Thursday, February 3, 2011

မြန်မာနိုင်ငံတွင် "သမ္မတ" ရွေးချယ်ထားပြီးဖြစ်

ဇန်န၀ါရီ ၃၁ တွင် လွှတ်တော် အစည်းဝေးများကို စတင် ကျင်းပတော့မည် ဖြစ်ရာ နိုင်ငံတော် သမ္မတကိုလည်း မကြာမီ ရွေးချယ်တင်မြှောက်ကြတော့မည် ဖြစ်သည်။
သို့သော် လွှတ်တော် အစည်းအဝေးမတိုင်မီကပင် မြန်မာနိုင်ငံတွင် သမ္မတ ဟု သတ်မှတ်ခံရသူ တဦး ရှိနှင့်ပြီး ဖြစ်သည်။ သတင်းဌာနများနှင့် မီဒီယာသမားများ လွှတ်တော်အတွင်း သတင်းယူခွင့် ရမရ မသေချာသေးသော်လည်း ပို့စ်မော်ဒန် သတင်းဌာနဖြစ်သော Burma Strange News အနေနှင့်မူ သမ္မတ-နေအိမ် သို့ပင် ခက်ခက်ခဲခဲ သွားရောက်ပြီး အင်တာဗျူးထားပြီး ဖြစ်ပါသည်။
(အဆိုပါ အင်တာဗျူးကို ၂၀ နိုဝင်ဘာ ၂၀၁၀ တွင် တင်ဆက်ခဲ့ပြီး ဖြစ်သော်လည်း၊ ယခုကဲ့သို့ လွှတ်တော် ကျင်းပခါနီး အချိန်တွင် မြန်မာပြည်၏ သမ္မတ မည်သူဖြစ်မည်ကို အားလုံးက သိလိုစိတ်ဖြင့် မျှော်လင့် စောင့်စား နေကြသဖြင့် ပြန်လည် ဖော်ပြပေးလိုက်ပါသည်။)
BS News။ ။ သမ္မတ-သန်းနိုင် အဖြစ် ဘယ်တုန်းက ရွေးကောက် တင်မြှောက်ခံရတာပါလဲ ခင်ဗျ။
သမ္မတ-သန်းနိုင်။ ။ ကျွန်တော့် အမျိုးသမီးက ရွေးကောက်လိုက်တာပါခင်ဗျ။ ကျွန်တော် ဘုန်းကြီး ဘ၀တုန်းက ဆွမ်းခံကြွယင်း ကျွန်တော့် အမျိုးသမီးနဲ့ ဆုံတွေ့ခဲ့တာပါ။ အမျိုးသမီးက "သမ္မတ" သင်္ကန်းတိုက် ပိုင်ရှင်လေ။ ကျွန်တော် လူဝတ်လဲပြီး သူနဲ့ လက်ထပ်လိုက်တော့ ကျွန်တော်လည်း သမ္မတ-သန်းနိုင် ဖြစ်သွားတော့ တာပေါ့ဗျာ။
BS News။ ။ သမ္မတ-သန်းနိုင် ဖြစ်လာတော့ သမ္မတ-သန်းနိုင် အနေနဲ့ ဘယ်လို ဖွံ့ဖြိုးတိုးတက် ကြီးပွားရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါသလဲ။
သမ္မတ-သန်းနိုင်။ ။ ကျွန်တော်တို့က "ပြင်သစ်" လုပ်ငန်းကို လုပ်ပါတယ် ခင်ဗျာ။ ပြင်သစ်နိုင်ငံက လာရောက် ရင်းနှီး မြှုပ်နှံတာ မဟုတ်ပါဘူး။ သင်္ကန်း အဟောင်းတွေကို ကျွန်တော်က အသစ်ဖြစ်အောင် "ပြင်" ပါတယ်။ "ပြင်" လိုက်တော့ "သစ်" သွားတာပေါ့ဗျာ။ အဲသလို ပြင်သစ် သင်္ကန်းအဟောင်းတွေကို အသစ်လုပ်ရောင်းယင်း၊ ကျွန်တော့ မိသားစုလဲ ခေတ်မီ ဖွံ့ဖြိုးတိုးတက် ကြီးပွား လာတာပေါ့ဗျာ။
BS News။ ။ လက်ရှိ..... သမ္မတ-သန်းနိုင် အနေနဲ့ အနာဂတ် မြန်မာနိုင်ငံရဲ့ သမ္မတ ဘယ်သူ ဖြစ်လာမယ်လို့ မျှော်လင့်ပါသလဲ ခင်ဗျာ။
သမ္မတ-သန်းနိုင်။ ။ ကျွန်တော့် အမြင်က တော့ ဘယ်သူမှ သမ္မတ ဖြစ်မယ် မထင်ဘူးဗျ။ အဲ- ကျွန်တော့် သမ္မတ သင်္ကန်းတိုက်က ကျွန်တော့် မူပိုင် trade mark လေ။ မှတ်ပုံတင်ထား ပြီးသား။ ဟဲဟဲ။
အဲ-၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြောရရင်တော့၊ ပုဒ်မ ၅၉ (ခ) မှာ ပြဌာန်း ထားတာ ရှိပါတယ် ခင်ဗျ။ အဲဒီ ပုဒ်မထဲမှာ နိုင်ငံတော် သမ္မတ ဖြစ်မယ့်လူရဲ့ မိဘနှစ်ပါးလုံးဟာ ပြည်ထောင်စုရဲ့ တရားစီရင်ရေး နယ်နိမိတ်၊ ဒါမှမဟုတ် နိုင်ငံတော်ရဲ့ အာဏာပိုင်နက် အတွင်းမှာ မွေးဖွားရမည်လို့ အတိအလင်း ပြဌာန်းထားပါတယ်ဗျာ။ ပြည်ထောင်စု နိုင်ငံ ဆိုတာက ၁၉၄၈ ဇန်န၀ါရီ ၄ ရက်နေ့မှ ပေါ်ပေါက်တာပါ။ နိုင်ငံတော်ရဲ့ အာဏာပိုင်နက် ဆိုတာလဲ အဲဒီနေ့က စပြီးတော့ပဲ အာဏာ တည်တာ ဖြစ်ပါတယ်။ ဒီတော့- ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စလို့ ၀န်ကြီးချုပ် ဦးသိန်းစိန်၊ သူရဦးရွှေမန်း အပါအ၀င်၊ လက်ရှိ အစိုးရ အဖွဲ့ဝင်တွေ အကုန်လုံးရဲ့ မိဘ တွေဟာ ဗြိတိသျှ အင်ပါယာ နယ်နိမိတ်၊ ဗြိတိသျှ အာဏာပိုင်နက် အတွင်းမှာ မွေးဖွားခဲ့တယ် ဆိုတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့၊ အခြေခံ ဥပဒေအရ ပြောရရင်တော့- နိုင်ငံတော် သမ္မတ ဖြစ်မဲ့လူကို အခုချိန်ထိ ကျွန်တော် မမြင်သေးပါဘူး ခင်ဗျ။


From: Burma Strange News(The First Post-Modern Burmese News Agency)
MAUNG NE WIN