Monday, August 29, 2011

နိုင်ငံရေး အကျဉ်းသားများအား လွှတ်မပေးနိုင်သေး



နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက် မပြုကြောင်း သေချာသည့် အချိန်ကျမှသာ နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးမည်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားနှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

ရန်ကုန် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်


ယခုအစိုးရသည် သဘောထားပျော့ပြောင်းကြောင်း၊ နိုင်ငံတော်၏ လုပ်အားစုများကို အဆုံးအရှုံးခံပြီး အကျဉ်းထောင်ထဲ ထည့်ထားခြင်းမျိုးအား မည်သည့်အစိုးရကမျှ ပြုလုပ်လိုမည် မဟုတ်ကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို အနှောင့် အယှက် မပြုကြောင်း သေချာသည့် အချိန်တွင် အကျဉ်းသားများအား ပြန်လည်လွှတ်ပေးမည် ဖြစ်ကြောင်း မစ္စတာကင်တားနား၏ တောင်းဆိုချက်ကို ဦးခင်အောင်မြင့်က ဖြေကြားသည်ဟု ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။မစ္စတာကင်တားနားသည် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် သီးခြားတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အပါအ၀င် မိမိနှင့် အာဆီယံနိုင်ငံများက အကျဉ်းသားများ လွှတ်ပေးရန် တိုက်တွန်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားမှုကို ရုပ်သိမ်းပြီးနောက် နိုင်ငံအတွက် အကျိုးရှိစေမည့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နေသည့် နည်းတူ တခြားသူများအား လွှတ်ပေးခြင်းဖြင့် အလားတူ အကျိုးသက်ရောက်မှု ရှိမည်ဟု ယုံကြည်ကြောင်း မစ္စတာကင်တာနားပြောဆိုသည်ဟု ရေးသားထားသည်။ထို့အပြင် အင်းစိန်ထောင်သို့ သွားရောက်ပြီး နိုင်ငံရေး အကျဉ်းသား ကိုညီညီထွန်း၊ ကိုဖြိုးဝေအောင် အပါအ၀င် အကျဉ်းသားနှင့် အချုပ်သား ၆ ဦး၊ အကျဉ်းသူ ၁ ဦးတို့ကိုလည်း တွေ့ဆုံခဲ့သည်။မစ္စတာကင်တားနားသည် ယမန်နေ့က မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ပြီး မထွက်ခွာမီ ရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင် သတင်း စာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ အစိုးရအား ယခုထက်ပိုမို လုပ်ဆောင်ရန် တိုက်တွန်း ထားသည့် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။ထိုကြေညာချက်တွင် မြန်မာနိုင်ငံ၌ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူများကို စုံစမ်းစစ်ဆေးနေစဉ် အတောအတွင်း ရိုက်နှက်ခြင်း၊ လိင်အင်္ဂါအပါအ၀င် ခန္ဓာကိုယ်၏ တချို့ အစိတ်အပိုင်းများအား မီးရှို့ကာ နှိပ်စက်ညှဉ်းပမ်းခြင်း၊ နာမကျန်း ဖြစ်နေစဉ် ဆေးဝါးကုသမှု လုံလောက်စွာမပေးခြင်း၊ အစာရေစာဖြတ်တောက်ခြင်း၊ အိပ်စက်ခြင်းခွင့် မပေးခြင်းများရှိကြောင်း၊ ထို့အပြင် အကျဉ်းသားများကို စစ်တပ်၏ ပေါ်တာအဖြစ် အဓမ္မ လုပ်အားပေးခိုင်းစေခြင်းများလည်း ရှိကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် စိုးရိမ်သည်ဟု ဖော်ပြထားသည်။မစ္စတာ ကင်တားနားသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထဲရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်လှမင်း၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်ကြည်၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုရဲချုပ် ဇော်ဝင်းတို့နှင့်လည်း သီးခြားစီ တွေ့ဆုံခဲ့သေးသည်။ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် တွေဆုံစဉ် မစ္စတာကင်တာနားက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ များကိစ္စကိုပြောဆိုရာ၌ ဦးထွန်းထွန်းဦးက မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ မရှိဘဲ ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ် ကျခံရသူများသာ ရှိကြောင်း ပြန်လည်ပြောဆိုသည် ဟု သတင်းစာတွင် ရေးသားထားသည်။ပြည်ထဲရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုကလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသည့် အကျဉ်းသား ဆိုသူများတွင် မူးယစ် ဆေးဝါးမှု၊ လူသတ်မှု၊ ဗုံးဖောက်ခွဲမှု၊ သောင်းကျန်းသူများ၊ တခြားပြစ်မှုများနှင့် အကျဉ်းကျသူများ ပါဝင်ကြောင်း၊ မြန်မာနိုင်ငံတွင် အစိုးရသစ် ပေါ်ပေါက်ပြီးနောက် သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီးဖြစ်ကြောင်း၊ အခါအားလျော်စွာ လွတ်ငြိမ်း ချမ်းသာခွင့်ကို ဆက်လက်ပေးသွားမည် ဖြစ်ကြောင်း မစ္စတာကင်တာနားက ပြောဆိုသည်ဟုလည်း သိရသည်။ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားသည် ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များ၊ တခြားသော နိုင်ငံရေး ပါတီများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် လည်း တွေ့ဆုံခဲ့သည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ (AAPP) ၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က “နိုင်ငံ ရေး အကျဉ်းသားမရှိဘူး ဆိုတဲ့စကားက နိုင်ငံတကာက လူတွေနဲ့တွေ့ရင် သူတို့ အမြဲတမ်းသုံးတဲ့ စကားပါ။ ဒါက ဘာကို ပြသလဲဆိုတော့ လက်ရှိပကတိ အခြေအနေကို လက်မခံနိုင်ဘူး ဆိုတာပြတယ်” ဟု မှတ်ချပေး ပြောဆိုသည်။


http://www.irrawaddy.org/မှကူးယူတင်ပြသည်။
MAUNG NE WIN

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် မျှော်လင့်ချက် နည်းနေသေး


အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်သော အဆိုတခုအား လွှတ်တော်တွင် အတည်ပြု ဆွေးနွေးခဲ့သော်လည်း သမ္မတ ဦးသိန်းစိန်မှတဆင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၌ ထပ်မံဆွေးနွေးမည့် ကိစ္စအပေါ် မျှော်လင့်ချက် နည်းပါးကြောင်း ကိုယ်စားလှယ်တချို့က ပြောကြသည်။
“လွှတ်တော် ဥက္ကဋ္ဌက သမ္မတဆီကို တင်ပေးဖို့အတွက် လက်ခံတာက ပြည်တွင်း ပြည်ပက ဖိအားတွေ၊ တောင်းဆိုမှုတွေ ဆက်တိုက် လုပ်နေကြတာကြောင့်လို့ ထင်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို တကယ် ပြန်လွှတ်ဖို့ ကာလတခုကြာ ဦးမယ်လို့ ထင်တယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ဆိုသည်။

“အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက်ထုတ်ပြန် စေရေးအတွက် နိုင်ငံတော်သမ္မတအား ဤလွှတ်တော်က မေတ္တာရပ်ခံကြောင်း” အဆိုကို သြဂုတ်လ ၂၆ ရက်နေ့ကပြုလုပ်သည့် ပည်သူ့လွှတ်တော် အစည်းအဝေး၌ ဦးသိန်းညွန့်က တင်သွင်းရာ စစ်တပ်ကိုယ်စားလှယ်များ အပါအ၀င် အများစု၏ ထောက်ခံမှုဖြင့် အတည်ပြုခဲ့ကြသည်။

အဆိုတင်သွင်းခဲ့သူ ဦးသိန်းညွန့်က “လွတ်ငြိမ်းချမ်းသာခွင့်ကို လွှတ်တော်က အတည်ပြုပြီးပြီဆိုတော့ ချက်ချင်း အမိန့် မထုတ်ရင်လည်း ထုတ်တဲ့အချိန်အထိတော့ စိတ်ရှည်ရှည်နဲ့ စောင့်ရမှာပေါ့” ဟု ဧရာဝတီကို ပြောသည်။

ဦးသိန်းညွန့်၏ အဆိုအား စစ်တပ် ကိုယ်စားလှယ်များက ထောက်ခံသည့်အတွက် နေအိမ်အကျယ်ချုပ် ကျခံနေရသော ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အပါအဝင် ထောင်ဒဏ်များ ကျခံနေရသော စစ်ထောက်လှမ်းရေး အဖွဲ့ဝင်များနှင့် ပတ်သက်၍ လူအများက စိတ်ဝင်စားနေကြသည်။

“ထောင်ဒဏ် ကျခံနေတဲ့သူတွေ ပြန်လွှတ်ပေးသင့်တယ်လို့ စစ်တပ်ကိုယ်စားလှယ် ပြောတယ်ဆိုတာက ထောက်လှမ်းရေး အဖွဲ့ကို ရည်ညွှန်းတယ်လို့ ထင်တယ်။ ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို လက်ညှိုးထောင်၊ ခေါင်းညိတ်တဲ့ အဆင့်ပဲ ထင်ထားတာ” ဟု ပြည်ပအခြေစိုက် စစ်ရေးလေ့လာသူ ဦးဌေးအောင်က ဆိုသည်။

အစိုးရသစ် လက်ထက်တွင် ပြည်နယ်၊ တိုင်း ၀န်ကြီးချုပ်များကသာ လုပ်ပိုင်ခွင့်များရနေပြီး စစ်တိုင်းမှူးက အာဏာမရှိတော့ ကြောင်း၊ လွှတ်တော်၌ စစ်တပ် ကိုယ်စားလှယ်များ ကိုယ်တိုင် ပါဝင်ဆွေးနွေးလာခြင်းသည် စစ်တပ်နှင့် လွှတ်တော်တို့အကြား အားပြိုင်မှုပုံစံမျိုး ဖြစ်လာကြောင်း ဦးဌေးအောင်က ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီမကျပေမယ့် စီမံခန့်ခွဲမှု လုပ်တဲ့နေရာမှာ အစိုးရအဖွဲ့၊ ဥပဒေပြုလွှတ်တော်နဲ့ ပါတီတွေကြားမှာ
check and balance ဖြစ်အောင် ညှိထားပေးတဲ့ သဘောတွေ့ရတယ်” ဟု ၎င်းက ဆက်ပြောသည်။

လွှတ်တော်၌ ၂၅ ရာခိုင်နှုန်း ပါဝင်သော စစ်တပ် ကိုယ်စားလှယ်များထဲမှ ဗိုလ်မှူးကြီးအဆင့်ရှိ ကိုယ်စားလှယ် ၂ ဦးက ပါဝင် ဆွေးနွေးရာ၌ တပ်မတော်သားများသည် အကြောင်းကြောင်းကြောင့် အရပ်ဘက် တရားရုံး၏ ပြစ်ဒဏ်ပေးခြင်းကို ခံထာ ရကြောင်း၊ ထိုသူများသည် နိုင်ငံအတွက် အလုပ်လုပ်ခဲ့ သူများဖြစ်၍ ၎င်းတို့ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တချို့က ပြောသည်။

ထိုအဆိုအား ပထမအကြိမ်ပြုလုပ်သော အစည်အဝေးများ၌ တင်သွင်းခဲ့ရာ ပယ်ချခံခဲ့ရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိ မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားသည် ခရီးစဉ်အတွင်း မြန်မာအစိုးရ၏ တာဝန်ရှိသူများ၊ လွှတ်တော်ဥက္ကဋ္ဌ များနှင့် ဆွေးနွေးရာ၌ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးကိစ္စကို ထပ်မံ တိုက်တွန်းခဲ့သော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ မရှိကြောင်း ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက တန်ပြန် ပြောဆိုခဲ့သည်။

အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက် မပြုတော့ကြောင်း သေချာသည့်အချိန်တွင်မှ အကျဉ်းသားများအား လွှတ်ပေးရန်ရှိကြောင်း ပြောဆိုခဲ့သည်။

ယနေ့ လွှတ်တော် အစည်းအဝေးတွင် ဦးသိန်းညွန့်က အကျဉ်းထောင်ဥပဒေများ ပြင်ဆင်ရန် အဆိုတရပ် တင်သွင်းခဲ့ရာ အတည်ပြုနိုင်ခဲ့ပြီး အဆိုပါ အကြောင်းအရာကို ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

http://www.irrawaddy.org/မှကူးယူတင်ပြသည်။
MAUNG NE WIN

ကြေညာချက်အမှတ်-၁၅၊၀၈၊၁၁

statemnet 15-08-11

MAUNG NE WIN

ဒေါ်အောင်ဆန်းစုကြည်နှင့် ကွင်တားနား တွေ့ဆုံ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဂျေကွင်တားနားတို့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ဗုဒ္ဓဟူးနေ့ သြဂုတ် ၂၄ ရက်၊၂ဝ၁၁ခုနှစ်တွင် တွေ့ဆုံဆွေးနွေးမှုအပြီးမြင်ကွင်းဓါတ်ပုံများ


ပေးပို့သူ John Shweyoe အားကျေးဇူးတင်ပါသည်။
ပေးပို့တင်ပြသူ အာလူးလေး
သတင်း(ပြည်တွင်း)
MAUNG NE WIN

မစ္စတာ ကင်တားနား မြန်မာနိုင်ငံ လူ့အခွင့်အရေး နောက်ဆုံးအခြေအနေ ဒေါ်စုနဲ့ ဆွေးနွေး



မြန်မာနိုင်ငံကို ရောက်နေတာ ၄ ရက်မြောက်ဖြစ်တဲ့ မစ္စတာ ကင်တားနားဟာ ဒီကနေ့ သြဂုတ်လ ၂၄ ရက် ဗုဒ္ဓဟူးနေ့ နေ့လယ် ၃ နာရီက ရန်ကုန်မှာရှိတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ၁ နာရီနီးပါးကြာ မစ္စတာ ကင်တားနားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦးတည်း သီးသန့်တွေ့ဆုံပါတယ်။ အဲဒီ တွေ့ဆုံမှုတွေအတွင်း လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ၊ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေ ပြောဆိုခဲ့ပါတယ်။အဲဒီနောက် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ မစ္စတာ ကင်တားနား ထပ်မံတွေ့ဆုံသလို NLD ပါတီရဲ့ ဥပဒေရေးရာ အဖွဲ့နဲ့လည်း တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိပါတယ်လို့ NLD ပါတီရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။“အဓိကတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဖြစ်ပေါ်နေတဲ့ နောက်ဆုံးအခြေအနေတွေပါပဲ၊ အဲဒါကို ဆွေးနွေးကြပါတယ်။အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးစွာ ဆွေးနွေးပါတယ်၊ ၂ ယောက်တည်းပါ။ နောက်တော့ မစ္စတာ ကင်တားနားနဲ့ ပါလာတဲ့ အဖွဲ့ဝင် ၄ ယောက်ရော၊ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၈ ယောက်ရော အားလုံး အတူတကွ ထပ်ပြီး ဆွေးနွေးကြပါတယ်။“၄ နာရီကနေ ၄ နာရီခွဲလောက်အထိ ဥပဒေ အထောက်အကူပြုအဖွဲ့ ခေါင်းဆောင်များဖြစ်တဲ့ ဆရာ ဦးကြည်ဝင်းနဲ့ ဆရာ ဦးဉာဏ်ဝင်းတို့ အပါအ၀င် ဥပဒေအဖွဲ့နဲ့လည်း ထပ်ပြီး ခဏတွေ့ပါတယ်။ ဒါပေမဲ့ အဲဒါကတော့ ဆွေးနွေးပွဲကို နောက်ထပ် ထပ်ပြီး တွေ့ကြဖို့ သူတို့ ချိန်းပါတယ်။”၂ နာရီနီးပါးကြာ ဒီတွေ့ဆုံမှုတွေအတွင်း သူနဲ့ မြန်မာအစိုးရ ခေါင်းဆောင်ပိုင်း တွေ့ဆုံမှုတွေထဲက နိုင်ငံရေး အကျဉ်းသားကိစ္စ အပါအ၀င် လူ့အခွင့်အရေး အခြေအနေတွေအတွက် ဘယ်လို အကြံပေး ပြောဆိုခဲ့သလဲ ဆိုတာတွေနဲ့အတူ သူ့ရဲ့ ဒီတခေါက် မြန်မာနိုင်ငံ ခရီးစဉ် အတွင်းကနေ အကျိုးရလဒ်တွေ ရရှိခဲ့တယ် ဆိုတာကို မစ္စတာ ကင်တားနားက မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။“တရားဥပဒေ စိုးမိုးရေးကိစ္စ၊ ဥပဒေ တိုးတက်မှုကိစ္စ သူတတ်နိုင်သလောက် အကြံဉာဏ် ပေးနိုင်ခဲ့တယ်၊ သူတတ်နိုင်သလောက် အစိုးရအဖွဲ့ကို တင်ပြ ဆွေးနွေးနိုင်ခဲ့တယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့လည်း သူ့ဘက်က ဆွေးနွေးသင့်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ပြောသွားပါတယ်။”NLD ပါတီရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။မစ္စတာ ကင်တားနားဟာ ဒီနေ့ နေ့လယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခင် မနက် ၉ နာရီကနေ နေ့လယ် ၁၂ နာရီခွဲကျော်ထိ အင်းစိန်ထောင်ထဲကို သွားရောက်ခဲ့ပါတယ်။ သူ တွေ့ခွင့်ရဖို့ တောင်းဆိုထားတဲ့ နိုင်ငံရေး အကျဉ်းသား ၇ ဦးနဲ့ တွေ့ဆုံပြီး ထောင်တွင်းက အခြေအနေတွေ မေးမြန်းပြောဆိုခွင့် ရခဲ့သလို အင်းစိန်ထောင်ထဲက နေရာတချို့ကိုလည်း သွားရောက် လေ့လာခဲ့တယ်လို့ မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်အတွင်း အတူလိုက်ပါခဲ့သူ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးရဲ့ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ပြောပါတယ်။“ဒီနေ့ အင်းစိန်ထောင်သွားတော့ မစ္စတာ ကင်တားနားက ဦးအောင်သိန်းရယ်၊ ဒေါက်တာ တင်မင်းထွဋ်ရယ်၊ မသိင်္ဂီ၊ ကိုဖြိုးဝေအောင်၊ ကိုဝင်းကျော်နိုင်၊ ကိုစည်သူဇေယျ၊ ကိုညီညီထွန်းတို့နဲ့ တွေ့ခဲ့ပါတယ်။ တခြား အကျဉ်းသားတွေ တွေ့ဖို့ဆိုတာ အချိန် တော်တော်လေး နည်းနေတဲ့အတွက် အစုံတော့ မတွေ့နိုင်ခဲ့ပါဘူး။ လောလောဆယ်တော့ ကင်တားနား တောင်းဆိုထားတဲ့ စာရင်းအရ အကုန်လုံး ပေးတွေ့ပါတယ်။ နောက်တခါ အကျဉ်းထောင်ထဲမှာ နည်းနည်းပါးပါး လှည့်ပတ် ကြည့်ပါတယ်။အကျဉ်းထောင်ထဲမှာ ရှိတဲ့ တရားစခန်း ဖွင့်တဲ့နေရာ၊ HIV ဝေဒနာရှင်တွေကို ကုသတဲ့ နေရာပေါ့၊ အဲဒီနေရာတွေကို ကြည့်ခဲ့ပါတယ်။”ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ္ဂရုံးရဲ့ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ဒီကနေ့ အင်းစိန်ထောင်ထဲ မစ္စတာ ကင်တားနား သွားခဲ့တဲ့အကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ မနက်ဖြန် ရန်ကုန်ကနေ မပြန်ခင် မနက်ပိုင်းမှာ နိုင်ငံရေးပါတီတချို့၊ နိုင်ငံရေး အကျဉ်းသားဟောင်းတချို့ အပြင် လူ့အခွင့်အရေး လှုပ်ရှားသူ တချို့နဲ့လည်း တွေ့ဖို့ စီစဉ်ထားသလို ရန်ကုန်ကနေ ပြန်ထွက်မယ့် ညနေ ၅ နာရီမှာတော့ ရန်ကုန်လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။ဒါပေမဲ့ မစ္စတာ ကင်တားနားဟာ နယ်ဘက်တွေကို ဒီတခေါက် ခရီးစဉ်အတွင်း မသွားနိုင်တော့ဘူးလို့လည်း ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးရဲ့ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ပြောပါတယ်။မြန်မာနိုင်ငံကို ၅ ရက်ကြာအဖြစ် သြဂုတ်လ ၂၁ ရက်နေ့ကတည်းက ရောက်နေတဲ့ မစ္စတာ ကင်တားနားဟာ ပြီးခဲ့တဲ့ ၃ ရက်က နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး အပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံပြီး မြန်မာ့အရေး အခြေအနေတွေ ပြောဆိုခဲ့ပါတယ်။တခါ နေပြည်တော်မှာ ပြုလုပ်နေတဲ့ လွှတ်တော်တွင်း မနေ့က သွားရောက် လေ့လာခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် တချို့နဲ့လည်း တွေ့ဆုံသလို ပြည်ထဲရေးဝန်ကြီး ဌာနမှာ ပုံမှန်ပြုလုပ်နေတဲ့ လူ့အခွင့်အရေး သင်တန်းကိုလည်း သွားရောက်ခဲ့ပြီး မနေ့ညက ရန်ကုန်ကို ပြန်လာခဲ့တာ ဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားဟာ မြန်မာနိုင်ငံကို အရင်က ၃ ကြိမ် လာခဲ့ဖူးသလို ပြီးခဲ့တဲ့ ၂၀၁၀ ဖေဖော်ဝါရီလက နောက်ဆုံးရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ပြည်ဝင်ခွင့်ဗီဇာ မပေးဘဲ ပိတ်ထားရာကနေ အခု အစိုးရသစ် ပြောင်းအပြီး ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို လာရောက်စုံစမ်းခွင့်ရတာ ဖြစ်ပါတယ်။


ပေးပို့တင်ပြသူ အာလူးလေး
သတင်း(ပြည်တွင်း)
MAUNG NE WIN

ပြည်တွင်း ငြိမ်းချမ်းရေး ကော်မတီ ဖွဲ့ပြီ

နေပြည်တော်တွင် ကျင်းပလျက်ရှိသည့် ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ် တော် အစည်း အဝေးတွင် တိုင်းရင်းသားရေးရာ နှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီကို ယမန်နေ့က ဖွဲ့စည်းလိုက် သည်။ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းလိုက်သော တိုင်းရင်းသားရေးရာ နှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဥက္ကဌ အဖြစ် ကြံ့ဖွံ့ပါတီမှဦးသိန်းဇော်ကို လည်းကောင်း၊ အမျိုးသားလွှတ်တော်တွင်ဖွဲ့ စည်းလိုက် သောအဆိုပါ ကော်မတီ ဥက္ကဌ အဖြစ် ကြံ့ဖွံ့ပါတီမှ ဦးစံထွန်းကိုလည်းကောင်းခန့်အပ် လိုက်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထား သည်။ဗိုလ်မှူးချူပ်ဟောင်း ဦးသိန်းဇော်သည် ယခင်စစ်အစိုးရ၏ ဆက်သွယ်ရေးဝန်ကြီးဖြစ်ပြီး၂၀၁၀ရွေးကောက် ပွဲတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့) ကချင်ပြည် နယ်မြစ်ကြီးနားမဲဆန္ဒနယ်မြေမှ ရွေးကောက် တင်မြှောက်ခံရသူ ဖြစ်သည်။ဦးစံထွန်းသည်လည်း ကြံ့ဖွံ့ပါတီ ကချင်ပြည်နယ် မဲဆန္ဒနယ်မြေမှရွေးကောက်တင်မြှောက် ခံရသူဖြစ်သည်။ယခုကဲ့သို့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီတရပ်လွှတ်တော်တွင်း ဖွဲ့စည်းလိုက်သည့်အပေါ် ကြိုဆိုကြောင်း ၂၀၁၀ရွေးကောက်ပွဲဝင် ချင်း အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဆလိုင်း ကျဲအိုဘခ်ထောင်က ပြောသည်။‘‘ဒီ ငြိမ်းချမ်းရေး ကော်မတီဖွဲ့ဖို့က ကျနော်တို့ ညီနောင် ငါးပါတီ အရင်ဆုံး တောင်းဆိုတာပေါ့နော်၊ကျနော် တို့ အသံကို အလေးထားပေးတယ်လို့ဆိုရမှာပေါ့’’ဟု ၎င်းက ဆိုသည်။ပြည်တွင်း ငြိမ်းချမ်းရေးကော်မတီတရပ် ဖွဲ့စည်းရန်အတွက် ချင်း၊ ရှမ်း၊ရခိုင်၊ မွန် နှင့် ကရင် ပါတီများဖြင့် ဖွဲ့စည်းထားသည့် တိုင်းရင်းသားညီနောင် ၅ ပါတီက ကြေညာချက် ထုတ်ပြန်၍ရွေးကောက်ပွဲကော်မရှင် ထံသို့ တောင်းဆိုခဲ့ကြသည်။သို့သော် ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီအဖွဲ့တွင် လွှတ်တော်ကိုယ်စားလှယ်များကိုသာခန့်အပ်ခြင်းမျိုး မဟုတ်ဘဲ အများလေး စားကြည်ညိုခံရသူများ၊ ပညာရှင်များနှင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်လည်း ပါဝင်သင့်သည်ဟု ဆလိုင်းကျဲအိုဘခ်ထောင် က ပြောသည်။တိုင်းရင်းသားရေးရာ နှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင်များကိုမူ ယခုအချိန်အထိလွှတ်တော်အစည်းအဝေးတွင် ရွေးချယ်ခန့်အပ်ခြင်း မရှိသေးကြောင်း နေပြည်တော် လွှတ်တော်အစည်းအဝေး တက်ရောက် နေသည့် ချင်း အမျိုးသားပါတီမှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးငွန်မောင်းက ပြောသည်။ယမန်နေ့က ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် တိုင်းရင်းသားရေးရာနှင့်ငြိမ်းချမ်းရေးကော်မတီ၊ နိုင်ငံသားများ မူလအခွင့် အရေးနှင့် ပြည်ပရောက်နိုင်ငံသားများဆိုင်ရာ ကော်မတီ၊ အမျိုးသားစီမံကိန်းနှင့် ငွေရေး ကြေးရေးဆိုင်ရာ ကော်မတီ၊ ပညာရေး ကျန်းမာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ၊ပြည်သူများ ၏ တိုင်ကြားစာနှင့်အသနားခံလွှာ ကော်မတီအပါ အဝင် ကော်မတီ (၈)ခုကို ဖွဲ့စည်းခဲ့သည်။

ခိုနူမ်းထုန် သတင်းဌာန မှကူးယူတင်ပြသည်။
MAUNG NE WIN

ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီးစာရင်း ဒေါ်စု ပါဝင်

ကမ္ဘာပေါ်မှာ သြဇာအကြီးမားဆုံး အမျိုးသမီး ၁၀၀ စာရင်းထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထည့်သွင်း သတ်မှတ်လိုက်ပါတယ်။ အမေရိကန်နိုင်ငံမှာ ထုတ်ဝေတဲ့ နာမည်ကျော် Forbes မဂ္ဂဇင်းကြီးက နှစ်စဉ်ထုတ်ပြန်တဲ့ စာရင်းထဲမှာ အခုလို ဖော်ပြထားတာပါ။လွန်ခဲ့တဲ့ ၂၁ နှစ်အတွင်း ၁၅ နှစ်က နေအိမ်အကျယ်ချုပ် ချခံထားခဲ့ရပြီးတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကမှ ပြန်လည် လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ၂၀၁၁ ခုနှစ်ဟာ အရေးပါတဲ့ နှစ်တနှစ် ဖြစ်တယ်လို့ Forbes မဂ္ဂဇင်းရဲ့ အင်တာနက် စာမျက်နှာမှာ ရေးထားပါတယ်။အရေးပါတဲ့ ဖြစ်ရပ်တခုအဖြစ် ဖော်ပြပြောဆိုတဲ့ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်နဲ့ မကြာသေးခင်က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာကိုလည်း Forbes မဂ္ဂဇင်းက အထူး ဖော်ပြထားပါတယ်။ဖခင်ဖြစ်သူက လွတ်လပ်ရေးတိုက်ပွဲ ခေါင်းဆောင်၊ မိခင်ဖြစ်သူက အိန္ဒိယနဲ့ နီပေါလ်နိုင်ငံတို့မှာ သံအမတ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူတွေ ဖြစ်ကြပြီး ဒေါ်အောင်ဆန်းစုကြည်က ၁၉၈၈ ခုနှစ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထူထောင်ပြီး ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ခဲ့ကြောင်း၊ အကျဉ်းချခံခဲ့ရပေမဲ့ ပါတီရဲ့ အတွင်းရေးမှူးချုပ်အဖြစ် တောက်လျှောက် တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ ၁၉၉၁ ခုနှစ်မှာ နိုဘဲလ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရသူ ဖြစ်တယ်လို့ Forbes မဂ္ဂဇင်းက ရေးသားထားပါတယ်။ကမ္ဘာ့ သြဇာအကြီးဆုံး အမျိုးသမီး ၁၀၀ စာရင်းမှာ နံပါတ် ၁ က ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲလ် (Angela Merkel)၊ နံပါတ် ၂ က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ နံပါတ် ၃ မှာ ဘရာဇီးလ် သမ္မတ ဒီလ်မာ ရူးဆက်ဖ် (Dilma Roussef) တို့ကို အသီးသီး ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ Forbes မဂ္ဂဇင်းက နံပါတ် ၂၆ မှာ ဖော်ပြထားပါတယ်။

By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 24 သြဂုတ် 2011
မှကူးယူတင်ပြသည်။
MAUNG NE WIN