်ပါတယ်။

အခုလို စံနှုန်း(စိုးရိမ်အဆင့်)ကို မြှင့်တင်လိုက်တာဟာ ချာနိုဘိုင်းလ် ညူကလီယားဘေးသင့်ခဲ့သလိုမျိုး မဟုတ်ဘူးလို့ဆိုပါတယ်။

ဒီကြားထဲ တိုကျိုမြို့ရဲ့ ရှင်းဘားရှိ ဘူတာနားမှာ ဖူကူရှီးမားခရိုင် အီဝါးကိ မြို့ပတ်ဝန်းကျင်က ထွက်တဲ့ ဟင်းသီးဟင်းရွက်တွေကို ရောင်းချတဲ့ပွဲကို ယုကိအိုအဲဒါ့နိုသွားရောက်ပြီး စတော်ဘယ်ရီသီးတွေစားပြ ဟင်းရွက်တွေဝယ်ပြတာတွေလုပ်ခဲ့ပါသေးတယ်။

ဒီလိုအခြေအနေကိုကြည့်လို့ရှိရင် ဂျပန်အစိုးရဟာ ညူကလီယားအန္တရာယ်နဲ့ပတ်သက်ပြီး ပြည်သူလူထု အကြားမှာ ထိတ်လန့်တုန်လှုပ်ချောက်ခြားမှုတွေမဖြစ်အောင် တဖြည်းဖြည်းချင်းနဲ့ လုပ်ဆောင်နေတဲ့ သဘောသက်ရောက်နေပါတယ်။

ကျိုတိုတက္ကသိုလ် ညူကလီယားဓာတ်ပေါင်းဖိုဌာနက ညူကလီယားရူပဗေဒပညာရှင် ပါမောက္ခ ဟီရိုနိုဘူ အူနဲဆာကိ က အစိုးရက ဒီလိုမျိုးဘေးအန္တရာယ်အဆင့်ကို တိုးမြှင့်လိုက်ပေမဲ့ စိုးရိမ်စရာမလိုပါဘူးလို့ ပြော ပါတယ်။ ဘာကြောင့် သူဒီလိုပြောရသလဲဆိုတာကို ”ယိုစိမ့်ပျံ့နှံ့ခဲ့တဲ့ ရေဒီယိုဓာတ်သတ္တိကြွမှုတွေဟာ အကျပ်အတည်းစဖြစ်စ ကာလဖြစ်တယ်ဆိုတာနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးကို တိုက်ရိုက် ထိခိုက်စေနိုင်တဲ့အနေအထားမရှိဘူး” ဆိုပြီး ထောက်ပြခဲ့ပါတယ်။ သူက တိုင်းထွာရရှိတဲ့အချက်အလက် တွေအားလုံးကို သုံးသပ်ပြီး ဓာတ်ပေါင်းဖိုကို ကောင်းကောင်းထိန်းသိမ်းကွပ်ကဲနိုင်ပြီလို့ပြောလို့ရတယ်လို့ ဆိုပါတယ်။ အဲဒီလိုပြောတဲ့အတွက် ယိုစိမ့်တဲ့ပမာဏ သိသိသာသာများပြားတာမျိုးမရှိဘူးဆိုတဲ့အဓိပ္ပာယ် မဟုတ်ဘူးလို့ဆိုပါတယ်။

အစိုးရအဖွဲ့အတွင်းဝန်ချုပ်နဲ့ ပါမောက္ခတို့ရဲ့ပြောဆိုချက်တွေက ဂျပန်နိုင်ငံတွင်းပြည်သူတွေ အထူးသဖြင့် ဖူကူရှီးမားဓာတ်အားပေးစက်ရုံဒေသတ၀ိုက်က လူတွေရဲ့စိုးရိမ်စိတ်တွေကို လျော့ကျစေဖို့ဆိုတဲ့သဘော သက်ရောက်နေတဲ့အပြင် ရှင်းလင်းပြတ်သားစွာပြောဆိုတာမျိုးမလုပ်တဲ့အတွက် သံသယမျက်စိနဲ့ ကြည့်လိုသူတွေအတွက် မယုံကြည်နိုင်တဲ့အနေအထားကို ရောက်စေပါတယ်။

TEPCO အရာရှိတဦးက ရေဒီယိုဓာတ်သတ္တိယိုစိမ့်ပျံ့နှံ့မှုတွေဟာ လုံးဝမရပ်သေးတဲ့အတွက် အဲဒီလို ယိုစိမ့်ပျံ့နှံ့တဲ့ပမာဏဟာ ချာနိုဘိုင်းလ်အဆင့်ကိုရောက်လာမလား ဒါမှမဟုတ် ကျော်လွန်သွားမလား ဆိုတာကို စိုးရိမ်တယ်လို့ ပြောပါတယ်။

ညူကလီယားဘေးကင်းရေးဆိုင်ရာအေဂျင်စီရဲ့ ပြောဆိုချက်ကတော့ ယိုစိမ့်ပျံ့နှံ့တဲ့ပမာဏဟာ ချာနိုဘိုင်းလ်ရဲ့ ၁၀% ပဲရှိပါတယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံ Surrey တက္ကသိုလ်မှ ရူပဗေဒပါမောက္ခ ပက်ဒီရေဂင် က ဂျပန်အစိုးရရဲ့ အဆင့် ၇ စံနှုန်းကို မြှင့်လိုက်တယ်ဆိုတာက သဘာဝပတ်ဝန်းကျင်ထဲကို ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေ အတော်ကို ပျံ့နှံ့ နေတယ်ဆိုတဲ့သဘောလို့ ပြောပါတယ်။ ချာနိုဘိုင်းလ်လို အဆင့်တူပေမဲ့ တကယ်တမ်းတော့ မတူပါဘူး လို့ဆိုပါတယ်။ ပျံ့နှံ့တဲ့ပမာဏနည်းတာရယ်။ ပျံ့နှံ့တဲ့နည်းလမ်းမတူညီတာရယ်ကြောင့်လို့ ပြောပါတယ်။

သြစတြေးလျားနိုင်ငံမှ ညူကလီယားဘေးကင်းရေးဆိုင်ရာကျွမ်းကျင်ပညာရှင် ဒွန်ဟစ်ဂ်ဆဲန် က ”ကျနော့် အတွက်ကတော့ ဖူကူရှီးမားကို ချာနိုဘိုင်းလ်နဲ့တတန်းတည်းသတ်မှတ်တယ်ဆိုတာဟာ ဘာမှအဓိပ္ပာယ် မရှိဘူး” လို့ ပြောဆိုပါတယ်။

ကျော်ကျော်စိုး

၂၁း၁၂ နာရီ

ဧပြီ ၁၂ ရက်၊ ၂၀၁၁ ခုနှစ်

သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အဖွဲ့သစ်အား မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်)မှ လက်မခံကြောင်း သွားရောက် ရှင်းလင်းတင်ပြ


၂၀၁၁ခုနှစ်၊ ဧပြီလ၊၁၂ရက်။

မတ်လ(၃၀)ရက်နေ့တွင် ဖွဲ့စည်းခဲ့သော သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အဖွဲ့သစ်အား အသိအမှတ် မပြုသည့် ကန့်ကွက်စာကို မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်)မှ နိုင်ငံခြားရေး ၀န်ကြီးရုံးသို့ ယနေ့ သွားရောက် ပေးပို့ခဲ့ပါသည်။

ထိုသို့ သွားရောက် တွေ့ဆုံရာမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွန်ကြားရေးမှူး မစ္စတာ ဟီဒဲယူကီ ယဇမ က လက်ခံ တွေ့ဆုံခဲ့ပါသည်။ မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်)မှ ဦးသိန်းစိန် ဦးဆောင် အစိုးရ အဖွဲ့သစ်အား ကန့်ကွက်ရသည့် အကြောင်းရင်းများကို ရှင်းပြရာမှာ လွတ်လပ်ပြီး တရားမျှတမှုမရှိသော ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသော စစ်တပ်မှ အသွင်ပြောင်းလာကြသော အစိုးရဖြစ်တယ်။ လူ့အခွင်းအရေး ချိုးဖေါက်မှုများနှင့် သတင်းမီဒီယာလွတ်လပ်ခွင့် ဖိနှိပ်ချုပ်ခံနေရမှုများ ယနေ့ထိတိုင် ရှိနေဆဲဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများကို ယနေ့အချိန်ထိ ဖမ်းဆီး ချုပ်နှောင် ထားဆဲဖြစ်ကြောင်း တိုင်းရင်းသား ဒေသများတွင်လည်း လူမျိုးစု မျိုးဖြုတ်သတ်ဖြတ်မှုတွေ ထိုးစစ်ဆင်ကာ တိုက်ခိုက်နေမှုများ ယနေ့တိုင် ပြလုပ်လျက်ရှိကြောင်း စသည် အချက်များကို သွားရောက် ရှင်းလင်း တင်ပြီး ဦးသိန်းစိန် ဦးဆောင်သော အစိုးရအား ကန်ကွက်ကြောင်း သဘောထား ကြေညာချက် တစောင် ပေးအပ်ခဲ့ပါသည်။

သတင်းမှတ်တမ်း။ မိုင်ကျော်ဦး၊ အေးန္ဒာအောင်

Wednesday, April 13, 2011

မြန်မာ့လူ့အခွင့်အရေး အခြေအနေ ဆိုးရွားနေဆဲဖြစ်ကြောင်း အမေရိကန်ပြောဆို


မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မလာ ကြောင်း ဧပြီ ၈ ရက်နေ့က ထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂ဝ၁ဝ ခုနှစ် ကမ္ဘာတဝှမ်း လူ့အခွင့်အရေးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီ အစီရင်ခံစာမှာ မြန်မာနိုင်ငံ အခြေအနေအကြောင်းကို စာမျက်နှာ ၂၂ မျက်နှာ ဖော်ပြထားပါတယ်။

မြန်မာစစ်အစိုးရဟာ ၂ဝ၁ဝ ခုနှစ်အတွင်း မြန်မာနိုင်ငံသားတွေရဲ့ အစိုးရ ပြောင်းလဲရွေးချယ်ခွင့်ကို ပိတ်ပင်တားဆီးမှုနဲ့ တခြား လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေ ဆက်လက် ကျူးလွန်နေခဲ့ကြောင်း၊ ဥပဒေလက်လွတ် သတ်ဖြတ် စီရင်တာတွေ၊ ထိန်းသိမ်းထားစဉ်အတွင်း သေဆုံးမှုတွေ၊ အစပျောက်သွားတဲ့ ကိစ္စတွေ၊ နှိပ်စက်ညှဉ်းပမ်းမှုတွေ၊ အမျိုးသမီးတွေအပေါ် အဓမ္မကျင့်မှုတွေ အတွက် အစိုးရတပ်တွေမှာ တာဝန်ရှိကြောင်း၊ ဒါ့ပြင် အစိုးရ ကျောထောက်နောက်ခံပြု အဖွဲ့အစည်းက လက်သပ် မွေးထားသူတွေရဲ့ ဥပဒေမဲ့ ထင်သလို ပြုမူတာတွေ၊ ခြိမ်းခြောက် ရန်ပြုတာတွေ၊ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က ထိုးစစ်တွေ ဆက်လက် ဆင်နွဲနေတဲ့အတွက် တိုင်းရင်းသားတွေ အသက်ဆုံးရှုံး၊ အိုးအိမ်စွန့် ထွက်ပြေးနေရတာတွေ စတဲ့ အခြေအနေဆိုးတွေကို ဖော်ပြထားပါတယ်။

သောကြာနေ့က ကျင်းပခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က တရုတ်၊ မြောက်ကိုရီးယား၊ မြန်မာ၊ ကျူးဘား၊ ဇင်ဘာဘွေ၊ နိုင်ဂျီးရီးယား၊ လစ်ဗျား စတဲ့ နိုင်ငံတွေက လူ့အခွင့်အရေး ချိုးဖောက်ပုံတွေအကြောင်း ပြောဆိုခဲ့ပါတယ်။

“ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုရုံးခွင့်တွေကို အစိုးရတွေက အင်အားသုံး ဖိနှိပ်တဲ့နည်း အပြင်၊ ၂ဝ၁ဝ ခုနှစ်မှာ ဒုတိယ ပေါ်လာတဲ့နည်းက လူတွေကို အင်တာနက်နဲ့ ဝေးအောင် လုပ်ထားတဲ့နည်းပဲ ဖြစ်ပါတယ်၊ မြန်မာနဲ့ ကျူးဘားနိုင်ငံတွေမှာ အင်တာနက်ကနေ အစိုးရအပေါ် ဝေဖန်သူတွေ ပေါ်ထွက်လာမှာကို ဟန့်တားတဲ့အနေနဲ့ သာမန်လူထုကို အင်တာနက်နဲ့ အလှမ်းဝေးအောင် လုပ်ထားပါတယ်” လို့ မစ္စက်ကလင်တန်က ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာအပြီးနဲ့ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ မြောက်ကိုရီးယားနဲ့ နှိုင်းစာရင် ဘယ်လိုရှိပါသလဲလို့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တယောက်က မေးမြန်းရာမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် အတွင်းရေးမှူး မစ္စတာ မိုက် ပေါ်စနာ ( Mike Posner ) က ...

“မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေအပေါ် ကျနော်တို့ စိုးရိမ်နေရတုန်းပါပဲ၊ နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော် ထိန်းသိမ်းခံနေရဆဲ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ်လည်း မတရားသဖြင့် တားဆီး ချုပ်ချယ်ထားတုန်းပါ၊ သွားရမယ့်ခရီးက ဝေးပါသေးတယ်၊ ဒါပေမယ့် မြန်မာပြည်ဆိုင်ရာ အမေရိကန် အစိုးရ ကိုယ်စားလှယ်တယောက် ခန့်အပ်ဖို့ ရှိပါတယ်၊ ဒီကိစ္စက မြန်မာပြည် အခြေအနေတွေနဲ့ ပတ်သက်ပြီး အထောက်အကူ ပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်” လို့ မစ္စတာ မိုက်ပေါ်စနာက ပြန်လည် ဖြေကြားခဲ့ပါတယ်။

Radio Free Asia မှကူးယူတင်ပြသည်။

မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံမှု နိုင်ငံတကာ စိုးရိမ်

ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် မြန်မာစစ်တပ်၏ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား

မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့တော်တွင် စစ်ဖက်ဆိုင်ရာ အမိန့်ပေး ထိန်းချုပ်စနစ် (Command Control System)

အကြောင်းကို ၂၀ဝ၈ ခုနှစ်၊ နိုဝင်ဘာလ ၂၃ရက်က ရှင်းလင်းပြသနေပုံ ဖြစ်ပါသည်။

(Photo from junta's top secret dossier)




မြန်မာနိုင်ငံမှာ ညူကလီးယား လက်နက် ထုတ်လုပ်နေပြီဆိုတဲ့ အထောက်အထားတွေဟာ ခိုင်လုံမှု မရှိပေမဲ့ မြန်မာနဲ့ မြောက်ကိုရီးယားတို့ အနီးကပ် ဆက်ဆံနေမှုကတော့ နိုင်ငံတကာအတွက် အထူးစိုးရိမ်စရာ ဖြစ်တယ်လို့ အမေရိကန် ကျွမ်းကျင်သူတွေက ဧပြီ ၁၁ ရက် မနေ့က ပြောကြားလိုက်ပါတယ်။ Griffith တက္ကသိုလ်က သုတေသီ Andrew Selth က မြန်မာနိုင်ငံဟာ ညူကလီးယား နည်းပညာရရှိဖို့ ကြိုးပမ်းနေတယ်ဆိုတာ အားလုံးအသိ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်နက်ထုတ်လုပ်ရေးအတွက်လား ဒါမှမဟုတ် တခြား ဘာရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေသလဲ ဆိုတာ တိတိကျကျ မသိရသေးပါဘူးလို့ သုတေသီ Andrew Selth က ပြောသွားပါတယ်။

IAEA နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ အကြီးအကဲဟောင်း Robert Kelley ကလည်း မြန်မာအစိုးရဆီမှာ ရုရှား အကူအညီနဲ့ ညူကလီးယား သုတေသန ဓာတ်ပေါင်းဖို အသေးစားတခု တည်ဆောက်နေတာ ရှိပေမဲ့ ဗုံးထုတ်လုပ်ဖို့ ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရှိရသေးကြောင်း ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်၊

ဒါ့ပြင် အမေရိကန်-ကိုးရီးယား သိပ္ပံက ပညာရှင် Alexandre Mansourov ကလည်း မြန်မာအစိုးရဟာ မြောက်ကိုးရီးယားထံက စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူနေတဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် စည်းကမ်းတွေကို ချိုးဖောက်မှု ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်က John Hopkins တက္ကသိုလ် နိုင်ငံတကာ အထူးပြု လေ့လာရေးဌာနမှာ မြန်မာနဲ့ မြောက်ကိုရီးယားအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နေမှု ခေါင်းစဉ်နဲ့ မနေ့က ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ကျွမ်းကျင်သူတွေက ခုလို ပြောဆိုခဲ့ကြတာပါ။

Radio Free Asia မှကူးယူတင်ပြသည်။

၁၉၈၆ တွင် ဖြစ်ပွါးခဲသော ချာနိုဘိုင် နူကလီးယား ဘေးဒုက္ခနှင့် တတန်းတည်းအဖြစ် ဂျပန် နူကလီးယား တွက်ချက်သူများက ယနေ့ သတ်မှတ်


ယနေ့သတင်း
ဂျပန်နိုင်ငံ၏ နူကလီးယား ပြဿနာအဆင့်ကို ၁၉၈၆ တွင် ဖြစ်ပွါးခဲသော ချာနိုဘိုင် နူကလီးယား ဘေးဒုက္ခနှင့် တတန်းတည်းအဖြစ် ဂျပန် နူကလီးယား တွက်ချက်သူများက ယနေ့ သတ်မှတ်လိုက်သည်။

ယခုလို သတ်မှတ်လိုက်ခြင်းက ပတ်ဝန်းကျင်နှင့် ကျန်းမာရေးကို ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်နိုင်သည် အပါအ၀င် ကြီးမားသော မတော်တဆဖြစ်မှု သင်္ကေတ အဖြစ် IAEA ရှုမြင်သည်။

ဂျပန် အနုမြူလုံခြုံရေးရာ အေဂျင်စီ (Nuclear & Industry Safety Agency, NISA) မှ Minoru Oogada ကဆိုးဝါးမှု အဆင့်ကို တိုးမြှင့်ရခြင်းမှာ ရေဒီယမ်ပြန့်နှံ့မှုက ဟင်းသီးဟင်းရွက်၊ သောက်သုံးရေနှင့် သမုဒ္ဒရာအထိပြန့်နှံ့မှု အပေါ်မူ တည်၍ အဆင့်တိုး သတ်မှတ်ရသည်ဟု ပြောဆိုလိုက်သည်။

ပြန်ပြောင်း သတ်မှတ်ရခြင်းမှာ ရေဒီယမ်ဓါတ်ကြွဒြပ် များဖြစ်သော Iodine-131 နှင့် Cesium-137 များ၏ ယိုစိမ့်မှုများကို လျှပ်တပြတ် စစ်ဆေးခြင်းနှင့် စာရင်းအင်း အချက်အလက်များ အပေါ် တွက်ဆခြင်းများ အပေါ် သုံးသပ်မှုအပေါ် အခြေခံသည်ဟု NISA ပြောခွင့်ရပုဂ္ဂိုလ် Nishiyama ကပြောဆိုသည်။

Nishiyama ကပြောဆိုရာတွင် Fukushima ဓါတ်အားပေး စက်ရုံမှာ Chernobyl လို ပင်မ ဓါတ်ပေါင်းဖိုက မပေါက်ကွဲ သော်လည်း၊ ဟိုက်ဒရီုဂျင် ပေါက်ကွဲမှု ရှိခဲ့ကြောင်း မှတ်သားရန် လိုသည်ဟု ပြောဆိုလိုက်သည်။

တိုကျို လျှပ်စစ်မှ Junichi Matsumoto က ယနေ့အထိ ရေဒီယို ဓါတ်ကြွပစ္စည်း မည်မျှကို မတော်တဆ ထုတ်လွင့်ပြီး ဖြစ်သည်ကို တွက်ချက်လျှက်ရှိဆဲဟု ပြောဆိုလိုက်သည်။ သူ့အနေဖြင့် ရေဒီယိုဓါတ်ကြွပစ္စည်း လွင့်ထုတ်မှုမှာ Chernoby မှထွက် ရှိခဲ့သော အတိုင်းအတာ၏ ၁၀ ပုံ ၁ ပုံ ရှိသော်လည်း ယခု အကျပ်အတည်းကို မဖြေရှင်းနိုင်ပါက Chernoby ထက်ပင် ကျော်လွန်နိုင်ကြောင်း ပြောဆိုလိုက်သည်။

သဘာဝဘေး အတွက် ကြိုတင်ပြင်ဆင်မှု ညံ့ဖျင်းသည်ဟု အပြောခံနေရသော TEPCO အနေနှင့် ယနေ့နောက်တကြိမ် တောင်းပန်မှုကို ထုတ်ပြန်ခဲ့ရသည်။ ကျွှန်ပ်တို့အနေနှင့် ယခုအဖြစ်အပျက်ကိုရိုးရိုးသားသား လက်ခံ ရမည်ဖြစ်ကြောင်း၊ ခရိုင်အတွင်း နေထိုင်ကြသော လူများ ဒုက္ခအတိ ရောက်မှုအတွက် အနူးအညွတ် တောင်းပန်ပါကြောင်း ပြောကြားသွားပါသည်။

ဝန်ကြီးချုပ် ကလည်း ပြည်သူများ အနေနှင့် အထိပ်တလန့် မဖြစ်ကြရန်နှင့် သဘာဝဘေးမှပြန်လည်နလံထူ ရေးး ကိစ္စကို အာရုံစိုက်ရန် ပြောကြားသွားသည်။

ယခုFukushima နူကလီးယား စက်ရုံ၏ ဓါတ်ပေါင်းဖိုမှာ တဆင့်ပြီးတဆင့် တည်ငြိမ်လာပြီ ဖြစ်ကြောင်း။ ရေဒီ ယိုဓါတ်ယိုစိမ့်မှု များမှာလည်း တဖြည်းဖြည်း ကျဆင်းလာပြီ ဖြစ်ကြောင်း ပြောကြားသည်။

ကျိုတိုတက္ကသိုလ် ဓါတ်ပေါင်းဖို သုတေသနဌါနမှနူကလီးယား ရူပဗေဒပညာရှင် Hironobu Unesaki က ယခုလိုပြင်ဆင်သတ်မှတ် လိုက်သည့်အပေါ် စိုးရိမ်သောက ဖြစ်ရန် မလိုကြောင်း၊ ရေဒီယို ဓါတ်ကြွမှုကို အားလုံးချုံ၍ သတ်မှတ်ခြင်းဖြစ်၊ ကျန်းမာရေးအတွက် တိုက်ရိုက် ဆက်စပ်မှု မရှိကြောင်း၊ ရေဒီယမ်ဓါတ်ကြွမှု အများစုမှာ အကျပ်အတည်း ကာလအစပိုင်းက ဖြစ်ခဲ့ကြောင်း၊ ဓါတ်ပေါင်းဖိုများ၏ အဓိက အစိတ်အပိုင်းများမှာ အကာအရံ အတွင်း လုံခြုံစွာ ရှိနေကြောင်း ပြောဆိုလိုက်သည်။

ဇော်မင်းခိုင်
၁၂-၄-၂၀၁၁ (၂၁း၃၀နာရီ)

Tuesday, April 12, 2011

မြန်မာအစိုးရသစ်ကို ဒေါ်အောင်ဆန်းစုကြည် အသိအမှတ်ပြု


11 April 2011,

ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန် အစိုးရသစ်နှင့် ပတ်သက်၍ ပထမဆုံး အကြိမ်အဖြစ် အရှိကို အရှိအတိုင်း အသိအမှတ်ပြုကြောင်း၊ သို့သော် စောင့်ကြည့်ရန် လိုကြောင်း လွတ်လပ်သော အာရှအသံ (RFA) တွင် ပြောကြားသွားသည်။
RFA က သောကြာနေ့တိုင်း ထုတ်လွှင့်သော “လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်” ကဏ္ဍတွင် လက်ရှိ အစိုးရသစ်ကို အသိအမှတ်ပြု မပြုဟူသော ပရိသတ်တဦး၏ မေးခွန်းနှင့် စပ်လျဉ်း၍ “အခု အစိုးရသစ်တခု ရှိနေတယ် ဆိုတာကို အရှိ အရှိအတိုင်းပဲ အသိအမှတ်ပြုပါတယ်။ တကယ့်ကို ပြည်သူတွေရဲ့ဆန္ဒကို လေးစားပြီး ပြည်သူတွေနဲ့ တိုင်းပြည်အတွက် အကျိုးရှိစေမယ့် အစိုးရမျိုး ဖြစ်မဖြစ် ဆိုတာကိုတော့ နည်းနည်းတော့ စောင့်ကြည့်ရဦးမှာပါ” ဟု ဖြေကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က “ကျနော်တို့ အထွေထွေအတွင်းရေးမှူး ပြောတာက ရှင်းပါတယ်။ အခု သူတို့ဘက်က ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ လုပ်ပြီး လွှတ်တော်ကတဆင့် အစိုးရသစ် တက်လာပြီဆိုတာ အရှိတရားပဲ၊ ဒီအရှိတရားကို ရည်ရွယ် ပြောတာပဲဖြစ်တယ်။ တိုင်းပြည်ပြဿနာကို သက်ဆိုင်ရာ နိုင်ငံရေးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှ ဖြစ်မှာ” ဟု ဧရာဝတီသို့ ရှင်းပြသည်။

အားလုံး ပူးပေါင်း ပါဝင်နိုင်စေရန်နှင့် တွေ့ဆုံဆွေးနွေး အဖြေရှာ နိုင်ရေးတို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ပေးရန် NLD က တောင်းဆိုခဲ့သည်။

ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြန်လည် မှတ်ပုံမတင်ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက် ခဲ့သည်။ NLD သည် ၁၉၉၀ ခုနှစ် ပါတီစုံ အထွေထွေရွေး ကောက်ပွဲ ရလဒ်မှတဆင့် တွေ့ဆုံဆွေးနွေး အဖြေရှာရေးအတွက် တစိုက်မတ်မတ် တောင်းဆိုလာခဲ့သည်။

NLD ပါတီအနေဖြင့် ဦးသိန်းစိန် အစိုးရသစ်ထံ စာတစောင် ရေးသား ပေးပို့ထားကြောင်း၊ စာပါ အကြောင်းအရာ အသေးစိပ်ကို သက်ဆိုင်ရာသို့ ရောက်သောအချိန်တွင် ပြည်သူကို အသိပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်နှင့် အစိုးရသစ်ထံ စာပေးပို့သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) မှ ဦးအေးသာအောင်က “လက်တွေ့မှာ၂၀၀၈ ဖွဲ့စည်းပုံအရ အစိုးရသစ်တခုတော့ ဖြစ်လာပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ရည်ရွယ်ပုံရတယ်။ ဒီအစိုးရသစ်ဟာ ပြည်သူတွေ မျှော်လင့်သလို အပြောင်းအလဲတခု ဖြစ်လာဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပြည်သူတွေရဲ့ ကောင်းကျိုးကို ဖော်ဆောင် မယ်လို့လည်း မထင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ပြည်တွင်း ပြည်ပမှ မြန်မာ့အရေးလေ့လာသူများက ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေး ခေါင်းဆောင် တဦးဖြစ်၍ လက်တွေ့ နိုင်ငံရေးကို ချင့်ချိန် လုပ်ဆောင် ရခြင်းကြောင့်တကြောင်း၊ တွေ့ဆုံ ဆွေးနွေးရေး ဖြစ်စဉ်မှတဆင့် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးနှင့် တိုင်းပြည်၏ အဖက်ဖက်မှ ဆင်းရဲ ဒုက္ခရောက် နေရခြင်းတို့မှ လွတ်မြောက်စေရန် ရှိနေသော အရှိတရားကို ပြောပြရုံမျှ သာဖြစ်သည့် ချည်းကပ်မှု အသစ်ဖြစ်ကြောင်း သုံးသပ်ကြသည်။

သံတမန်ဟောင်း ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက “ဒါကလည်း တိုင်းပြည် ငြိမ်းချမ်းမယ်လို့ ယုံကြည်ပြီး တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာဖို့ ကြိုးပမ်း နေတာလို့မြင်တယ်။ တကယ့် လက်တွေ့မှာက ဘယ်လိုပဲဖြစ်ဖြစ် အစိုးရသစ် တက်လာတာကို ရည်ညွှန်းပြောတာပါပဲ။ အစိုးရသစ်အနေနဲ့ တိုင်းပြည်အကျိုး ရှေ့ရှုပြီး နိုင်ငံရေး အဖြေရှာကြဖို့ကို တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။

နိုင်ငံတကာရှိ မြန်မာ့အရေး လှုပ်ရှားနေကြသော အဖွဲ့များကလည်း ဦးသိန်းစိန် အစိုးရသစ်အနေဖြင့် အပြုသဘောဆောင်သော လုပ်ဆောင်မှုများ မရှိလျှင် နိုင်ငံတကာမှ ဖိအားပေးရန် တိုက်တွန်းနေကြသည်။

ဧရာဝတီမှကူးယူတင်ပြသည်။

Monday, April 11, 2011

“လိုအပ်လျှင် အာဏာပြန်သိမ်း မည်” ဟု ကာကွယ်ရေး ဦးစီးချုပ် အရိပ်အမြွက် ပြော


April 10, 2011

ဟိန်းခိုင်ထွန်း၊ ၊ကာကွယ် ရေး ဦးစီးချုပ် အသစ် အဖြစ် ခန့် ထားခြင်း ခံရသည့် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဧပြီလ ၈ ရက်နေ့ က ကျင်းပသည့် ဗထူး တပ်မြို့ရှိ ဗိုလ်လောင်း သင်တန်း အမှတ်စဉ် ၁၁၄ ဆင်းပွဲတွင် သင်တန်း ဆင်း ဗိုလ်လောင်း များ ကို မိန့် ခွန်း ပြောကြားရာ၌ တပ်မတော်သည် လိုအပ်လျှင် အာဏာ ပြန်သိမ်းမည်ဟု အရိပ်အမြွက် ပြောကြားခဲ့ကြောင်း FNG မှ သတင်း ရရှိသည်။

ခောတ်သစ် မြန်မာနိုင်ငံရေး သမိုင်းတွင် အာဏာအရှိဆုံး ရာထူးဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ရရှိခဲ့သည့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် အဆိုပါရာထူးကို ပြီးခဲ့သည့်လက လက်ခံခဲ့ပြီး နောက် ပထမ ဦးဆုံး အကြိမ်အဖြစ် စစ်တပ်၏ အရေးပါသည့် ဗိုလ်လောင်း သင်တန်းဆင်းပွဲတွင် မိန့် ခွန်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

“တပ်မတော် အနေဖြင့် အမြဲသတိရှိနေရန် သူက ပြောကြားပြီး တိုင်းပြည်အတွက် အန္တရာယ်ပေါင်းစုံ နှင့် ရင်ဆိုင်ရပြီး အကျပ်အတည်း ဆိုက်နေပါက လိုအပ်လျှင် ၀င်ရောက် ထိန်းသိမ်းရမည်” ဖြစ်ကြောင်း သူက ပြောကြား ခဲ့ဖြင်း ဖြစ်သည်။

ယခင်က ဗထူး တပ်မြို့  ဗိုလ်လောင်း သင်တန်းဆင်းပွဲကို ဒု ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်အေး တက်ရောက်ပြီး ၊ မေမြို့  ဗိုလ်သင်တန်း ဆင်းပွဲကို ဗိုလ်ချုပ်မှုးကြီး သန်းရွှေ တက်ရောက်သည်။

နေပြည်တော် စစ်တပ် အသိုင်းအ၀ိုင်းမှ အမည်မဖော်လိုသည့် အရာရှိကြီး တစ်ဦးက FNG သို့ပြော ကြားရတွင် ပြည်ထောင်စု အစိုးရမှ ဒုသမ္မတ ဦးသီဟသူရတင်အောင်မြင့်ဦး နှင့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့မှာ ကျောင်းတော်က ရန်စ ရှိခဲ့သူများဟု ဆိုသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အစိုးရတို့  အာဏာပြိုင် ဆိုင်မှုများ နောက်ပိုင်းတွင် ပြင်းထန် လာနိုင်သည်ဟု တပ်မတော် အရာရှိဟောင်းများက သုံးသပ်ကြသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် တပ်မတော်ထဲ၌ ၎င်းထက် ပို၍အတွေ့ အကြုံ ရင့်သူများကို ကျော်ဖြတ်ပြီး နေရာ ရခဲ့ခြင်းကြောင့် အချို့က မကျေနပ်ကြဟု သိရသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး သူရ မြင့်အောင်သည် ၎င်း၏ လက်အောက်တွင် ကာကွယ်ရေးဝန်ကြီး မထမ်းဆောင်လို၍ ရာထူးမှ နှုတ်ထွက် ခဲ့သည်။

၎င်း သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ လူယုံတစ်ဦးဖြစ်ပြီး မည်မျှထိ ယုံရမည် ဆိုသည်ကိုမူ မည်သူမျှ မသိနိုင်ကြောင်း စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေးတပ်မှ အရာရှိ တစ်ဦးက Freedom News Group
သို့ ပြောသည်။

မြန်မာ့ တပ်မတော်၏ အကြီးအကဲ ၊ ကာကွယ်ရေးဝန်ကြီး (သို့ မဟုတ်) ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာန် ထမ်းဆောင် ခဲ့သူများ (List of Commander in Chief in Burma)

၁.ဗိုလ်ချုပ် အောင်ဆန်း ၁၉၄၅ မှ ၁၉.၀၇.၁၉၄၇ (ရဲဘော်သုံးကျိပ်အဖွဲ့ဝင်နှင့် မြန်မာ့ တပ်မတော် တည်ထောင်သူ)
၂.ဗိုလ်မှုးချုပ် လင်္ကျာ ၁၉၄၇ မှ ၁၉၄၈ (ရဲဘော်သုံးကျိပ်အဖွဲ့ဝင် နှင့် မြန်မာ့တပ်မတော် တည်ထောင်သူ များတွင် ပါဝင်)
(လင်္ကျာ – ဖရီးမင်း စာချုပ် ကို ချုပ်ဆို နိုင်ခဲ့သူ)
၃.ဗိုလ်ချုပ်ကြီး နေ၀င်း ၀၁.၀၂.၁၉၄၉ မှ – ၂၀.၀၄.၁၉၇၂ (ရဲဘော်သုံးကျိပ်အဖွဲ့ဝင် မြန်မာစစ်တပ် ကို အင်အား ပိုမို ကောင်းလာရန် လုပ်ဆောင်ခဲ့ပြီး စစ်လက်နက်ပစ္စည်း စက်ရုံများ နိုင်ငံတွင်း စတင်တည် ထောင်ကာ ပြည်နိုင်ငံများမှ စစ်လက်နက်ပစ္စည်း ၀ယ်ယူမှု ကို စတင်ခဲ့
၎.ဗိုလ်ချုပ်ကြီး စန်းယု ၂၀.၀၄.၁၉၇၂ မှ- ၀၁.၀၃.၁၉၇၄ (နောက်ပိုင်းတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ ဥက္ကဌ နှင့် သမ္မတ ဖြစ်လာသည်

၅.ဗိုလ်ချုပ်ကြီး သူရ တင်ဦး ၀၁.၀၃.၁၉၇၄ မှ ၀၆.၀၃.၁၉၇၆ (နောက်ပိုင်းတွင် အတိုက်အခံ ပါတီတစ်ခု ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဖြစ်လာခဲ့သည်)

၆.ဗိုလ်ချုပ်ကြီး သူရ ကျော်ထင် ၀၆.၀၃.၁၉၇၆ မှ ၀၃.၁၁.၁၉၈၅ ( ဗမာ့ကာကွယ်ရေး တပ်မတော်ကို ၁၉၄၃ ခုနှစ် တွင် တပ်သားအဖြစ်မှ စတင်ဝင်ရောက်ခဲ့သည့် တစ်ဦးတည်းသော ကာကွယ်ရေး ဦးစီးချုပ် ဖြစ်) ၎င်းသည် ကာကွယ်ရေး ၀န်ကြီးတာဝန်ကိုလည်း သူ၏ ကာကွယ်ရေးဦးစီးချုပ် သက်တမ်းတွင် ပူးတွဲ ယူခဲ့ပြီး ဗိုလ်ချုပ်ကြီး သူရ အေးကို လည်း ၎င်း ကာကွယ်ရေး ဦးစီးချုပ် တာဝန်ယူစဉ် ကာကွယ်ရေး ၀န်ကြီး အဖြစ် တာဝန် ယူခဲ့သည်။
၎င်း လက်ထက်တွင် ကာကွယ်ရေး ၀န်ကြီးဌာနကို ပိုမို အဆင့်မြှင့်ခဲ့ပြီး စစ်တိုင်းအချို့ကို တိုးချဲဖွဲ့ည်းခဲ့ကာ တပ်မတော်ဖွဲ့စည်းပုံ အချို့ကို ပြောင်းလဲခဲ့သည်

၇.ဗိုလ်ချုပ်မှုးကြီး စောမောင် ၀၃.၁၁.၁၉၈၅ မှ ၂၂.၀၄.၁၉၉၂ ( ၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်း ခေါင်းဆောင် ဖြစ်သည်)

၈.ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၂၂.၀၄.၁၉၉၂ မှ ၀၁.၀၄.၂၀၁၁ ( စစ်တိုင်းများ ဆက်လက် တိုးချဲ့ခဲ့ပြီး ပြည်ပ မှ စစ်လက်နက်များ ၀ယ်ယူခဲ့သည်။ လွှတ်တော်တွင် စစ်သားအများစု နေရာယူထားနိုင်အောင် စီစဉ်ခဲ့ပြီး ၊ စစ်ထောက်လှမ်းရေး အဖွဲ့ကို ဖျက်သိမ်းခဲ့သည်)

၉.ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ၀၁.၀၄.၂၀၁၁ (တာဝန်ထမ်းဆောာင် ဆဲ)


freedomnewsgroup.com မှကူးယူတင်ပြသည်။