Friday, June 10, 2011

ဖတ်စရာ သတင်းများ ( ဇွန်လ 5 ရက် )

မြောက်ဦး ရှေးဟောင်းဘုရား နေပြည်တော် ပင့်ဆောင်ရေး ဒေသခံများ ကန့်ကွက်

By မသင်းသီရိ စနေ, 04 ဇွန် 2011

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာရှိတဲ့ လောကမဉ္ဇူ ရှေးဟောင်း စေတီတော်ကို ပြန်လည် ပြုပြင်နေစဉ်အတွင်း စေတီတော်အတွင်းက တွေ့ရှိတဲ့ ရှေးဟောင်း ဘုရားဌာပနာတွေကို နေပြည်တော်ဆီ ပင့်ဆောင်မယ် ဆိုတဲ့အတွက် ဒေသခံတွေ မကျေမနပ်ဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းက ကန့်ကွက်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဌာပနာတွေထဲမှာ ရွှေချိန် ၄ ပိဿာကျော်ရှိတဲ့ ရှေးဘုရား ဆင်းတုတော်ကြီး အပါအ၀င် တခြား ရှေးကျတဲ့ စေတီ ဌာပနာတွေကို မြောက်ဦး ရှေးဟောင်းပြတိုက်မှာ သိမ်းဆည်းထားရာကနေ အခု ရတနာ့မာန်အောင် ဘုန်းကြီးကျောင်းကို ဒေသခံတွေက ပြောင်းရွှေ့ထားလိုက်ကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ပျက်စီးယိုယွင်းနေတဲ့ ရှေးဟောင်း လောကမဉ္ဇူ စေတီကို ပြန်လည်မွမ်းမံဖို့ ပြင်ဆင်ရာကနေ မေလ ၃၀ ရက်နေ့ညနေက ရွှေချိန် ၄ ပိဿာကျော်ရှိတဲ့ ရှေးဟောင်း ဆင်းတုတော် အပါအ၀င် တခြား ဌာပနာ ၃၈ မျိုးကို စေတီတော် အတွင်းမှာရှိတဲ့ ဘုရားပလ္လင်ရဲ့ နောက်ပိုင်းကနေ တွေ့ရှိခဲ့ကြတာဖြစ်ပြီး ဒီ ရှေးဟောင်း ဌာပနာတွေကို မြောက်ဦးမှာရှိတဲ့ ရှေးဟောင်းပြတိုက်မှာ သိမ်းဆည်းထားကြတာပါ။

ဒါပေမဲ့ အဲဒီ ဘုရားဌာပနာတွေထဲက ၂၇ ခုကို အရည်အသွေး စစ်ဆေးဖို့ နေပြည်တော်ကို ပင့်ဆောင်မယ်ဆိုပြီး စစ်တွေ ရှေးဟောင်းသုတေသန ဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူးက ဒီကနေ့မနက် မြောက်ဦးကို ရောက်လာခဲ့ပြီး ဒီသတင်းကို သိသွားတဲ့ ဒေသခံ အများအပြား မကျေမနပ်ဖြစ်ပြီး ကန့်ကွက်မှုတွေ ဖြစ်ခဲ့တယ်လို့ မြောက်ဦးဒေသခံ ဦးရွှေတင်က ပြောပြပါတယ်။

“ရတနာ့မာန်အောင် ဆရာတော်ရဲ့ ဒကာ မန္တလေးက သူဌေး ဒေါက်တာသန်းထွန်းက ပြုပြင်တာ။ ပြုပြင်တဲ့ အချိန်မှာ မထင်မှတ်ဘဲ သွားတွေ့တာ။ ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ ရှေးဟောင်းသုတေသန ဌာနခွဲ စစ်တွေရဲ့ လူကြီးပေါ့၊ အဲဒီလူကြီးက မြောက်ဦးကို သူ့ရဲ့ Super Roof ကားလေးနဲ့ လာပြီးတော့ အဲဒီဘုရားတွေကို နေပြည်တော်ကို တင်မယ်၊ သတ္တုရဲ့ အရည်အသွေးကို ဆန်းစစ်မယ် ဆိုပြီးတော့ လာတယ်။

“မြို့ကလူတွေက ဘယ်လိုမှ လက်မခံနိုင်ဘူး ဖြစ်သွားကြတာပေါ့လေ။ မြောက်ဦးက တကယ့် နိုင်ငံတော် သံဃာ့မဟာ နာယက ဆရာတော်ကြီးတွေ ရှိတယ်ဗျာ၊ ပြီးရင် လွှတ်တော်အမတ်တွေ ရှိတယ်ဗျာ၊ မြို့မိ မြို့ဖတွေ ရှိတယ်ဗျာ၊ အဲဒါတွေက မြောက်ဦး ယဉ်ကျေးမှု ပြတိုက်မှာပဲ ထားသင့်ပါတယ် ဆိုတဲ့ဟာကို သွားပြီး အရေုးဆိုကြတာပေါ့။ အဲဒီ အရေးဆိုတဲ့ အချိန်မှာ လူထုတွေက အများကြီးပဲ။

“ရွှေချိန် ၄ ပိဿာနဲ့ ၆၄ ကျပ်သား ရွှေဆင်းတုတခု ပါတယ်။ သူက လေးမြို့ခေတ်က၊ ဓည၀တီခေတ်ကဟာ ပါတယ်၊ ပြီးရင် မြောက်ဦးခေတ်ကဟာ ပါတယ်။ ရွှေဆင်းတု ပါတယ်၊ ကျောက်ဆင်းတု ပါတယ်၊ ကြေးဆင်းတု ပါတယ်။ သလင်းဆင်းတုလည်း ပါတယ်ဗျ။”

မြောက်ဦးမှာ တွေ့ရှိတဲ့ ရှေးဟောင်း အမွေအနှစ်တွေကို မြောက်ဦးမှာပဲ ထိန်းသိမ်းစောင့်ရှောက်ခွင့် ရှိသင့်တယ်လို့ ရခိုင်ပြည်နယ် ယဉ်ကျေးမှုဝန်ကြီး ဦးအောင်သန်းတင်ကလည်း ပြောပါတယ်။ မနေ့က မြောက်ဦးမြို့မှာရှိတဲ့ ဒီ ရှေးဌာပနာတွေကို သူသွားကြည့်အပြီး ဒီကနေ့ စစ်တွေမြို့ကို ပြန်အရောက်မှာ အခုလို နေပြည်တော်ကို ပင့်ဆောင်တော့မယ်ဆိုတဲ့ သတင်းတွေ မြောက်ဦးကနေ သူ့ကို လှမ်းပြောလာကြတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

“ဒီနေ့ သူတို့က ဖုန်းဆက်လို့ သွားကြည့်တာ။ သွားကြည့်တော့ ပြတိုက်မှာ တွေ့တယ်။ တွေ့တော့ ကျနော်က ဘုရားကို မ,ကြည့်တော့ လေးတယ်ဆိုပြီး ပန်းထိမ်ဆရာကို ခေါ်ပြီး စစ်ကြည့်မှ ရွှေဘုရားလို့ သိတာပါ။ ဒီဘုရားကို မြောက်ဦးမှာ ဗိမာန်တခု ဆောက်ပြီးတော့ ထားစေချင်ပါတယ်။ မြို့လူထု လက်ထဲမှာပဲ ရှိစေချင်တယ်၊ ဒီဘုရားက။”

ရခိုင်ပြည်နယ် ယဉ်ကျေးမှုဝန်ကြီး ဦးအောင်သန်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။

အခုနောက်ဆုံး သတင်းတွေ အရတော့ နေပြည်တော်ကို ပင့်ဆောင်မယ့် အစီအစဉ်ကို ရပ်ထားလိုက်ပါတယ်။ ဒါပေမဲ့ ဒေသခံတွေက စိတ်မချတော့တဲ့အတွက် ဒီ ရှေးဘုရား ဌာပနာတွေကို မြောက်ဦးဒေသခံတွေ ကိုးကွယ်တဲ့ ရတနာ့မာန်အောင် ဆရာတော်ကျောင်းကို ပြောင်းပြီး ပင့်ဆောင်ထားလိုက်ပြီလို့လည်း ဦးရွှေတင်က ပြောပြပါတယ်။

“ရှင်းရှင်းပြောရရင်တော့ ကျနော်တို့ ယဉ်ကျေးမှု အမွေအနှစ်တွေက တော်တော်များများ မလုံမခြုံတဲ့ သဘောမှာ ရှိတယ်ဗျ။ ဒါကြောင့် ဒါကို အပြင်ထွက်သွားရင် ပြန်လာမလား၊ ပြန်မလာဘူးလား၊ အဲဒါကို လူတွေက သံသယစိတ်တွေ ၀င်သွားကြတာပေါ့လေ။ အဲဒါ နောက်ဆုံးပိတ် ရတနာ့မာန်အောင် ဆရာတော်ရဲ့ ကျောင်းမှာပဲ ထားမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ထွက်လာတဲ့အတွက် အဲဒါကို ကားနဲ့ သယ်ပြီးတော့ ရတနာ့မာန်အောင် ကျောင်းကို ပင့်ဆောင်သွားပါပြီ။”

တောင်တန်းတွေဝန်းရံပြီး တမျှော်တခေါ် ကြည့်မဆုံးအောင်ကိုရှိတဲ့ မြောက်ဦးမြို့က ဘုရားပုထိုးတွေဟာ ရှေးလက်ရာ အမွေအနှစ်တွေမို့ အဖိုးမဖြတ်နိုင်လောက်အောင်ကို တန်ဖိုးရှိလှတာပါ။ ဒီလို တန်ဖိုးရှိလှတဲ့ ရှေးဘုရားပုထိုးတွေကို ရေရှည် ထိန်းသိမ်းထားနိုင်ဖို့ လိုသလို အခုဆိုရင် ဒီရှေးလက်ရာ အများအပြား ပျက်စီးမှုတွေ ကြုံနေရပြီလို့လည်း ပြောပါတယ်။

“ကျနော်တို့ မြောက်ဦးက တောင်တွေ ထပ်ပြီးတော့ ရှိနေတဲ့မြို့ဗျ။ အဲဒီ တောင်တိုင်း တောင်တိုင်းက စေတီ ပုထိုးတွေချည်းပဲ။ တအားများတယ်၊ ကြည့်လိုက်ရင် အကုန်လုံး အပျက်တွေချည်းပဲ။ ဒါပေမဲ့ ဒီဘက်က နိုင်ငံတော် အပိုင်းကလည်း ပြုပြင်သလောက်တော့ ပြုပြင်တာပေါ့ဗျာ။ ပြုပြင်ပေမဲ့ ရှိနေတဲ့ဟာနဲ့ ပြုပြင်တာနဲ့ ဘယ်လိုမှ လိုက်မမီဘူး။ ရှိတဲ့ဟာက အများကြီး၊ လုပ်တဲ့ဟာက နည်းနည်းလေးဆိုတော့ ဘယ်လိုမှ လိုက်မမီဘူးဗျ၊ အကုန်လုံး ပြိုတာ ပျက်တာတွေချည်းပဲ။ ကျနော်တို့ မြောက်ဦးမြို့ရဲ့ လူဦးရေနဲ့လည်း ဒါတွေကို ပြုပြင်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။”

မြောက်ဦးမြို့ခံ ဦးရွှေတင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

မနှစ် နိုဝင်ဘာတုန်းကလည်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ရှေးဟောင်း သမိုင်းဝင် နေရာတွေကို ဖြတ်သန်းဖောက်လုပ်မယ့် ရထားလမ်း ဖောက်လုပ်မယ် ဆိုတဲ့အတွက် ရဟန်းသံဃာတွေ အပါအ၀င် ဒေသခံတွေက လမ်းကြောင်းပြောင်း ဖောက်လုပ်ဖို့ အာဏာပိုင်တွေကို ကန့်ကွက်တာတွေ လုပ်ခဲ့ကြရပါတယ်။


ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး လစ်ဗျား အတိုက်အခံမြို့ ရောက်ရှိ
By ဗွီအိုအေ (မြန်မာဌာန) စနေ, 04 ဇွန် 2011

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလီယမ် ဟိဂ် (William Hague) ဟာ လစ်ဗျားက အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဘန်ဂါဇီ (Benghazi) မြို့ကို ရောက်နေပါတယ်။ လစ်ဗျားပြည်သူတွေကို ထောက်ခံ အားပေးနေတယ် ဆိုတာကို ပြသဖို့အတွက် ဒီကို ရောက်လာတာလို့ ဆိုပါတယ်။

ဘန်ဂါဇီမြို့မှာ လစ်ဗျား အတိုက်အခံတွေ ဖွဲ့စည်းထားတဲ့ အသွင်ကူးပြောင်းရေး ကောင်စီနဲ့လည်း သူ တွေ့ဆုံသွားဖို့ ရှိပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး လစ်ဗျားကို ရောက်လာတာဟာ နိုင်ငံခြား တိုင်းပြည်တွေထဲက အဆင့်မြင့် အရာရှိကြီးတွေထဲက တဦးအဖြစ် လစ်ဗျား အတိုက်အခံတွေနဲ့ လာတွေ့တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) တပ်ဖွဲ့တွေကို နေတိုးတပ်ဖွဲ့တွေက ဒီနေ့ ဗုံးကြဲတိုက်ခိုက်မှု စတင်ပြီး တိုးမြှင့် လုပ်ဆောင်ခဲ့ပါတယ်။ အနိမ့်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ အနေနဲ့ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်တာကို ပထမတကြိမ်အဖြစ် ဒီနေ့ စတင် လုပ်ဆောင်ခဲ့တာပါ။

ဗြိတိန်နဲ့ ပြင်သစ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ကြတာလို့ နေတိုးတပ်ဖွဲ့က ပြောပါတယ်။ ရေဒါစခန်းတခု၊ လက်နက်စစ်ဆေးရေး ဂိတ်တခု အပါအ၀င် ပစ်မှတ် အခု ၂၀ လောက်ကို ဖျက်ဆီးခဲ့တယ်လို့ နေတိုးတပ်ဖွဲ့ အရာရှိတွေက ဆိုပါတယ်။

ဗြိတိန်နဲ့ ပြင်သစ် ခေါင်းဆောင်တွေက အခုလို တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ သုံးစွဲဖို့ အခုရက်ပိုင်း အတွင်းမှာပဲ ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုခဲ့တာဖြစ်ပြီး အဲဒီ ရဟတ်ယာဉ်တွေမှာ မစ်ဆိုင်းဒုံးကျည်တွေ တပ်ဆင်ထားပါတယ်။

တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အသုံးပြု တိုက်ခိုက်တာဟာ အောင်မြင်မှု ရှိတယ်လို့ လစ်ဗျားက နေတိုးတပ်ဖွဲ့ တပ်မှူးကြီးက ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေကြောင့် အရပ်သူ အရပ်သားတွေ ထိခိုက် သေဆုံးမှုတွေလည်း နည်းပါးနိုင်တယ်လို့ ပြောပါတယ်။



အခိုင်အမာ ခြေလှမ်းများ လှမ်းရန် ဂျွန်မက်ကိန်း တိုက်တွန်း
Thea Forbes စနေနေ့၊ ဇွန်လ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၂၈ မိနစ်



ချင်းမိုင် (မဇ္ဈိမ) ။ ။ `စကားအလှများ´ ပြောနေရုံသက်သက်သာ မဟုတ်ဘဲ `အခိုင်အမာ ခြေလှမ်းများ´ လှမ်းပါရန် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက သူ၏ ၃ ရက်ကြာ မြန်မာခရီးစဉ်အပြီး သောကြာနေ့တွင် မြန်မာအစိုးရကို တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ ၃ ရက်ကြာ ခရီးစဉ်အတွင်း ဂျွန်မက်ကိန်းသည် ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အပါအ၀င် အခြား အရေးပါသော အစိုးရခေါင်းဆောင်များ၊ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး NLD က ရန်ကုန်တွင် ဖွင့်လှစ်ထားသော HIV/AIDS `ကယ်ဆယ်ရေးဂေဟာ´ သို့လည်း သွားရောက်ကြည့်ရှုခဲ့သည်။

`အစိုးရသစ်သည် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ရန် စိတ်ဆန္ဒရှိနေကြောင်း´ ထင်ရှားသည်ဟု လွန်ခဲ့သော ၁၅ နှစ်လုံးလုံး ဗီဇာငြင်းပယ်ခံခဲ့ရသည့် မစ္စတာမက်ကိန်းက တွေ့ဆုံဆွေးနွေးပွဲများအပြီး ပြောကြားခဲ့သည်။



မြန်မာနိုင်ငံကို နောက်တခေါက် လာရောက်ရသည့်အတွက် `အလွန်ဝမ်းမြောက်ကြောင်း´ အနာဂတ် အမေရိကန်-မြန်မာ ဆက်ဆံရေးအတွက်လည်း အကောင်းမြင် မျှော်လင့်ချက်ထားရှိပါကြောင်း သူက ပြောကြားသည်။

အမေရိကန်အနေနှင့် မည်သည့်နိုင်ငံနှင့်မျှ ဆက်ဆံရေး ဆိုးရွားစေလိုသည့် ဆန္ဒမရှိကြောင်း နှစ်နိုင်ငံကြား အလွန်ပင် ဆက်ဆံရေး ဆိုးရွားခဲ့သည့် အိမ်နီးချင်း ဗီယက်နမ်နှင့် သံတမန်ရေးဆက်ဆံမှု တိုးတက်လာမှုကို ဥပမာပေးကာ သူက အလေးပေး ပြောကြားသွားခဲ့သည်။

`အခု အစိုးရသစ်ဟာ အတိတ်နဲ့နှိုင်းစာရင် အပြောင်းအလဲ တစုံတရာရှိခဲ့တာကို ကျနော် အသိအမှတ်ပြုပါတယ်။ သို့သော် ကျနော် မနေ့က အစိုးရအရှာရှိတွေနဲ့ တွေ့ဆုံတုန်း ပြောခဲ့သလိုပါဘဲ ဆက်ဆံရေး တိုးတက်လာဖို့ဆိုတာ စကားအလှတွေ ပြောနေရုံနဲ့ မရဘူး၊ အခိုင်အမာ လုပ်ဆောင်ပြဖို့ လိုတယ်´ ဟု အမေရိကန်သံရုံးသို့ လာရောက်သော အကဲခတ်များကို သူက ပြောကြားခဲ့သည်။

`ထိတွေ့ဆက်ဆံရေးမူဝါဒအရ ကြိုးပန်းမှုတွေဟာ ရလဒ်ပြနိုင်ရမယ်၊ အချိန်အကန့် အသတ်ရှိရမယ်´ ဟုလည်း အလျင်အမြန် အပြောင်းအလဲများ ပြုလုပ်ရန် သူက တိုက်တွန်းပြောကြားသွားသည်။

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံအပေါ် ထားရှိသော ထိတွေ့ဆက်ဆံရေးမူဝါဒသည် အရေးပါသော ခြေလှမ်းများ လှမ်းနိုင်မှုအပေါ်တွင် မူတည်နေပြီး၊ ဤသို့လှမ်းနိုင်မှသာ မြန်မာအစိုးရသည် ဒီမိုကရေစီရေး အပြောင်းအလဲများ ပြုလုပ်ရန် အမှန်တကယ် ပိုင်းဖြတ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သက်သေပြနိုင်မည်ဖြစ်ကာ အမေရိကန်ဘက်ကလည်း အပြန်အလှန် အပြောင်းအလဲများ ပြုလုပ်လိုသည့် ဆန္ဒပေါ်လာစေမည်ဖြစ်ကြောင်း သူက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးရေးသည်လည်း မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီ အပြောင်းအလဲများ ပေါ်ပေါက်ရေးအတွက် အရေးပါသော လိုအပ်ချက်ဟု သူက သာဓကအဖြစ် ပြောခဲ့သည်။

အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုမူဝါဒတွင် လက်ရှိ ပိုနေမြဲကျားနေမြဲ အခြေအနေမှ ပြောင်းလဲရန် လိုအပ်ပြီး ထိုသို့အပြောင်းအလဲများ အထင်အရှား ပေါ်ပေါက်လာခြင်းမရှိပါက ပိတ်ဆို့အရေးယူမှုသည်လည်း ဆက်လက်ရှိနေဦးမည်ဟု သူက ပြောသည်။ `ဒီမိုကရေစီရေး အပြောင်းအလဲအတွက် နက်နက်ရှိုင်းရှိုင်း စိတ်ဆန္ဒရှိနေတယ်ဆိုတာကို သက်သေပြနိုင်တဲ့ အခိုင်အမာခြေလှမ်းတွေကို ဒီအစိုးရအနေနဲ့ မလုပ်ဆောင်နိုင်ရင် ပိတ်ဆို့အရေးယူမှုတွေကို ဖြေလျှော့ပေးနိုင်မယ့် အလားအလာလည်း ရှိမှာမဟုတ်ပါဘူး´ ဟု သူက ဆိုသည်။

ရှိရင်းစွဲ ပိတ်ဆို့အရေးယူမှုများကို ပိုမိုထိရောက်စေရေးအတွက် တိုးတက်ကောင်းမွန်အောင် လုပ်ဖို့လိုသေးသည်ဟုလည်း သူက ပြောသည်။ `တကယ်တော့ ကျနော်တို့ လုပ်ရမှာ လက်ရှိ ရှိနေတဲ့ ပိတ်ဆို့အရေးယူမှုတွေကို အကောင်အထည်ဖော်ရာမှာ ပိုမိုထိရောက်တဲ့ နည်းလမ်းတွေကို ရှာဖို့ပဲ´ ဟုလည်း သူက ပြောသည်။

အမျိုးသား ရင်ကြားစေ့ရေး ဒီမိုကရေစီလုပ်ငန်းစဉ်ဖြင့် တိုင်းပြည်ကို တစည်းတလုံးတည်း ဖြစ်အောင်လုပ်ရာတွင် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်လည်း မစ္စတာမက်ကိန်းက တောင်းဆိုလိုက်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ကြေညာချက်ဖြစ်သည့် `မည်သည့် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွင်မဆို ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား လူနည်းစုများ၊ အခြားအတိုက်အခံခေါင်းဆောင်များ၊ NLD တို့ ပါဝင်ရမည်´ ကို သူသဘောတူညီကြောင်းနှင့် NLD သည် ယခင်က တရားဝင် ပါတီအဖြစ် အသိအမှတ်ပြုခံခဲ့ရသည့် ပါတီဖြစ်ပြီး ယခုလည်း တရားဝင်နိုင်ငံရေးပါတီ တရပ်အဖြစ် နောက်ထပ် ပြန်လည်အသိအမှတ်ပြုသင့်ကြောင်းလည်း သူက ပြောသည်။

အနုမြူမပြန့်ပွားရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို လိုက်နာရန်လည်း သူက မြန်မာအစိုးရကို တောင်းဆိုသွားသည်။ မြန်မာနိုင်ငံ၏ နျူကလီးယား အစီအစဉ်ကို ရပ်တန့်ထားပြီးဖြစ်ကြောင်း အဆိုပါခရီးစဉ်အတွင်း ဒုသမ္မတ သီဟသူရ ဦတင်အောင်မြင့်ဦးက သူ့ကို ပြောဆိုခဲ့သည်ဟု ဆိုသည်။ အစိုးရထုတ်သတင်းစာ မြန်မာ့အလင်းတွင် ဖော်ပြထားချက်အရ `မြန်မာနိုင်ငံအနေဖြင့် အနုမြူလက်နက်များ ထုတ်လုပ်ရန် အခြေအနေမရှိပါကြောင်း၊ ထိုသို့ထုတ်လုပ်နိုင်ရန် စီးပွားရေးအင်အားလည်း တောင့်တင်းခြင်း မရှိပါကြောင်း´ ဒုသမ္မတက သူ့ကို ပြောကြားခဲ့သည်။

`မြောက်ကိုရီးယားအစိုးရနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု မှန်သမျှကို ရပ်ဆိုင်းရန်နှင့် နိုင်ငံတကာ ဥပဒေအရ တာဝန်ရှိမှုများကိုလည်း လေးစားလိုက်နာပါရန်´ သူက မြန်မာအစိုးရကို တောင်းဆိုပြောကြားခဲ့သည်။

ရန်ကုန်မြို့ပြင်ပသို့ ထွက်ရန် ရည်ရွယ်ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် မြန်မာအစိုးရအတွက် အပြောင်းအလဲများကို အမှန်တကယ် လိုလားကြောင်း ပြသရန် အခွင့်အရေးတရပ်ဟုလည်း သူက ပြောဆိုခဲ့သည်။ ယခင်က ဖြစ်ပွားခဲ့သော NLD ပါတီဝင်များ၏ နိုင်ငံရေး လူထုအစည်းအဝေးကြီးများကို အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းများကို ရည်ညွှန်း၍ သူက `ယခင်ကကဲ့သို့သော အဖြစ်အပျက်များ ယခုတခါ မဖြစ်ပေါ်စေရေးအတွက် အစိုးရသစ်၏ ဆောင်ရွက်နိုင်စွမ်းနှင့် လိုလိုလားလား ရှိမှုသည် သူတို့၏ အပြောင်းအလဲအပေါ် တကယ်စိတ်ဆန္ဒရှိမှုကို စမ်းသပ်မည့် အရေးကြီးသော စမ်းသပ်ချက်တရပ်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို အကာအကွယ်ပေးရေးသည် ထင်ရှားသော နိုင်ငံသားတဦးကို ပေးအပ်သည့် အထူးအခွင့်အရေးမျှသာ မဟုတ်ဘဲ လူသားဂုဏ်သိက္ခာအတွက် တောင်းဆိုမှုတရပ်လည်းဖြစ်ကာ နိုင်ငံသားတိုင်း ရထိုက်သော အခွင့်အရေးတရပ်လည်းဖြစ်သည်ဟု ပြောဆိုသည်။

နအဖ ၏ လူမှုရေးအသင်းဟုဆိုကာ ယခုအခါ အစိုးရရာထူးကြီးမျာကို ရယူထားသည့် ယခင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့၏ အဖွဲ့ဝင်များနှင့် စစ်အစိုးရ ဗိုလ်ချုပ်ကြီးများသည် NLD ပါတီဝင်များ၏ ယာဉ်တန်းကို ၂၀၀၃ ခုနှစ်တွင် ဒီပဲယင်း၌ တိုက်ခိုက်ခဲ့ရာတွင် စီစဉ်ကြံစည်ခဲ့ကြသည်ဟု စွပ်စွဲပြောဆိုမှုများ ရှိသည်။ ယင်းဒီမိုကရေစီစနစ် ဆန့်ကျင်သည့် လုပ်ရပ်၌ NLD ပါတီဝင် အနည်းဆုံး ၇၀ ကို ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်များက သတ်ဖြတ်ခဲ့သည်ဟုလည်း ဆိုကြသည်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူသားဖြစ်မှုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးနိုင်ရန်အတွက် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းစစ်ဆေးရေး ဆက်လက် လုပ်ဆောင်ရန်လည်း မစ္စတာမက်ကိန်းက ကမ္ဘာ့နိုင်ငံများကို တောင်းဆိုပြောကြားသွားသည်။ သို့သော် ထိုသို့ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းစစ်ဆေးရေးကို ထောက်ခံပြောကြားခြင်းသည် `လက်စားချေရန်နှင့် အပြစ်ပေးဒဏ်ခတ်ရန်´ တောင်းဆိုခြင်း မဟုတ်ကြောင်းလည်း သူက အလေးပေးပြောဆိုခဲ့သည်။ `အရာရာကို တာဝန်ခံမှုရှိစေရန်နှင့် မြန်မာပြည်သူလူထုအတွက် တရားမျှတမှု ပေါ်ပေါက်ရေးအတွက်သာဖြစ်ကြောင်း´ သူက ပြောဆိုခဲ့သည်။

သူက အာရပ်ကမ္ဘာတွင် ဖြစ်ပေါ်လျက်ရှိသော နွေဦးရာသီ တော်လှန်ရေးများကို ရည်ညွှန်းကာ `ယခုအခါ အပြောင်းအလဲများ ဖြစ်ပေါ်တော့မည့် လက္ခဏာများကို တွေ့မြင်နေကြရပြီဖြစ်သည်။ ထိုအပြောင်းအလဲများသည် အာရပ်ကမ္ဘာတွင်သာ ရပ်တန့်နေမည် မဟုတ်ပါ။ တရွေ့ရွေ့ပြောင်းလဲသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အစိုးရများက ရှောင်ဖယ်နေမည်ဆိုလျှင် တော်လှန်ရေးနည်းဖြင့် ဖြစ်ပေါ်မည့် အပြောင်းအလဲများကို သူတို့ ရင်ဆိုင်ကြရမည်။ ထိုသို့ရွေးချယ်ခွင့်ကို ရွှေ့ဆိုင်းထား၍မူ ရနိုင်ကောင်း ရနိုင်ပါသည်၊ အချိန်ဆွဲထား၍ ရကောင်းရနိုင်ပါသည်၊ သို့သော် ငြင်းပယ်၍မူ ရမည်မဟုတ်ပါ´ ဟု သတိပေးပြောကြားသွားခဲ့သည်။

မြို့တော်သစ် နေပြည်တော်ကို အမေရိကန်ဒေါ်လာ ၃၀ ဘီလျံ အကုန်ခံ၍ တည်ဆောက်ခဲ့သော လက်ရှိအစိုးရကို ဖွံ့ဖြိုးမှုအတွက် တကယ်လိုအပ်နေသည့် အရာများကိုလည်း ပိုမိုအာရုံစိုက် လုပ်ဆောင်ပါရန်လည်း သူက တိုက်တွန်းပြောကြားသွားသည်။ `ပြည်သူလူထုအတွက် အကောင်းဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အရာများကို မျက်ခြည်မပြတ်ရန်လည်း လိုပါသည်။ တိုင်းပြည်တွင်းရှိ အရေးတကြီး စိန်ခေါ်နေသည့် ပြဿနာများဖြစ်သော ကျန်းမာရေး၊ ဆင်းရဲမွဲတေမှု၊ ပညာရေး၊ အုပ်ချုပ်မှု စသည်တို့ကိုလည်း အစိုးရသစ်က အလားတူ ကိုင်တွယ်ဆောင်ရွက်သင့်ပါကြောင်း၊ နေပြည်တော် တည်ဆောက်စဉ်က အသုံးပြုခဲ့သော ဇွဲနှင့် အရင်းအမြစ်များ အတိုင်းပင် အသုံးပြု ဆောင်ရွက်သင့်ပါသည်´ ဟု သူက ပြောသည်။

`အစိုးရသစ်က တကယ့်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို စစ်စစ်မှန်မှန် လုပ်ဆောင်လိုစိတ် ရှိသည်ဆိုပါက သူတို့သည် အမေရိကန် ပြည်ထောင်စုဘက်မှ အလားတူ လိုလိုလားလား ဆောင်ရွက်မည့်သူကို တွေ့နိုင်မှာ ဖြစ်ပါသည်´ ဟုလည်း သူက ပြောသည်။


ဦးသိန်းစိန်အစိုးရ၏လမ်းစဉ်သည် မဟာဗမာလူမျိုးကြီးဝါဒ ဖော်ဆောင်ခြင်းသာဖြစ်
Saturday, 04 June 2011 21:50 KNG



ယခုအပတ် မြန်မာအစိုးရ၏ မေရိကန်နှင့် တရုတ် အထက်တန်းအရာရှိများအား လက်ခံတွေ့ဆုံခြင်းသည် တိုင်းရင်းသား နိုင်ငံရေးရပိုင်ခွင့်အပြည့်ရှိသည့် ဒီမိုကရေအပြောင်းအလဲအတွက် မဟုတ်ဘဲ မူရင်း "မဟာဗမာလူမျိုးကြီး ၀ါဒ" အား ဖော်ဆောင်ခြင်းသာဖြစ်ကြောင်း တိုင်းရင်းသားနိုင်ငံရေးသုံးသပ်သူများ ပြောသည်။

၁၉၆၂ က ဗမာစစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း စတင်ခဲ့သည့် လမ်းစဉ်ကို ၎င်းအားဆက်ခံသူများက ပိုပိုပြီး လက်တွေ့ကျင့်သုံးလာသည်။



မတူကွဲပြားသော ရောင်စုံတိုင်းရင်းသားအားလုံးကို တစ်ရောင်တည်း (ဗမာတစ်မျိုးတည်း) အရေဖျော်ပြီးမှသာ နိုင်ငံတွင် ငြိမ်းချမ်းရေးရရှိမည်ဟု ဗမာစစ်အာဏာရှင်များ ယနေ့အထိ ခံယူထားကြောင်း အမည်မဖော်လိုသူ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အရာရှိတစ်ဦးပြောသည်။

လက်ရှိ အရပ်သားအယောင်ဆောင် မြန်မာစစ်အစိုးရသစ်က အမေရိကန်နှင့် တရုတ် အရာရှိများကို တစ်ပတ်အတွင်း တွေ့ဆုံခြင်းသည်လည်း ဗမာလူမျိုးကြီးဝါဒကို ဖော်ဆောင်ခြင်း လုပ်ရပ်တခုဖြစ်သည်ဟု ဆက်ဆိုသည်။

အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဒုသမ္မတ ဦးတင်အောင်မြင့်ဦး၊ ပြည်ထောင်စုလွှတ်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရွှေမန်းနှင့် အခြားအရာရှိများကို ဇွန် ၁ ရက်တွင် တွေ့ဆုံခဲ့သည်။

ဂျွန်မက်ကိန်းသည် မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းသူ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ဇွန် ၂ ရက်တွင် တွေ့ဆုံခဲ့သည်။

တချိန်ထဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါလစ်ဗျူရိုအဖွဲ့ဝင် လီယွန်ချောင်သည် ဇွန် ၂ ရက်တွင် မြန်မာနိုင်ငံသို့လာရောက်ပြီး သမ္မတဦးသိန်းစိန်၊ ဦးတင်အောင်မြင့်ဦးနှင့် သူရရွှေမန်းတို့နှင့်တွေ့ဆုံခဲ့သည်။

“မက်ကိန်းရဲ့ခရီးစဉ်ဟာ မြန်မာဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် အရေးကြီးတယ်။ တရုတ်အရာရှိရဲ့ လာရောက်မှုက မြန်မာပြည်ကို စစ်တပ်ထိန်းချုပ်မှုကိုအဆုံးသတ်မယ်ဆိုတဲ့မက်ကိန်းရဲ့ ကတိကို ချေဖျက်နေတယ်လို့ ထင်တယ်” ဟု အမေရိကန်နိုင်ငံဖလော်ရီဒါရှိ ဒူဝါမရန်ဇော်အောင်ပြောသည်။

ဒူဝါဇော်အောင်သည် ၉၀ ရွေးကောက်ပွဲ NLD ပါတီမှ ကချင်ပြည်နယ် ၀ိုင်းမော် ပြည်သူ့လွှတ်တော်အမတ်ဖြစ်သည်။

မြန်မာနိုင်ငံရေးမငြိမ်သက်မှုကိုစောင့်ကြည့်ရန် တရုတ်သည် မြန်မာနယ်စပ်တွင် စစ်စခန်းတည်ဆောက်နေသည့် အပြင် မြန်မာ-အမေရိကန်ဆက်ဆံရေးကိုလည်း စောင့်ကြည့်နေသည်။

မြန်မာနိုင်ငံရေးသမားများနှင့် မြန်မာစစ်ခေါင်းဆောင်များသည် ကောက်ကျစ်သည့်အတွက် ၎င်းတို့အားမယုံကြည်သင့်ဟု ဗမာပြည်ကွန်မြူနစ်ပါတီ အရာရှိဟောင်းဘွမ်ထွယ်ပြောသည်။

၎င်းတို့ရဲ့အကျိုးအတွက် အမေရိကန်နှင့်တရုတ် နိုင်ငံကြီးနှစ်ခုကြား နိုင်ငံရေးကစားနေခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

တရုတ်ကွန်မြူနစ်အစိုးရနှင့် မြန်မာစစ်တပ်အစိုးရသည် လူ့အခွင့်အရေးချိုးဖောက်မှု၊ အထူးသဖြင့် ဘာသာရေး၊ လူနည်းစုတိုင်းရင်းသားများနှင့် အတိုက်အခံနိုင်ငံရေးသမားများကို ဖိနှိပ်သည့်မှတ်တမ်းများ တူညီစွာ ရှိကြပါသည်။

တိုင်းရင်းပေါင်းစုံနေထိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် ဗမာ၊ ရှမ်း၊ ချင်းနှင့် ကချင် ခေါင်းဆောင်များ သဘောတူရေးထိုးခဲ့သည့် ၁၉၄၇ ပင်လုံစာချုပ်အတိုင်း ပေါ်ထွန်းလာခြင်းဖြစ်သည်။

သို့သော် ၁၉၄၈ အင်္ဂလိပ်မှ လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စုအား အတူထူထောင်သူများနှင့် ကျန်တိုင်းရင်းသား အားလုံးသည် လူများစု ဗမာတိုင်းရင်းသားများ၏ ဖိနှိပ်အုပ်ချုပ်ခြင်းကို ခံရပါသည်။

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတချို့ စာပေစိစစ်ရေးအဖွဲ့က ပိတ်ပင်ဟန့်တား
2011-06-04 RFA

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတဲ့ ဓာတ်ပုံတွေကို စာပေစိစစ်ရေးအဖွဲ့က သတင်းဂျာနယ်တွေမှာ ဖော်ပြခွင့် မပေးဘူးလို့ သိရပါတယ်။

မစ္စတာ ဂျွန်မက်ကိန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တွဲလျက် ပုံတွေကို ထည့်ခွင့်မရဘူးလို့ စာနယ်ဇင်း အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“အောင်ဆန်းစုကြည်ရဲ့ ပုံတွေ သတင်းတွေ မဖော်ပြရဘူး သိလား။ ဂျွန်မက်ကိန်းနဲ့ အောင်ဆန်းစုကြည် ပုံတွေ ရိုက်ထားတာ အများကြီးပဲ၊ လှလည်း လှတယ်။ အဲဒါ ဘယ်ဂျာနယ်မှာမှ မထည့်ရဘူး။ ဂျွန်မက်ကိန်းကိုပဲ ထည့်တဲ့။ ဒေါ်စု ပါရင် ထည့်လို့ကို မရဘူး။ ဒေါ်စု မပါဘဲနဲ့ ဂျွန်မက်ကိန်း တယောက်တည်းကိုပဲ ထည့်လို့ရှိရင် ထည့်၊ ဒေါ်အောင်ဆန်းစုကြည် ပါလို့ရှိရင် မထည့်နဲ့၊ ဒါပဲပြောတယ် သူတို့က”

တချို့ သတင်းဂျာနယ်တွေကတော့ စာပေစိစစ်ရေးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာမက်ကိန်း တွေ့ဆုံတဲ့ သတင်းတွေ တင်ထားပြီး ဖော်ပြခွင့်ရ မရ မသိရသေးဘူးလို့ ဂျာနယ်တစောင်က ပြောပါတယ်။ ဒီနေ့ ထွက်တဲ့ Favorite ၊The Voice နဲ့ NewsWatch စာစောင်တွေမှာတော့ မပါဘူးလို့ သိရပါတယ်။

ဈေးကွက်အရ သတင်းဂျာနယ်တွေ အားလုံး ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ဖော်ပြချင်ကြတယ်လို့လည်း စာနယ်ဇင်း အသိုင်းအဝိုင်းက ပြောပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Vijay Nambiar မြန်မာနိုင်ငံကို မေလမှာ ရောက်ခဲ့တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာကို ဂျာနယ်တွေက မျက်နှာဖုံးသတင်း ဖော်ပြဖို့ စာပေစိစစ်ရေး တင်တဲ့အခါ ပုံကြီး တင်ခွင့်မပေးဘဲ ပုံအသေးပဲ တင်ခွင့် ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ သတင်းကို မျက်နှာဖုံးမှာ ဖော်ပြတဲ့အတွက် The Voice ဂျာနယ် အပါအဝင် စာစောင် ၉ စောင် ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းခံခဲ့ရပါတယ်။

အာဏာပိုင်တွေနဲ့ အလွမ်းသင့်တယ်လို့ အများက ပြောနေကြတဲ့ ဦးမြတ်ခိုင် အယ်ဒီတာချုပ် လုပ်တဲ့ လျှပ်တပြက် ဂျာနယ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင်ငံရေးသမားဟောင်းတွေအကြောင်း ဖော်ပြတဲ့အတွက် ရောင်းအား ကောင်းတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားတဲ့နှစ် ၁၉၁၅ ကို ၁၉၁၃ ဆိုပြီး မှားယွင်း ဖော်ပြတာတွေ ရှိတယ်လို့ ဝါရင့် စာနယ်ဇင်းသမားတဦးက ထောက်ပြပါတယ်။


မြန်မာအမျိုးသမီးတွေ တရုတ်ပြည်မှာ သတို့သမီးအဖြစ် ရောင်းစားခံနေရ
2011-06-04 RFA

မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော် လူမှောင်ခိုလုပ်ငန်းတွေမှာ ရောင်းစား ခံရတဲ့ အမျိုးသမီး အများစုဟာ တရုတ်ပြည်မှာ အလုပ်အကိုင်ရမယ်လို့ လှည့်ဖြားခေါ်ဆောင်ခံရပြီး နောက်ပိုင်းမှာ တရုတ် လူမျိုးတဦးရဲ့ သတို့သမီးအဖြစ် ရောင်းစားခံရတာမျိုး ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဌာနက ထုတ်ဝေတဲ့ IRIN စာစောင်က ဇွန်လ ၃ ရက်နေ့မှာ ထုတ်ဖော် ရေးသားလိုက်ပါတယ်။

ကုလသမဂ္ဂ ဌာနပေါင်းစု လူကုန်ကူးမှု တိုက်ဖျက်ရေးစီမံကိန်း UNIAP ရဲ့ အဆိုအရ ၂ဝ၁ဝ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံက လူမှောင်ခိုကူးမှု ၇ဝ ရာခိုင်နှုန်းဟာ တရုတ်ပြည်ကို လှည့်ဖြား ခေါ်ဆောင်ပြီး သတို့သမီးအဖြစ် ရောင်းစားခံရတဲ့ အမှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ အမျိုးသမီးတွေဟာ မိုင်ပေါင်း ၁၂ဝဝ ကျော်ရှိတဲ့ တရုတ်မြန်မာ နယ်စပ်တလျောက်ကနေ တရုတ်နိုင်ငံဘက်မှာ လူပွဲစားတွေက တဆင့် အရောင်းစားခံရတာဟာ ပြီးခဲ့တဲ့ ၁ဝ နှစ်တာ ကာလကတည်းက ဖြစ်တယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံက အိမ်ထောင်ဖက်မယ့် အမျိုးသားတွေက မင်္ဂလာဆောင်ဖို့ စီစဉ်သူပွဲစားကို အမေရိကန် ဒေါ်လာ ၈ ထောင် ဝန်းကျင် ပေးလေ့ရှိပြီး မြန်မာဘက်က ဆင်းရဲတဲ့ မိဘတွေကတော့ မိသားစု အဆင်ပြေဖို့ ဒေါ်လာ ၁ ထောင်လောက်နဲ့ လက်ခံ လိုက်လျောတာတွေ ရှိတယ်လို့ UNIAP က ဆိုပါတယ်။

ဒီလို တရုတ်နယ်စပ်ဖြတ် မင်္ဂလာဆောင်မှု စီစဉ်တာတွေဟာ ၂ဝဝ၂ ခုနှစ်လောက်ကတည်းက စခဲ့ပြီး ၂ဝဝ၆ ခုနှစ်မှာ နိုင်ငံတကာ လူ့အခွင့်ရေးအဖွဲ့တွေက သတိထားလာမိခဲ့ကြောင်း၊ ၂ဝဝ၉ ခုနှစ်မှာ ဒီလို စီစဉ်တာတွေကို လူမှောင်ခိုကူးမှုအဖြစ် နှစ်နိုင်ငံ အစိုးရတွေက အသိအမှတ်ပြုပြီး တိုက်ဖျက်နှိမ်နင်းဖို့ သဘောတူခဲ့ကြောင်း Save The Children အဖွဲ့က ပြောပါတယ်။

၂ဝ၁ဝ ပြည့်နှစ်အတွင်း တရုတ်မြန်မာနယ်စပ်က လူမှောင်ခိုကူးသူ ၅ဝ၂ ဦးကို ဖမ်းဆီး အပြစ်ပေးနိုင်ခဲ့ပြီး လူမှောင်ခို ကူးခံရသူ အမျိုးသား ၈၉ ဦးနဲ့ အမျိုးသမီး ၂၉၂ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ယီမင် သမ္မတ ဒဏ်ရာ အစိုးရ တရားဝင် ပြောကြား
BBC News။ ။ 04-06-2011

Salehဒဏ်ရာ ရပြီး ဆော်ဒီကို ဆေးကုသမှု ခံဖို့ ထွက်သွားတဲ့ သမ္မတ ဆာလေးသောကြာနေ့က ယီမင် သမ္မတ အိမ်ဝင်းကို ဒုံးကျည် ကျရာမှာ သမ္မတ ဆာလေး ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို့ ယီမင် အစိုးရက စနေနေ့ညက ဝန်ခံ ပြောကြား ခဲ့ပါတယ်။အစောပိုင်းက သမ္မတ ဆာလေး ဒဏ်ရာနဲ့ ပတ်သက်ပြီး ထင်ကြေးပေး ပြောဆိုမှု အဆင့် မှာဘဲ ရှိခဲ့ပေမယ့် ခုနောက်ဆုံး အစိုးရရဲ့ အတည်ပြုချက် အရ သူ့ဒဏ်ရာဟာ မူလ မှန်ထားကြတာထက်တောင် ပြင်းတာ သိလာရပါတယ်။

ဗုံးဆံတခုဟာ သူ့ နှလုံးနဲ့ တစင်တီမီတာ အကွာလောက်ထိ စိုက်ဝင်ခဲ့ပြီး မျက်နှာနဲ့ ရင်ဘတ် တွေမှာလည်း မီးလောင် ဒဏ်ရာတွေ ရသွားခဲ့ပါတယ်။သူ့ကို လောလောဆယ် ဆေးရုံ တင်ထားတယ်လို့ အစိုးရက ဘီဘီစီကို ပြောပြပါတယ်။အစောပိုင်းက သူဟာ ဆော်ဒီအာရေဗျ နိုင်ငံကို သွားပြီး ဆေးကုသမှု ခံယူမလား၊ ဒါမှမဟုတ် နိုင်ငံခြားက ခွဲစိတ် ကုသမဲ့ အဖွဲ့ တဖွဲ့ကို တိုင်းပြည်ထဲ ခေါ်မလား သတင်းတွေ အမျိုးမျိုး ထွက်လာပေမယ့် ခုနောက်ဆုံး သူဟာ ဆော်ဒီ အာရေဗျကို ဆေးကုသမှု ခံယူဖို့ ထွက်သွား တာကို အတည် ပြုနိုင်ခဲ့ပါတယ်။

သမ္မတ အိမ်တော်ဝင်းကို အစိုးရနဲ့ ထိပ်တိုက် တွေ့နေတဲ့ လူမျိုးစု လက်နက်ကိုင် သူပုန်အဖွဲ့ တဖွဲ့က ပစ်ခတ်တာလို့ သမ္မတ ဆာလေးက စွပ်စွဲပေမယ့် ကာယံကံရှင် သူပုန် အဖွဲ့ ခေါင်း ဆောင် အာမာ မိသားစုကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းပါတယ်။သမ္မတ ထိခိုက် ဒဏ်ရာ ရသွားမှုဟာ ယီမင်က အကြမ်းဖက်မှုတွေ အရှိန် မြင့်လာတာကို ပြနေပြီး စစ်တပ်နဲ့ လုံခြုံရေး ဌာနတွေကို ကိုင်ထားတဲ့ သမ္မတရဲ့ သားနဲ့ တူတွေက လက်စား ချေ တုန့်ပြန် တိုက်ခိုက်လာရင် ခုပဋိပက္ခဟာ တနိုင်ငံလုံးထိ ပြန့်လာမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

သမ္မတ ဆာလေးကို ရာထူးက ဆင်းပေးရင် နောက်ပိုင်း တရား စွဲဆိုမှုတွေကနေ ကင်းလွတ် ခွင့် ပေးမဲ့ အပေးအယူ တခုကို ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီက တင်ပြ ထားပေမယ့် သမ္မတ ဆာလေးက ခုထိ သဘော မတူသေးပါဘူး။ယီမင် နိုင်ငံထဲမှာ သူ့ကို ရာထူးက ဆင်းပေးဖို့ ဆန္ဒပြ တောင်းဆိုမှုတွေဟာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က လက်နက်ကိုင် တိုက်ပွဲတွေ အဖြစ် အသွင် ပြောင်းလာခဲ့ပြီး မေလ ၂၃ ရက်ကနေ ခုထိ ဒီပစ်ခတ် တိုက်ခိုက်မှုတွေမှာ သေဆုံးသူ စုစုပေါင်း တရာ့ ခြောက်ဆယ်ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

ဆားနား မြို့သူ မြို့သားတွေမှာတော့ မြို့ထဲကနေ ရတဲ့နည်းနဲ့ အပြင် ထွက်နေကြပြီး မြို့ထဲ မှာ တရက်ပြီး တရက် အခြေအနေက ပိုပို တင်းမာလာတယ်၊ လုံခြုံမှုလည်း မရှိဘူး၊ လွတ်လွတ်လပ်လပ်လည်း မသွားရဲ မလာရဲကြဘူး၊ အခြေခံ လိုအပ်တဲ့ အစားအသောက်တွေလည်း ဘာမှ မရှိတော့ လူတွေဟာ ပိုပြီး ကြောက်လန့် စိုးရိမ်လာ၊ ပိုပြီး ပြာယာခပ်နေတာ တွေ့ရတယ်လို့ မျက်မြင် တယောက်က ဘီဘီစီကို ပြောပြခဲ့ပါတယ်။

MAUNG NE WIN