Monday, August 29, 2011

သိမ်မွေ့စွာ ကိုင်တွယ်ရမည့် မြန်မာပြည်မှ တရုတ်များအရေး





ဒီနေ့ မြန်မာနိုင်ငံအပေါ်မှာ သြဇာအညောင်းဆုံးနိုင်ငံကတော့ တရုတ်ပြည်ပဲဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံကို ဝိုင်းဝန်းပိတ်ဆို့ထားချိန်မှာ အာဏာရှင်အစိုးရအနေနဲ့ အားကိုးရှာတော့ အိမ်နီးချင်းတရုတ်ပြည်ကို သွားတွေ့ပါတယ်။ အဲ့ဒီတည်းက တရုတ်ရဲ့ ဗီတိုမဲ တစ်မဲရဖို့အရေး တရုတ်တွေ တောင်းဆိုသမျှ လိုက်လျောခဲ့ရပါတယ်။ နိုင်ငံရဲ့ သယံဇာတ အားလုံးနီးပါး တရုတ်ကို အောက်ကြေးနဲ့ထိုးရောင်းရသလို ကိုးကန့်နဲ့ ဝ တိုင်းရင်းသားတွေကို အကြောင်းခံပြီး တရုတ်ပြည်ဘက်က လှိမ့်ဝင်လာတဲ့ တရုတ်တွေကိုလဲ လက်ခံခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ရှမ်းပြည်မြောက်ပိုင်းနဲ့ မန္တလေးမြို့ကြီးဟာ ကိုးကန့်၊ ဝ စတဲ့ တိုင်းရင်းသားအမည်ခံဝင်ရောက်လာကြတဲ့ တရုတ်တွေကြောင့် တရုတ်ပြည် အငယ်စားနီးပါး ဖြစ်လာ ပါတော့တယ်။ လူဦးရေ သောင်းဂဏန်းတောင်မရှိတဲ့ ကိုးကန့် ဝ တိုင်းရင်းသားတွေဟာ ဘာကြောင့်များ မန္တလေးတစ်မြို့တည်းတင် သိန်းနဲ့ချီရှိနေရတာလဲဆိုတာ စဉ်းစားစရာပါ။-ဝင်ရောက်လာတဲ့ တရုတ်တွေအပေါ်မှာ ဒေသခံတွေအနေနဲ့ ဆန့်ကျင်မှု မရှိခဲ့ပါဘူး။ ကွန်မြူနစ်ပင်ဖြစ်သော်လည်း တရုတ်များအနေနဲ့ ဗုဒ္ဓဘာသာ ကိုလဲ လက်ခံနိုင်တဲ့အတွက် ယှဉ်တွဲနေထိုင်ရေးမှာလဲ ပြဿနာမရှိခဲ့ပါဘူး။ စီးပွားရေး ကျပ်တည်းနေတဲ့ ဒေသခံတွေရဲ့ အိမ်ခြံမြေတွေကို ဈေးကောင်းပေးဝယ် ကြတဲ့အတွက် ကယ်တင်ရှင်တွေလို ဖြစ်လာပါတယ်။ ပြီးတော့ တရုတ်လူမျိုးပိုင် လုပ်ငန်းတွေမှာ အလုပ်အကိုင်တွေ ရလာကြတဲ့ အတွက် တကော(အကိုကြီး)၊ ညန်း ညန်း(ဒေါ်လေး) စတဲ့ တရုတ်အသုံးအနှုန်းလေးတွေဟာလည်း ဒေသခံတွေရဲ့ အသုံးအနှုန်းတွေ ဖြစ်လာပါတော့တယ်။ မန္တလေးသားမှန်ရင် ခေါက်ဆွဲစားတဲ့အခါ တူကို ကျွမ်းကျွမ်းကျင်ကျင်ကိုင်နိုင်တဲ့ အလေ့အထလေးတွေလဲ ဖြစ်လာပါတယ်။ ဒီအထိ ဒေသခံနဲ့ နောက်ပိုင်း ဝင်လာတဲ့ တရုတ်တွေကြားမှာ ပြဿနာမရှိခဲ့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။-
တရုတ်တွေ ဝင်လာတဲ့ ရန်ကို သတိထားမိတဲ့ အုပ်စုတွေလဲ ရှိခဲ့ကြပါတယ်။ နောင်တစ်ချိန်မှာ မြန်မာ့ယဉ်ကျေးမှု ပျောက်ကွယ်ပြီး တရုတ်တွေက ဝါးမျိုသွားလိမ့်မယ်လို့ အပြင်းအထန် ကန့်ကွက်တဲ့ အုပ်စုတွေလဲရှိပါတယ်။ တရုတ်ပြည်နီးပါး ဖြစ်လာပါတော့တယ်။ နိုင်ငံရေးနဲ့ စာနယ်ဇင်းလောကမှာ နာမည်တစ်လုံးရှိခဲ့သူ လူထုဒေါ်အမာဟာ ဒီကိစ္စတွေကို အစောကြီးတည်းက ကြိုတင်သတိပေးခဲ့ပါတယ်။ အောင်ပင်လယ်ဆူးငှက်နဲ့ အခြားစာရေးဆရာများ ကလဲ တရုတ်အန္တရာယ်ကို တောက်လျှောက် ထောက်ပြခဲ့ကြပါတယ်။- နောက်တစ်ခုကတော့ ကိုးကန့်၊ ဝ ငြိမ်းချမ်းရေးအဖွဲ့အမည်ခံပြီး သောင်းကျန်း ချင်တိုင်း သောင်းကျန်း၊ ဗမာလူထုကို ရိုင်းပျစွာ ဆက်ဆံတဲ့ တရုတ်တွေကို မကျေနပ်ကြတဲ့ ဒေသခံတွေပါ။ ဒေသခံတွေအနေနဲ့ တရုတ် တစ်ယောက်နဲ့ ပြဿနာတက်ရင် ငြိမ်းချမ်းရေးကို နှောင့်ယှက်သူအဖြစ် အမှုပတ်ပါတယ်။ ငွေအင်အားတတ်နိုင်တဲ့ တရုတ်တွေကြောင့် ဒေသခံတွေအနေနဲ့ တရုတ်တွေနဲ့ တရားတဘောင် ရင်ဆိုင်ခြင်း မပြုနိုင်ကြပါဘူး။ ဒါကြောင့်လည်း တရုတ်မုန်းတီးရေး အုပ်စုတွေဟာ အားမကောင်းသော်လည်း အတိုင်းအတာတစ်ခုထိ ရှိနေကြ ပါတယ်။-မကြာသေးမှီကတော့ မန္တလေးမှာ တရုတ်ကုန်သည် အုပ်စုနဲ့ ဗမာဒေသခံတွေ တင်းမာမှုဖြစ်ခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်ဟာ ဒေသခံတွေအတွင်းမှာ တော်တော်ကျယ်ပြန့်လာပါတယ်။ အရင် အတူ ယှဉ်တွဲနေထိုင် ခဲ့သမျှ နောက်ပိုင်းဝင်လာတဲ့ တရုတ်တွေရဲ့ မောက်မာရိုင်းစိုင်းမှု၊ တရုတ်အလုပ်ရှင်နဲ့ ဗမာအလုပ်သမား တွေပြဿနာ စသည်ဖြင့် ကိစ္စမျိုးစုံဖြစ်နေခဲ့တာတွေက ကျောက်ဝိုင်းမှာ ပေါက်ကွဲလုနီးနီး ဖြစ်သွားခဲ့ပါတယ်။ ဒေသခံတွေ အနေနဲ့ စီးပွားရေးနိမ့်ပါးနေတာ၊ အစိုးရအပေါ်မှာ မကျေနပ်ချက် အတိုင်းအတာ တစ်ခုထိ ရှိနေတာစသည်ဖြင့် အတွင်းကြိတ် ဖြစ်နေတဲ့ ဒေါသတွေဟာတရုတ်လူမျိုး တွေဘက် မြှားဦးလှည့် သွားပြန်ပါတယ်။- ဒီကြားထဲမှာ မြန်မာတစ်ပိုင်းဖြစ်နေတဲ့ ဒေသခံ တရုတ်များကလဲ နောက်ဝင်လာတဲ့ တရုတ်တွေ အပေါ်မှာ အမြင်ကြည်လင်မှုမရှိကြပါဘူး။ နောက်ဝင်လာတဲ့ တရုတ်တွေက အစိုးရဌာနတွေမှာ အစစအရာရာ ငွေပေးပြီးလုပ်ကြတော့ မြန်မာအစိုးရ ဝန်ထမ်းများက ဒေသခံ တရုတ် တွေကိုလဲ လာဘ်ငွေအဆမတန်တောင်းပါတယ်။ ဒါကြောင့် ရိုးသားစွာ လုပ်ကိုင်စားရတဲ့ ဒေသခံ တရုတ်တွေကလဲ နောက် ဝင်လာတဲ့ တရုတ်တွေကို အမြင်မကြည်ကြပါ။
အခုနောက်ပိုင်းမှာတော့ တရုတ်ပြည်ရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မြန်မာနိုင်ငံရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ဆုံမှာ ရေကာတာတည်ဆောက်မယ့် ကိစ္စကို အထူးပြုပြောဆိုလာကြပါတယ်။- ဧရာဝတီမြစ်ကြီး ပျောက်သွားနိုင်တဲ့အတွက် မြန်မာပြည်သူတွေ ကြားထဲမှာ ဒီရေကာတာကိစ္စကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်မှုတွေ များလာပါတယ်။- မြန်မာအစိုးရကို မဆန့်ကျင်ရဲတဲ့ မြန်မာပြည်သူတွေဟာ တရုတ်အစိုးရကို မုန်းတီးမှု ပိုမို များပြားလာပါတယ်။ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ တရုတ်ပြည်ဘက်ပို့မယ့် ဓာတ်ငွေ့ပိုက်လိုင်းအတွက် လယ်မြေတွေ အသိမ်းခံရတာ၊ ရွာတွေ အရွှေ့ခံရတာဆိုတဲ့ သတင်းတွေကြောင့်လည်း တရုတ်အစိုးရကို ပိုမို မုန်းတီးလာကြပါတယ်။


အခုလို တရုတ်အစိုးရကို မုန်းလို့၊ မြန်မာပြည်ထဲက တရုတ်တွေကို မုန်းလို့ဆိုတဲ့ ခံစားချက်တွေကို အသုံးချပြီး နိုင်ငံရေး ကစားဖို့ ပြင်ဆင်လာတဲ့ အုပ်စုတွေလဲ ရှိပါတယ်။ ပြည်ပအခြေစိုက်တွေဟာ လူထုကို လမ်းပေါ်တင်ချင်တဲ့အခါ တရုတ်အစိုးရ ဆန့်ကျင်ရေး၊ မြစ်ဆုံ ရေကာတာ ဆန့်ကျင်ရေးတွေကို လှုံ့ဆော်ပြီး လမ်းပေါ်ရောက်အောင်တင်ပါတယ်။ ပြည်တွင်းအခြေစိုက် နိုင်ငံရေးသမားများကလည်း ပြည်သူထောက်ခံမှုရဖို့ မြစ်ဆုံကိစ္စ၊ တရုတ်တွေ တရားမဝင် ပိုင်ဆိုင်ထားတဲ့ ကိစ္စတွေ စိစစ်ဖို့ ဆိုတာတွေ အသံလွှင့်လာကြပါတယ်။- ဒါကို စိတ်ခံစားမှုကို ဦးစားပေးတဲ့ ကျွန်တော်တို့ ပြည်သူတွေ ကောင်းကောင်း အသုံးချခံရဖို့ရှိပါတယ်။ အသုံးချခံရရင် တရုတ်-မြန်မာ အရေးအခင်းဟာ သေချာပေါက်ကို ဖြစ်တော့မှာပါ။ နိုင်ငံတကာမှာလဲ ဒီလို အရေးအခင်းတွေဟာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ တိုင်းပြည်ကျပ်တည်းတဲ့ တစ်နေ့ နိုင်ငံရေး ထွက်ပေါက်အနေနဲ့ ဖြစ်နိုင်ဖွယ်ရာ ရှိကိုရှိပါတယ်။ လူမျိုးရေး အဓိကရုဏ်းဖြစ်တဲ့ တိုင်းပြည်တွေဟာ တည်ငြိမ်မှုနည်းပြီး ဖွံ့ဖြိုးတိုးတက်မှု ဆုတ်ယုတ်သွားတတ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ အဆိုပါ ပြဿနာတွေ ဖြစ်မလာဖို့ဆိုတာ သိမ်မွေ့နက်နဲစွာ ကိုင်တွယ်ရမယ့် ကိစ္စလည်းဖြစ်ပါတယ်။-ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံတွေမှာ တရုတ်လူမျိုးတွေဟာ သူတို့ကိုယ်သူတို့ ထိုင်း၊ စင်္ကာပူ လူမျိုးတွေအဖြစ်သာ ခံယူကြပြီး တရုတ်လူမျိုးဆိုတာကို ငြင်းပယ်လေ့ရှိပါတယ်။ မိမိနေထိုင်ရာ နိုင်ငံရဲ့ လူမျိုးအဖြစ်သာ ဂုဏ်ယူလေ့ ရှိကြပါတယ်။ ဒါဟာ သူတို့နေထိုင်ရာ နိုင်ငံတွေက တရုတ်လူမျိုးရယ်လို့ ခွဲခြားဆက်ဆံခြင်းမရှိတဲ့အပြင် မိမိနိုင်ငံသားအဖြစ် ဂုဏ်ယူချင်စိတ်ပေါက်လာအောင် မူဝါဒတွေ ပြင်ဆင်ထားလို့ပဲဖြစ်ပါတယ်။ အဓိက အချက်ကတော့ တန်းတူညီမျှ အခွင့်အရေး ပေးထားခြင်းပါပဲ။ တန်းတူရည်တူရှိမှုကြောင့် သူငါ ကွဲပြားမှု မရှိတော့ဘဲ မိမိနေထိုင်ရာ နိုင်ငံသားအားလုံးဟာ တစ်စုတစ် စည်းတည်း ဖြစ်လာကြပါတယ်။-မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရုတ်လူမျိုးတွေအားလုံးကို တရုတ်ပြည်ပြန်ပို့ဖို့ဆိုတာ မလွယ်လှတဲ့ ကိစ္စတစ်ခုပါ။ အချို့ဟာ နယ်စပ်မှာ နှစ်ပေါင်းများစွာ နေထိုင်လာတဲ့အတွက် မြန်မာပိုင်နက်က တရုတ်လူမျိုးဟာ မြန်မာနိုင်ငံသား အဖြစ်သာ ရှိနေပါသေးတယ်။ တရုတ်ပြည်ကို နှင်ထုတ်ဖို့လည်း မဖြစ်နိုင်တော့တဲ့ အခြေအနေပါ။ နိုင်ငံသားအဖြစ် အသိအမှတ်ပြု မယ်ဆိုရင်လည်း သန်းနဲ့ချီတဲ့ တရုတ်လူမျိုးတွေ လှိမ့်ဝင်လာမယ့် ပြဿနာကလဲ ရှိပြန်ပါတယ်။- ဒါကြောင့် တရုတ် လူမျိုးတွေကို နိုင်ငံသားအဖြစ် သွတ်သွင်းဖို့ ဆိုရင် မြန်မာနိုင်ငံရဲ့ သစ္စာကို ဘယ်လောက်ထိ စောင့်သိရိုသေသလဲ၊ မြန်မာ လူမျိုးအဖြစ် ဘယ်လောက်ခံယူချက်ရှိသလဲဆိုတာတွေနဲ့ တိုင်းတာပြီး နိုင်ငံသားလျှောက်ထားခွင့်ပေးရပါမယ်။ နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ လုံလောက်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။ ဥပမာ မျိုးရိုးစဉ်ဆက်ဇယားကြည့်ခြင်း၊ မြန်မာစကားနဲ့ မြန်မာစာတတ်မြောက်မှု အကဲဖြတ်ခြင်း၊ တရုတ်လူမျိုး ကောင်းစားရေး အသင်းအဖွဲ့တွေမှာ ပါဝင်ထားခြင်းရှိမရှိ၊ မြန်မာလူမှုရေးနယ်ပယ်မှာ ပါဝင်ထားခြင်းရှိမရှိဆိုတာတွေဖြစ်ပါတယ်။ ဒီလိုအရည်အချင်းနဲ့ ပြည့်စုံသူတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး မပြည့်စုံသူတွေကိုတော့ နေရပ်ပြန်ပို့ခြင်း၊ ဧည့်နိုင်ငံသားအဖြစ်သာ အသိအမှတ်ပြုခြင်း စသည်ဖြင့် ပြုလုပ်ပေးနိုင်ပါတယ်။-

ဒီလိုကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာ အိမ်နီးခြင်း တရုတ်ပြည်နဲ့လည်း ပြဿနာအချို့ရှိနိုင်ပါတယ်။ မြန်မာအစိုးရ အနေနဲ့ တရုတ်ပြည်ကို မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ တရုတ်လူမျိုးတွေကို အားပေးအားမြှောက်မပြုဖို့၊ အကယ်၍ တရုတ် မြန်မာအရေးအခင်းဖြစ်လာရင် မြန်မာပြည်တွင်းက တရုတ်လူမျိုးတွေ မဆီမဆိုင် အန္တရာယ်ကြုံတွေ့ရမှာဖြစ်သလို တရုတ် ပစ္စည်းတွေ သပိတ်မှောက်တာမျိုးနဲ့ကြုံလာရင်၊ ပြည်သူက အစိုးရကို တရုတ်ပြည်နဲ့ မပတ်သက်ဖို့ ဖိအားပေးလာရင် တရုတ်နဲ့ မြန်မာချစ်ကြည်ရေးကို ထိခိုက်စေမယ့်အပြင် ကုန်သွယ်ရေး နဲ့ အခြားပူးပေါင်းဆောင်ရွက်မှုတွေမှာလည်း နှစ်နိုင် ငံလုံး အတွက် ထိခိုက်နစ်နာစရာတွေဖြစ်လာမယ်ဆိုတာမျိုးတွေ အစိုးရအချင်းချင်း ညှိနှိုင်းသင့်ပါတယ်။-တနေ့တနေ့ အကြောင်းအမျိုးမျိုးနဲ့ ဝင်ရောက်နေတဲ့ တရုတ်လူမျိုးပြဿနာကို မထိန်းနိုင်တော့ရင် ဒီပြဿနာဟာ နိုင်ငံရေးထွက်ပေါက်အဖြစ် မလွဲမသွေ ရောက်ရှိသွားနိုင်တာမို့ နိုင်ငံတော်အစိုးရဟာ ဒီကိစ္စကို သိမ်မွေ့စွာ ကိုင်တွယ်ဖို့ လိုအပ်နေပြီပဲ ဖြစ်ပါတယ်။-

http://arrluelay.blogspot.com/2011/08/blog-post_2161.html

မှကူးယူတင်ပြသည်။

MAUNG NE WIN







ပါးစပ်တွေနဲ့ နားတွေနဲ့ ထောင်ထဲကလူတွေ.... ဆောင်းပါးရှင်(အောင်မျိုးထွန်း)

ပါးစပ်တွေနဲ့ နားတွေနဲ့ ထောင်ထဲကလူတွေ....
မနေ့က ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီပါတီအချို့နဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် အိုဟေးကင်တားနားတို့ တွေ့ဆုံပွဲမှာ “လက်ရှိအစိုးရအနေနဲ့ ထောင်ထဲကလူတွေ ပြန်ထွက်လာရင် ရရှိနေတဲ့ တည်ငြိမ်အေးချမ်းမှုတွေပျက်ပြားသွားမှာ စိုးရိမ်စိတ် အမှန်ဘဲ ရှိနေပုံရတယ်။ ခင်ဗျားတို့က အဲဒါကို အာမခံ ပေးလိုက်ပေါ့” လို့သူ့ကို ပြောပြတယ်လို့ ဦးသုဝေနဲ့ ရေဒီယိုမီဒီယာတစ်ခု အင်တာဗျူးမှာ ကြားလိုက်ရပါတယ်။
ဒီ “ပွိုင့်” ကို ကင်တားနားနဲ့ NLD အပါအ၀င် ပါတီတွေ စကား မပြောကြခင်ကတည်းက ကျွန်တော် ကြားဖူးပြီး သားဖြစ်ပါတယ်။ သိပ်တော့ မကြာသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ နှစ်ယောက်တည်း စကားပြောကြတဲ့အခါ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိစ္စ၊ ပါမပါ ရှင်းရှင်းပြတ်ပြတ် မသိရပေမယ့်ဒေါ်စုဘက်က ဒီကိစ္စကို ပြောပြလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒေါ်စု လွတ်မြောက်ရေးကို အခု ထောင်ထဲရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အဖမ်းမခံရခင်တုန်းက တစိုက်မတ်မတ် တောင်းဆို လာခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူတို့လွတ်မြောက်ရေး အတွက် သေချာပေါက် ထည့်ပြောခဲ့လိမ့်မယ်လို့ ပြောနိုင်တာပါ။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုတဲ့ မြန်မာစကားရှိပါတယ်။

နိုင်ငံတော်သမ္မတက ဒေါ်အောင်ဆန်းစုကြည် အာမခံရင် ပြန်လွှတ်ပေးမယ်လို့ ပြန်များပြောခဲ့ရင် ဆိုတဲ့ အတွေးတစ်ခုလည်း စဉ်းစားမိပါတယ်။ ကျွန်တော်တို့လည်း ဒီအပေါ်မှာ ဦးနှောက်မုန်တိုင်းဆင် ကြည့်ကြဖို့ ကောင်းပါတယ်။ ထောင်ထဲကသူတွေ အပြင်အမြန်ပြန်ရောက်ရေးဟာ အတိုက်အခံအတွက်ရော အစိုးရအတွက်ရော ကာယကံရှင်တွေအတွက်ရော အခုအချိန်မှာ ရှုထောင့်တစ်မျိုးစီက အရေးတကြီး ကိစ္စဖြစ်သလို ကျွန်တော်တို့ မြန်မာပြည်ကြီး ပြုပြင်ပြောင်းလဲရေးအတွက်ပါ သေရေးရှင်ရေးတမျှ အပူတပြင်း အရေးတော်ကြီးတစ်ခုပါ။
ဘယ်လိုတွေလုပ်ရင်၊ ဘာတွေလုပ်ရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ ထောင်ထဲက ရဲဘော်များ အမြန်ဆုံးလွတ်မြောက်နိုင်မလဲ ဆိုတာ ခေါင်းမီးတောက်အောင် ကျွန်တော်တို့ စဉ်းစား ရှာဖွေနေရပါမယ်။ ကျွန်တော်တို့အတွက် တစ်နေကုန် လုပ်ချင်တဲ့ စီးပွားရေး၊ မိသားစုအရေး၊ ပါတီရေး၊ လူမှုရေး စတဲ့ နိစ္စဓူဝအလုပ်တွေကိုလုပ်ပြီး ညအိပ်ရာဝင်၊ မနက်ပြန်ထနဲ့ ပုံမှန်လှုပ်ရှားနေကြချိန်မှာ ထောင်ထဲကသူများ ပြစ်ဒဏ်တွေ နှစ်စေ့မှ ပြန်လွတ်လာရမယ်ဆိုရင် ကျွန်တော်တို့ ကိုယ်တိုင် အလိုလိုနေရင်း ပြစ်မှုတစ်ခုကို နေ့စဉ်နေ့တိုင်း ကျူးလွန်နေသလို ဖြစ်နေပါလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင် နှစ်စေ့မှ၊ သူတို့အခေါ် ပြစ်ဒဏ် တိတိကျကျ ကျခံပြီးမှ နေအိမ်အကျယ်ချုပ်က ပြန်လွှတ်ပေးလိုက်တာပါ။ အခု ထောင်ထဲကသူတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွေးနီးသွေးရင်း တစ်ယောက်မှ မပါပေမယ့် ဗိုလ်ချုပ်စိတ်၊ ဗိုလ်ချုပ်သတ္တိမျိုးနဲ့ ဗိုလ်ချုပ်လို တိုင်းချစ်ပြည်ချစ်စိတ်ထောင်းထောင်းကြေနေတဲ့ သူတွေချည်းပါ။ တိုင်းပြည်ကို ချောက်ထဲ တွန်းချမယ့်သူ၊ လူထုကို ကျွန်ဖြစ်၊ နွံနစ်စေမယ့်သူ တစ်ကောင်တစ်မြှီးမှ မပါပါဘူး။ ထောင်ထဲမှာ တစ်ရက်ပိုနေရလေ အားလုံးအတွက် ဆယ်ရက်နစ်နာလေပါဘဲ။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြေလည်အေးချမ်းဖို့ အတွက် ကိုယ်စွမ်းရှိသရွေ့  ကူညီဆောင်ရွက်ပေးလိုပါတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်မျိုး၊ အလားတူပုံသဏ္ဍာန်မျိုး၊ ထိုကဲ့သို့ စေတနာမျိုးနဲ့ နိုင်ငံရေးအကျဉ်းသားများ အရေးကို ဒေါ်စုဘက်က ဆောင်ရွက်ပေးဖို့ ဖြစ်နိုင်စရာတွေ ရှိပါတယ်။ ထောင်ထဲက အကျဉ်းသားတွေဟာ လက်နက်ကိုင်၊ ကျည်ဆံဖောက် နေတဲ့သူတွေ လုံးဝမဟုတ်ပါဘူး။ လက်နက်စွဲကိုင် တိုက်ခိုက်နေတဲ့ တိုင်းရင်းသားအုပ်စုတွေ အပေါ်မှာတောင် စိတ်ရှည်ရှည် ထားပေးနိုင်တယ်ဆိုရင်၊ တရားဝင်ပါတီ မဟုတ်တော့တဲ့ နိုင်ငံရေးအဖွဲ့အစည်း တချို့အပေါ်မှာတောင် နားလည်မှုပေးပြီး ဖျောင်းဖျနားချမှုတွေ လုပ်နိုင်တယ် ဆိုရင် အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ထောင်ထဲက အကျဉ်းသားတွေအရေးကို သဘောထား သိမ်မွေ့စွာ ထားနိုင်ဖို့သင့်ပါတယ်။
ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ “နိုင်ငံတော်၏ လုပ်အားစုများကို အဆုံးရှုံးခံပြီး အကျဉ်းထောင်ထဲ ထည့်ထားခြင်းမျိုးကို မည်သည့် အစိုးရကမျှ ပြုလုပ်လိုမည် မဟုတ်ပါကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက် မပြုကြောင်း သေချာသည့်အချိန်တွင် အကျဉ်းသားများအား ပြန်လွှတ်ပေးရန် ရှိနိုင်ကြောင်း”ဆိုပြီး အမျိုးသားလွှတ်တော် ဥက္ကဌဦးခင်အောင်မြင့်က အိုဟေးကင်တားနားကို ရှင်းလင်း ဆွေးနွေးသွားခဲ့တာကို ဖော်ပြထားတာ ဖတ်ရပါတယ်။ ထို့အတူဘဲ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားကို ဖြေကြားရာမှာ “မြန်မာနိုင်ငံတွင် အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာပြီးနောက် နိုင်ငံတော် သမ္မတအနေဖြင့် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း အခါအားလျော်စွာ လွတ်ငြိမ်းချမ်းသာခွင့်များ ပေးသွားရန် အလားအလာရှိပါကြောင်း” လို့ ထည့်သွင်း ပြောကြားသွားတာ တွေ့ ရပါတယ်။
“တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်မပြုကြောင်း သေချာသည့်အချိန်” ဆိုတာကို ကျွန်တော်တို့ သိပ်စိတ်ဝင်စားပါတယ်။ အစိုးရအဖွဲ့ဘက်က ခိုင်ခိုင်မာမာ ယုံကြည်ထားတဲ့ အဲဒီအချိန်ကာလဟာ အခု မဟုတ်သေးဘူးလား။ ဒီမိုကရေစီခေါင်းဆောင်၊ အတိုက်အခံတို့ရဲ့ ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအဖွဲ့ အပေါ် နိုင်ငံရေးသဘောထား ဒိုင်မေးရှင်း ပြောင်းလဲလာတာတွေ၊ ပူးပေါင်း လုပ်ဆောင်လိုစိတ် ပြင်းပြလာတာတွေက တည်ငြိမ်အေးချမ်းမှု ကြီးစိုးလွှမ်းမိုးခြင်းစီ မျက်နှာပြုနေတာ မဟုတ်ဘူးလား။ အစိုးရပြောတဲ့ သေချာသည့်အချိန် ဆိုတာ ထိုင်စောင့်နေလို့ မရပါဘူး။ စောင့်ကြည့်နေ၊ မျှော်လင့်နေ၊ လွတ်လာပါလိမ့်မယ် ဆိုပြီး လတွေ နှစ်တွေ ချီပြီး ကြာညောင်း သွားနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ နောက်ဆုံးနေခဲ့ရတဲ့ ကာလတွေမှာ အရင် နအဖ အစိုးရရဲ့ ကိုယ်စားလှယ်တချို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်စုခြံထဲ အ၀င်အထွက်တွေလုပ်ပြီး လျှို့ဝှက်စွာ တွေ့ဆုံမှု ပြုလုပ်ခဲ့ပါတယ်။ အောင်မြင်တာ၊ မအောင်မြင်တာ တစ်ပိုင်းပေါ့။ အဲဒီရဲ့ အကျိုးဆက်တွေကြောင့် အခုလို ဆက်ဆံရေး ပုံစံတိုးတက်မှုများ ဖြစ်လာရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် မှတ်ချက်ပြုသွားတာ ကြားရပါတယ်။ ဒေါ်စုနဲ့ သမ္မတဦးသိန်းစိန် ငြိမ်းငြိမ်းချမ်းချမ်း စကားပြောကြတာ တွေ့မြင်ရတဲ့အခါ ပြည်သူတွေ စိတ်ချမ်းသာရတယ်၊ ပျော်ကြတယ်၊ သာဓုခေါ်ကြတယ်၊ ဘာဘဲဖြစ်ဖြစ် စစ်အရေခြုံအစိုးရကို အမှတ်ပေးကြတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားဆိုတဲ့ လိပ်ခဲတည်းလည်း အစိုင်အခဲကြောင့် အမှတ်ရှည်ရှည် မပေးကြဘဲ တိုတိတိုနန့် အမှန်ခြစ်ကိုဘဲ ရရရှာတယ်။
အမှန်ခြစ် အမှတ်ရှည် ထင်ထင်ရှားရှားကြီး ရဖို့ဆိုရင် “သေချာသည့်အချိန်” ဆိုတာကို လည်ပင်းရှည်အောင် မစောင့်ကြဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ နှစ်ဦးနှစ်ဘက် လုပ်ကြရပါလိမ့်မယ်။ လုပ်လို့လည်း ရနိုင်ပါတယ်။ မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်တွေထဲက နိုင်ငံရေးသမား ခေါင်းဆောင်များနဲ့ တွေ့ဆုံ စကားပြော ရပါလိမ့်မယ်။ ဒီမိုကရေစီရေး ရဲဘော်ရဲဘက်တွေကို အပြင်လောကက နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေ အကြောင်းဂဃနဏ ခရေစေ့တွင်းကျ သိရှိနားလည်အောင် ပြောပြရပါမယ်။ သူတို့မှာလည်း ထောင်ဝင်စာလာတွေ့တဲ့အချိန်လေးသာ နားထောင်ကြရတာပါ၊ အစိုးရသတင်းစာထဲ ပါသလောက်ကိုသာ သိခွင့်ရတာပါ။ ဒေါ်စုကိုယ်တိုင် သူတို့ကို သွားရောက် တွေ့ဆုံခွင့်ရရင်၊ ရှင်းလင်း ပြောကြားခွင့်ရရင် အခြေအနေတွေ ကောင်းတဲ့ဘက်ကို ရွေ့လာနိုင်ပါတယ်။ အစိုးရဘက်က တာဝန်ရှိသူတွေ အနေနဲ့လည်း သူတို့နဲ့  တွေ့ဆုံ စကားပြောသင့်ပါတယ်။
ဆူဆူပူပူ အမြဲလုပ်သူတွေလို့ မမြင်ဘဲ တိုင်းကျိုးပြည်ပြု ငါ့နိုင်ငံသားတွေဘဲလို့ ခံယူပြီး တွေ့ဆုံရေးလမ်းစတစ်ခုကို စတင် ပျိုးယူထားသင့်ပါပြီ။ ဘာဘဲဖြစ်ဖြစ် မည်သည့်ဘက်ကမှ အရင်းမရှုံးနိုင်ပါဘူး။ ပုထုစဉ်လူသားတွေရဲ့ သဘာဝအတိုင်း ဘယ်သူဖြစ်ဖြစ် ဘယ်ဝါဖြစ်ဖြစ် အသိအမှတ်ပြုမှုကို ခံယူချင်ပါတယ်။ ပစ်ပယ်ထားတာတွေ၊ ၀ိုင်းကျဉ်ထားတာတွေ၊ မခေါ်မပြောနိုင် ဖြစ်ရတာတွေနဲ့ တိုင်းပြည်တစ်ပြည်ကို တိုးတက် အောင်မြင်အောင် တည်ဆောက်လို့ မရပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က ပြည်တွင်းက ပုဂ္ဂိုလ်တချို့ နိုင်ငံခြားထွက်ပြီး မြန်မာနိုင်ငံကို ဆန့်ကျင် ပုန်ကန်နေသူတချို့နဲ့ သွားရောက်တွေ့ဆုံ စကားပြောကြ နိုင်သေးတာဘဲ။ နှစ်ဘက်စကား နှစ်ဘက်နားတွေနဲ့ ရင်းနှီးမှုတွေ ရယူထားနိုင် ကြသေးတာဘဲ။ အခုဟာက ရေခြားမြေခြား တိုင်းတစ်ပါးကို ခရီးရှည်ကြီး ဆန့်စရာ မလိုပါဘူး။ နီးနီးလေးနဲ့ ဝေ့နေကြတာပါ။

အောင်မျိုးထွန်း
၂၆- ၈- ၂၀၁၁

http://www.demowaiyan.co.cc/2011/08/blog-post_8300.html
မှကူးယူတင်ပြသည်။
MAUNG NE WIN


ပြည်သူ့နှလုံး မသိမ်းကြုံးလျှင် ပြည်သူ့ခွန်အား မကိုးစားလျှင်.....


လောကမှာလူထု အကျိုးကို သယ်ပိုး၊ အများအကျိုးကို ထမ်းပိုး ဆောင်ရွက်နေသူ၊ အနစ်နာခံ ဆောင်ရွက်နေသူတွေကို ပြည်သူလူထုက အားကိုး ယုံကြည် လေးစားကြပါတယ်...။ ကျွန်တော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်တဲ့ လူမျိုးအပေါ်ထားတဲ့ စိတ်ဓာတ်နဲ့ အနစ်နာခံတဲ့ စိတ်ဓာတ်၊ ခေါင်းဆောင်ကောင်း ပီသတဲ့ စိတ်ဓာတ်တွေကြောင့် ရောက်လေရာမှာ အုတ်အော်သောင်းသဲ ပြည်သူမေတ္တာ၊ ပြည်သူ့ချစ်ခင်မှုကို အပြည့်အဝ ရရှိခံစားနေရတာပါ...။ ဒါဟာ ပြည်သူက ကျွန်တော်တို့ ခေါင်းဆောင်အပေါ်ထားတဲ့ မေတ္တာ၊ လေးစားယုံကြည်မှု၊ မိမိတို့ အနာဂတ်ရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆီးပေးမယ့်သူ အဖြစ် အားကိုးယုံကြည်မှုပါပဲ...။ ပြည်သူတွေရဲ့ ရင်ထဲကလာတဲ့ မေတ္တာပါ လုပ်ယူထားတဲ့ အရာတွေ မဟုတ်ပါဘူး၊




ကဲအောက်မှာ ဆက်ကြည့်ရအောင်ဗျာ...


ဒီပုံကတော့ ၂၀၀၆ခုနှစ်က ဗိုလ်သန်းရွှေတို့ တရုတ်ပြည်ခရီးစဉ်မှာ ဒေါ်ကြိုင်ကြိုင်နဲ့ မိသားစု ပန်ဒါ ဝက်ဝံလေးတွေရဲ့ ပန်းခြံမှာ တွေ့ရတဲ့ မြင်ကွင်းပါ...။ ပန်ဒါဝက်ဝံတွေဆိုတာ အင်မတန်မှ ချစ်ဖို့ကောင်းတဲ့ တရုတ်ပြည်မှာပဲ တွေ့ရတဲ့ ဝက်ဝံအမျိုးအစားပါ။ သို့ပေတည့် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေကြားမှာ ပန်ဒါဝက်ဝံခင်ဗျာလည်း အရောင်မှိန်ခဲ့ရပါတယ်..။ (လျှက်တပြက် အယ်ဒ်ီတာချုပ်ကြီးများ ဒီပုံကိုရရှိရင် ပုံထဲက ပန်ဒါဝက်ဝံကို ဖျောက်ထားပေးမလားပဲ)။ ဟန်ဆောင်အပြုံးတွေ၊ မာန်မာနတွေ မျက်နှာမှာ ထင်ဟပ်နေတဲ့ ပုံရိပ်တွေပါ...။ တကယ်ချစ်ခင်မှုနဲ့ ရွံကြောက် အနေအထားတွေ ကွာပါတယ်..။ မိမိကိုယ်ကိုယ် အနိုင်ရရှိပြီလို့ ထင်ထားတဲ့ သူတွေရဲ့ လူတောတိုးမတိုးဝံ့၊ လူထုကြားထဲ ရဲရဲဝံ့ဝံ့ မသွားဝံ့တဲ့ လူမသေခင်ကတည်းက နာမည်သေနေကြပြီ ဖြစ်တဲ့ တဘဝစံတွေပါ...။ နောက်ဆုံးအချိန်မှာ ဘယ်လိုများ ဇာတ်သိမ်းကြမယ်ဆိုတာ ပိတ်ကားပေါ်မှာ ဆက်လက် ကြည့်ရှုကြတာပေါ့ဗျာ....ဓာတ်ပုံတွေက ပြောတဲ့ ကွာခြားချက်လေးတွေကို အားလုံးအတွက် တင်ပြလိုက်ပါတယ်...။

စစ်နည်းဗျူဟာ ဘယ်လိုသာလည်း
စွဲကိုင်လက်နက် ဘယ်လိုထက်လည်း။
ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်
ပြည်သူ့ခွန်အား မကိုးစားလျှင်
ဓားသွားလည်းကြွေ၊ လှံလည်းခွေအံ့။
လက်ဝဲသုန္ဒရ


http://www.demowaiyan.co.cc/2011/08/blog-post_9074.html

မှကူးယူတင်ပြသည်။

MAUNG NE WIN





Saturday, August 27, 2011

ယုံကြည်ချက် ခံယူချက်ကြောင့် အကျဉ်းကျခံနေရသူများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်း။


ယုံကြည်ချက် ခံယူချက်ကြောင့် အကျဉ်းကျခံနေရသူများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ခွင့်ရရေးအတွက် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်များ ထုတ်ပြန်စေရေးအတွက် နိုင်ငံတော်သမ္မတအား ပြည်သူ့လွှတ်တော်က မေတ္တာရပ်ခံ Friday, 26 August 2011 01:49


ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်အမိန့်များ ဆက်လက် ထုတ်ပြန်စေရေးအတွက် နိုင်ငံတော် သမ္မတအား ပြည်သူ့လွှတ်တော်က မေတ္တာရပ်ခံကြောင်းအဆိုကို ရန်ကုန် တိုင်းဒေသကြီး သင်္ဃန်းကျွန်း မဲဆ န္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းညွန့်က ပြည်သူ့လွှတ် တော်သို့တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။

ယင်းအဆိုကို ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် မဲဆန္ဒနယ်မှ ဦးစံလင်း၊ ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် မဲဆန္ဒ နယ်မှ ဒေါ်လဲ့လဲ့ဝင်းဆွေ၊ ရခိုင်ပြည် နယ် ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ် မှ ဦးဘရှိန်၊ ရှမ်းပြည်နယ် ကွန်ဟိန်း မဲဆန္ဒနယ်မှ ဒေါ်နန်းဝါနု၊ ရှမ်းပြည် နယ် ရွာငံမဲဆန္ဒနယ်မှ ဦးအောင် သိန်း၊ ရှမ်းပြည်နယ် လဲချားမဲဆန္ဒ နယ်မှ ဦးစိုင်းမောင်တင်၊ ရခိုင်ပြည် နယ် ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ် ခင်စောဝေ၊ ကရင်ပြည်နယ်ဘားအံ မဲဆန္ဒနယ်မှ ဒေါ်နန်းစေအွာ၊ တန င်္သာရီတိုင်း ရေးမဲဆန္ဒနယ်မှ ဒေါ်မိ မြင့်သန်း၊ ချင်းပြည်နယ် ထန်တလန် မဲဆန္ဒနယ်မှ ဒေါ်ဇာတလဲမ်း၊ မွန် ပြည်နယ် ပေါင်မဲဆန္ဒနယ်မှ ဦးခင် မောင်မြင့်၊ ပဲခူးတိုင်း ကျောက်ကြီး မဲဆန္ဒနယ်မှ ဦးဥာဏ်ဆွေဝင်း၊ ရန် ကုန်တိုင်းဒေသကြီး စမ်းချောင်း မဲ ဆန္ဒနယ်မှ ဦးစိုးဝင်း၊ ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပ မဲဆန္ဒ နယ်မှ ဒေါက်တာသန်းဝင်း၊ မွန်ပြည် နယ် သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦး သိန်းအောင်တို့က ဆွေးနွေးခဲ့ကြပြီး တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးကလည်း ဖြည့် စွက်ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များက အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်အမိန့်များ ဆက်လက် ထုတ်ပြန်စေရေးအတွက် နိုင်ငံတော် သမ္မတအား ပြည်သူ့လွှတ်တော်က မေတ္တာရပ်ခံကြောင်း အဆိုနှင့် စပ် လျဉ်း၍ ဆွေးနွေးကြရာတွင် ဖဆပ လခေတ်၊ တော်လှန်ရေးကောင်စီ ခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါ တီခေတ် တစ်လျှောက်လုံးတွင် အ ထွေထွေလွတ်ငြိမ်းချမ်းသာခွင့်များ ပေးခဲ့ဘူးသည့် သာဓကများလည်း ရှိခဲ့ကြောင်း၊ ၁၉၈၀ခုနှစ် ပြည်ပ ရောက်နိုင်ငံရေးခေါင်းဆောင်များကို ပင် သင်ပုန်းခြေရေးမူအရ ထိုစဉ်က လွှတ်တော်က ဖိတ်ခေါ်ခဲ့ဘူးသည့် အစဉ်အလာလည်းရှိခဲ့ကြောင်း၊ပြည် တွင်း၌ အကျဉ်းကျခံနေရသူများတွင် ယုံကြည်ချက်၊ ခံယူချက်ကြောင့် လုံ ခြုံရေးဥပဒေများနှင့် ညှိစွန်းပြီး အ ကျဉ်းကျခံနေရသူများ၊ ပြည်သူက လေးစားယုံကြည်ကြသူများ၊ ဒီမိုက ရေစီနိုင်ငံတော်သစ်တည်ဆောက် ရေးတွင် ပူးပေါင်းပါဝင်ရန် လိုအပ် သူများလည်းပါရှိနေကြောင်း၊ အ ထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို ပြည်သူများကမျှော်လင့်နေကြလျက် ရှိပြီး အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်အမိန့်များ ဆက်လက်ထုတ်ပြန် ရေးသည် ပြည်သူ့အသံဖြစ်ပြီး ကျင်းပနေဆဲ လွှတ်တော်၏ ဆောင် ပုဒ်ဖြစ်သည့် ပြည်သူ့အသံ၊ လွှတ် တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ် တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဆို သည်နှင့်အညီ အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်များ ဆက်လက်ထုတ် ပြန်ပေးရေးအတွက် နိုင်ငံတော်သမ္မ တအား ပြည်သူ့လွှတ်တော်က မေ တ္တာရပ်ခံကြောင်းအဆိုကို ထောက်ခံ ဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် ပြည်တွင်း၌ ယုံ ကြည်ချက် ခံယူချက်ကြောင့် လုံခြုံ ရေးဥပဒေများနှင့်ညှိစွန်းပြီး ပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသားများထဲ တွင် ဒီမိုကရေစီနိုင်ငံတော်သစ် ထူ ထောင်နိုင်ရေးအတွက် အင်အားတစ် ရပ်ဖြစ်သည့် အသိပညာရှင်၊ အ တတ်ပညာရှင်များ၊ နိုင်ငံရေးရာ များ ကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ကြ မည့်သူများ ပါရှိနေသည့်အပြင် ယုံ ကြည်ချက် ခံယူချက်ကြောင့် ပြည် ပရောက်ရှိနေသည့် မြန်မာနိုင်ငံသား များ၊ ပြန်လည်လာရောက်နိုင်ရေး အ တွက်လည်း အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်မှာ အရေးပါပြီး နိုင်ငံ တော်သမ္မတကြီးက ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြစ်မှု တစ်စုံတစ်ရာ ကျုးလွန်ထားခြင်းမရှိ ပါက မြန်မာနိုင်ငံသို့ အချိန်မရွေး ပြန်လာနိုင်ကြောင်း၊ပြစ်ဒဏ်ကျခံရန် မြန်မာနိုင်ငံသို့ ပြန်လာမည်ဆိုပါက လည်း သဘောထားကြီးစွာစဉ်းစား ပေးမည်ဆိုသည့် မိန့်ကြားချက်နှင့် အညီ အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်များ ဆက်လက်ထုတ်ပြန်စေရေး အဆိုကို နိုင်ငံတော်သမ္မတထံ ပြည် သူ့လွှတ်တော်က မေတ္တာရပ်ခံရေး အ ဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

တပ်မတော်သား ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဗိုလ်မှုးကြီးတင့် ဆန်းနှင့် အခြားကိုယ်စားလှယ်တစ် ဦးတို့က အကျဉ်းကျခံနေရသူများ တွင် နိုင်ငံတော်အတွက် သက်စွန့် ကျိုးပမ်းတာဝန်ထမ်းခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက် တပ်မတော်သား အများအပြားပါရှိနေသည့်အတွက် အဆိုပါတပ်မတော်သားများ၏ တာ ဝန်ထမ်းဆောင်ခဲ့သည်များကို စာနာ ထောက်ထား၍ အထွေထွေလွတ် ငြိမ်းချမ်းသာခွင့် အမိန့်များဆက် လက်ထုတ်ပြန်စေရေးအတွက် နိုင်ငံ တော်သမ္မတအား ပြည်သူ့လွှတ် တော်က မေတ္တာရပ်ခံကြောင်းအဆို ကို ထောက်ခံဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များ၏ တင်ပြ ချက်ကို ပြည်ထောင်စုဝန်ကြီးအနေ ဖြင့်လည်းကောင်း၊ နိုင်ငံတော်လုံခြုံ ရေးနှင့် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး အနေဖြင့်လည်းကောင်း၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက်ထုတ်ပြန်စေရေးအတွက် ပြည်သူ့လွှတ်တော်က နိုင်ငံတော်သ မ္မတအား မေတ္တာရပ်ခံကြောင်းကို နိုင်ငံတော်သမ္မတထံ အမြန်ဆုံးတင် ပြပေးသွားမည်ဟု ရှင်းလင်းဆွေး နွေးခဲ့သည်။

ယင်းကြောင့် အထွေထွေလွှတ် ငြိမ်းချမ်းသာခွင့်အမိန့်များ ဆက် လက်ထုတ်ပြန်စေရေးအတွက် ပြည် သူ့လွှတ်တော်က နိုင်ငံတော်သမ္မတ အား နိုင်ငံတော်လုံခြုံရေးနှင့် ကာ ကွယ်ရေးကောင်စီဝင် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို မှတဆင့် မေတ္တာရပ်ခံကြောင်း အ တည်ပြုကြေညာခဲ့သည်။

via Eleven Media Group မှကူးယူတင်ပြသည်။
MAUNG NE WIN

Thursday, August 18, 2011

မြန်မာ့ တပ်မတော် အလုံးစုံ ပြိုကွဲပျက်စီးဖို့ နီးပြီလော ဆောင်းပါးရှင် ချေဗားမား (Che Burma)

မြန်မာ့ တပ်မတော် အလုံးစုံ ပြိုကွဲပျက်စီးဖို့ နီးပြီလော
ဆောင်းပါးရှင် ချေဗားမား (Che Burma)



နယ်ချဲ့လွတ်လပ်ရေး တိုက်ပွဲအတွင်းက မွေးဖွားအခြေခံလာခဲ့သော၊ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် ရဲဘော်သုံးကျိပ် စတင် တည်ထောင်လာခဲ့သော ဘီအိုင်အေမှ အစပြုသည့် မြန်မာ့တပ်မတော်၏ အစဉ်အလာသည် ယနေ့အခါသမယ၌ ပြုပြင်မရလောက်အောင် ချွတ်ခြုံကျ၊ ယိုယွင်းနေချေပြီလော။
နေ၀င်း၊ သန်းရွှေတို့၏ ကလိန်ကျ၊ ကိုယ်ကျိုးရှာ၊ အတ္တကြီး၊ အာဏာရှင်ဆန်မှုတို့ကြောင့် ပေါ်ပေါက်လာခဲ့ရသော တပ်မတော်အတွင်း ဖြုတ်၊ထုတ်၊သတ် ဇာတ်လမ်းမျိုးစုံကို လူအများ ကြားသိတွေ့မြင် ခဲ့ရပြီးချေသည်ကား သေချာပေ၏။ အနီးစပ်ဆုံးဥပမာများကား အထင်အရှားရှိ၏။ နေ၀င်းကာလကို အသာထားဦး။ သန်းရွှေကာလမှာပဲ စောမောင်၊ တင်ဦး၊ ခင်ညွန့်နှင့် တပည့်များ ဖြုတ်၊သတ်၊ထုတ် အလုပ်ခံခဲ့ရသည် မဟုတ်လော။
တပ်မတော်အတွင်း ဗိုလ်များသာ တိုးလာပြီး စစ်သားရှားပါး၊ ထွက်ပြေးမှုများ မကြာခဏကြုံတွေ့ နေရရုံမျှသာ မကသေး။ ယနေ့တပ်မတော် အရာရှိကြီးကြီး မာစတာတို့၏ စိတ်ဓာတ်၊ စည်းကမ်းများမှာလည်း အဆိုးဖက်သို့ ဦးတည်နေသည်ကား ဆက်လက်ဖော်ပြမည့် အကြောင်းအရာများက သက်သေခံနေပေပြီ။
စော၊တင်၊ညွန့်တို့ ဖြုတ်၊သတ်၊ထုတ် အလုပ်ခံခဲ့ရသည့် နည်းတူ ယနေ့အခါတွင်လည်း တပ်မတော် အရာရှိကြီးကြီး မာစတာချင်း ဖြုတ်၊ထုတ်၊ဖမ်း လုပ်နေကြပြန်သည့် ဇာတ်လမ်းများမှာ ယခုအခါ မကြားချင်အဆုံး ဖြစ်နေပေသည်။

-မန္တလေးမြို့တော်ဝန် ဗိုလ်မှူးချုပ်ဖုန်းဇော်ဟန် ဖမ်းဆီး စစ်ဆေးခံနေရပြီဆိုသည့် သတင်း...
(၄င်းမှာ လက်ရှိ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဆိုသူ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ရန်ဘက်ကြီး ဖြစ်သည်ဆို၏)(မှတ်ချက်။ ။ ဖုန်းဇော်ဟန်၊ ရဲမြင့်တို့မှာ တပ်မတော်မှ ထွက်ထားသူများဟု မည်သို့ပင် အသံဟစ်ထား စေကာမူ၎င်းတို့ကို ၎င်းတို့၏ ရှိရင်းစွဲ တပ်မတော်အဆင့်အတန်းအတိုင်း အာဏာပေးထားသည်ကို ငြင်းဖွယ်မမြင်ပေ။ ဥပမာ - သန်းရွှေ၊ မောင်အေး၊ ရွှေမန်း၊ သိန်းစိန်၊ တင်အောင်မြင့်ဦး၊ ကျော်ဆန်း၊ ခင်ရီ အစရှိသူတို့သည် လက်ရှိတိုင် တပ်မတော်အပေါ် သြဇာ ညောင်းနေပေဘိသကဲသို့။)
-ကာကွယ်ရေး စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ်တင်ငွေ(ယခင် မန္တလေးတိုင်းမှူး)၊ ဗိုလ်ချုပ်ထွန်းသန်း (ရန်ကုန်တိုင်းတိုင်းမှူး)တို့လည်း ဖမ်းဆီးစစ်ဆေး ခံနေရပြီဆိုသည့် သတင်း...
-ဗိုလ်ချုပ်ကျော်ဖြိုး(ယခင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး)လည်း ဖမ်းဆီးစစ်ဆေး ခံနေရပြီဆိုသည့် သတင်း... စသဖြင့်.. စသဖြင့် ။
ဖြုတ်၊ထုတ်၊ဖမ်း သတင်းများကား စိတ်မချမ်းမြေ့ဖွယ် ကောင်းလောက်အောင် ကြားနေရပြန်ချေပြီ။ မြန်မာ့တပ်မတော်၏ အစဉ်အလာကို အပြိုင်ကိုယ်ကျိုးရှာတမ်း၊ အာဏာလုတမ်း၊ ဖြုတ်-ထုတ်-ဖမ်း-သတ်တမ်းကစားနေကြရင်း ချိုးဖျက်နေကြပြီလော။
ကျွန်တော်သည် ပြည်တွင်းမှာ နေထိုင်သော ပြည်တွင်းဖြစ် မြန်မာနိုင်ငံသား၊ ဗမာလူမျိုး စစ်စစ်တစ်ဦးဖြစ်ပြီး "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" စကားများနှင့် ကြီးပြင်းလာခဲ့ရသူဖြစ်ရာ ယခုလို တပ်မတော်၏ အမိ၊ အဖ ဆိုသူများ အချင်းချင်း ကိုယ်ကျိုးရှာ အာဏာလုစတမ်း၊ ဖြုတ်-ထုတ်-ဖမ်း-သတ်တမ်း ကစားနေကြသည်ကို မြင်နေရ၍ လွန်စွာ စိတ်မကောင်းဖြစ်မိတော့သည်။




တပ်မတော်သားသည် တစ်သားတည်းရှိရမည်မဟုတ်လော။ ယခုတော့ ဘယ်သူ့လူ၊ ဘယ်ဝါ့လူခွဲကာ တစ်ဦးနှင့်တစ်ဦး ဦးရာလူချစတမ်း လုပ်တတ်သည့် ဓလေ့တစ်ခု မြန်မာ့တပ်မတော်မှာ စွဲနေလေပြီ။ တပ်မတော်အတွင်း အာဏာစင်ပြိုင်ထောင်သည့် ဓလေ့ဆိုးသည် အမြစ်တွယ်နေလေပြီ။ တပ်မတော်ကို အသုံးချကာ နိုင်ငံရေးဖြတ်လမ်း လိုက်တတ်သည့် ဓလေ့သိုးသည် အနံ့ထွက်နေလေပြီ။ တပ်မတော် အရာရှိကြီးကြီးမာစတာ ကိုယ်တိုင်သော် လည်းကောင်း၊ ၎င်း၏ဆွေမျိုးတသိုက်သော် လည်းကောင်း တပ်မတော်အာဏာသုံး၍ စီးပွားရှာတတ်သည့် ဓလေ့မျိုးသည် ရိုးနေလေပြီ။
"ဘယ်သူကွဲကွဲ တို့မခွဲ အမြဲစည်းလုံးမည်" ဆိုသည့် စကားများနှင့် တည်ဆောက်ထား သယောင်ရှိသော တပ်မတော်သည် မည်သူမျှ ခွဲစရာမလိုဘဲ ခေါင်းဆောင်အချင်းချင်းကွဲပြီး အာဏာရှိုးပြပွဲ လုပ်နေကြပေရာ ရိုးသား ထက်မြက်စွာ နိုင်ငံ့တာဝန်ထမ်းနေသော လက်အောက်ခံ တပ်မတော် အရာရှိကြီးငယ်များနှင့် လက်ဝေခံစစ်သားများခမျာ စိုးတထိတ်ထိတ်၊ ရင်တဖိုဖိုနေရသည့် ဘ၀သို့ တမုတ်ဟုတ်ချင်း အမြဲတမ်း ကျရောက်နေလေပြီ။ "ငါ့တော့ ဘယ်နေ့အတွယ်ခံရမလဲမသိဘူး" ဟူသော စိတ်နှင့် တပ်မတော်သားဘ၀ကို စိတ်ညစ်စွာ ဖြတ်သန်းနေရလေပြီ။
မြန်မာ့တပ်မတော်ကို အမြစ်ကလှန်၍ ပြုပြင်မွမ်းမံရန် လိုပေပြီ။ တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဆိုသော်ငြား ထိုသွေး၊ ထိုအသံ၊ ထိုအမိန့်သည် "ညစ်၊ အက်၊ မှား"၍ နေပေသည်ကို သိလျက်ကြီးနှင့် ပညာဥာဏ်၊ မျိုးချစ်စိတ်ကြီးမားသူ လက်အောက်/လက်ဝေခံ တပ်မတော်သားများက ဒီအတိုင်းလက်ပိုက်ခေါင်းငုံ့ပြီး ငြိမ်ခံနေကြဦးမည်လော။
သွေးဆိုးသွေးညစ်ကို ဖောက်ထုတ်ဖယ်ရှားကာ တပ်မတော်ကို အသစ်တဖန်မွေးဖွားဖို့ လိုပေပြီ။ တပ်မတော်မျိုးဆက်သစ်တို့အနေဖြင့် တပ်မတော်တော်လှန်ရေးကို အမြန်လုပ်ဖို့လိုပေပြီ။ တပ်မတော်ကို ဖြိုခွဲမည့်အကြံ ကျွန်တော်လည်း လက်မခံပါ။ စိတ်ဓာတ်၊ စည်းကမ်းပြိုကွဲနေသော တပ်မတော်ကိုမူ ပြန်လည်စုစည်း ပြုပြင်ကြပါဟုသာ တိုက်တွန်းလိုပေသည်။
အနာသိလျှင် ဆေးရှိသည်ဆိုသော်ငြား ဆေးနှင့် ဆေးကုပေးမည့်သူကား လိုပေသည်။ အနာကား ရင့်ချေပြီ။ သတ္တိရှိရှိ၊ ပညာဥာဏ်ကြီးကြီးနှင့် အနာကို အမြန်ဆေးကုကြပါတော့ဟုသာ တပ်မတော်ချစ်၊ တိုင်းပြည်ချစ် မျိုးဆက်သစ် မြန်မာ့တပ်မတော်သားများကို အလေးအနက်ထားကာ ဦးတည် ရေးသားလိုက်ရပေသတည်း။
ချေဗားမား (Che Burma)


http://www.demowaiyan.co.cc/2011/08/blog-post_7847.html
မှကူးယူတင်ပြသည်။
MAUNG NE WIN





ဒေါ်စုကို ဆက်ချစ်ပါရစေ.... ဆောင်းပါးရှင် (အောင်မျိုးထွန်း)

ဒေါ်စုကို ဆက်ချစ်ပါရစေ.... ဆောင်းပါးရှင် (အောင်မျိုးထွန်း)



ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ကို မျက်စေ့စုံမှိတ် တောက်လျှောက် ထောက်ခံလာတဲ့သူဆိုတော့ အခုတလော မေးခွန်းတစ်ခု လာလာမေးတာ ခံနေရပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့  ပေါင်းလိုက်ပြီလား”သူတို့အမေးကို ဌာန်ကရိုဏ်းကျကျ နိုင်ငံရေးစကားကြီး စကားကျယ်တွေ ရေလဲသုံးပြီး ပြန်ဖြေလိုက်တဲ့အခါ...
“သြော်.. တူတာတွဲလုပ် မတူတာ ဘေးဖယ်ထား” ဆိုပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ သူတို့ စဉ်းစားသွားကြပါတယ်။ အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေါင်းလိုက်ပြီလား လို့မေးတဲ့သူ တစ်ယောက်မှ ထွက်မလာပါဘူး။ အဲဒီလို အပေါက်မျိုးကို မတွေးကြတာလည်း NLD နဲ့ဒေါ်စုတို့ကို စစ်အစိုးရက နှစ်၂၀ ကျော် တရကြမ်း ဖိနှိပ်ချေမှုန်းခဲ့လို့ ဘီလူးဟာ မင်းသား မလုပ်တတ်ဘူး ဆိုတဲ့ အမြင်ကြောင့် ဖြစ်ပါတယ်။
တူတဲ့ကိစ္စရပ်တွေထက် မတူညီတဲ့ ကိစ္စရပ်တွေကို ကျွန်တော်တို့ ပိုစိတ်ဝင်စားပါတယ်။ အတိုက်အခံဆိုတာ သဘောကွဲလွဲမှုတွေကို ရှာဖွေမွှေနှောက်ပြီး ပြည်သူတွေထံ ချပြပြီး အာဏာရအစိုးရကို ဝေဖန် တိုက်ခိုက်နေရတာလေ။ မဟုတ်ရင်တော့ အာဏာရပါတီထဲဝင်ပြီး နိုင်ငံရေးလုပ်ရုံပါဘဲ။ အရိပ်ပါတီ၊ အရိပ်နိုင်ငံရေးဆိုတာ အင်မတန် ရွံရှာစရာပါ။ ကြံ့ဖွံ့အစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးတွေရဲ့ နိုင်ငံရေး လုပ်ကွက်တွေဟာ ခြေလှမ်းသွက်ပြီး တိုင်ပင်ကိုက် လှုပ်ရှားနေတာကို တွေ့ရတော့ ကျွန်တော်တို့တွေ ငထူငအ လုပ်နေရင် ကားကနဲ ကျန်ရစ်တော့မယ့် အခြေအနေတချို့ကို မြင်လာရပါပြီ။
ဒေါ်စုကို အစိုးရက အခုလို ဆက်ဆံနေတာကို အမေရိကန်အစိုးရရဲ့ ကြိုဆိုတယ်ဆိုတဲ့ စကားတစ်ခွန်းဟာလည်း ကျွန်တော်တို့ ထည့်တွက်ရမယ့် ကိစ္စပါ။ ဒေါ်စုနဲ့ အစိုးရတာဝန်ရှိသူ တစ်ဦးတွေ့ဆုံ နေတာကို ဂွမ်းဆီထိ ပီတိဖြစ်နေတာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်ကို တက်အုပ်ချုပ်ပြီး အစိုးရလုပ်နေတာ ကျွန်တော်တို့ မြင်ချင်နေတာပါ။ ဘယ်စစ်ထွက်ပုဂ္ဂိုလ်မှန်သမျှ ဌာနအသီသီးရဲ့ ၀န်ကြီးနေရာ ယူထားကြတဲ့ အစိုးရအဖွဲ့မျိုးကိုမြင်ဖို့  ကျွန်တော်တို့ ဆန္ဒမရှိပါဘူး။
ဒီလိုမျိုး ဒေါ်အောင်ဆန်းစုကြည် အပေါ် အားမလိုအားမရနဲ့ စိတ်ပျက်ငြီးငြူသံ၊ ရှေ့မှာ ပေါ်တင် ဆန့်ကျင်သံမျိုး တွေ ဒီ့ထက်ပိုပြီး ထွက်လာနိုင်စရာရှိပါတယ်။ ရေဒီယိုမီဒီယာတစ်ခုမှာ မွန်လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တစ်ဦးက ဒေါ်စုကို “ငြိမ်းချမ်းရေးကိစ္စ လက်တွေ့ လုပ်ကြည့်ပါ၊ အဲဒီအခါ မလွယ်မှန်းသိလိမ့်မယ်၊ မရရင် ပြန်လှည့်ခဲ့ပေါ့”လို့ သုံးသပ်လိုက်သံကို ကြားရတဲ့အပြင် တချို့ နိုင်ငံရေးဆောင်းပါးနဲ့ ဝေဖန်သူတွေရဲ့  အမြင်မှာလည်း “အပိုတွေ၊ မယုံနဲ့ စစ်အစိုးရက ရုပ်ရှင်ရိုက်နေတာ၊ ဒေါ်စု ခံသွားရလိမ့်မယ်” ဆိုပြီး မှတ်ချက်ပေးနေကြပါတယ်။
ဒါ..ဒေါ်စုနဲ့ ဦးအောင်ကြည် ၂ ခါဘဲ တွေ့ရသေးလို့၊ သုံးလေးငါးခါများ တွေ့ပြီးလို့ သောင်တင်ရေမကျ၊ ၀ါးတားတား ဆက်ဖြစ်နေဦးမယ်ဆိုရင် ဒီ့ထက် ဆူညံတဲ့အသံတွေကို ကြားလာရဖို့ ရှိပါတယ်။
နောက်တစ်ပတ်မှာ နေပြည်တော်လွှတ်တော်ကို အချိန်ကိုက် ပြန်စတာဟာ အစိုးရမှာ ရည်ရွယ်ချက် တစ်ပုံတစ်ပင်နဲ့ပါ။ ပြည်တွင်းပြည်ပက တောင်းဆိုနေကြတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် လွှတ်ပေးရေး၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံစကားပြောရေး၊ မြစ်ဆုံရေကာတာ ဆက်မလုပ်ဖို့နဲ့ ဧရာဝတီမြစ်ထိန်းသိမ်းရေး စတဲ့ လူပြောသူပြောများလွန်းနေတဲ့ အရေးတကြီး ကိစ္စရပ်တွေကို တစ်ဘက်မှာ ဒေါ်စုကို ကြေညာချက်ထုတ် ချွေးသိပ်ထားပြီး ကြံ့ဖွံ့အစိုးရရဲ့ နိုင်ငံရေးမောင်းနှင်ရာ နေပြည်တော်လွှတ်တော်ကနေ ဟော့ရှော့ခ်ဖြစ်နေတဲ့ ဒီကိစ္စ ၃ ခုကို မဲဆန္ဒရှင်များ အကြိုက်ဆိုပြီး တဖောင်းဖောင်း တဒိန်းဒိန်း ပစ်လွှတ်ဖို့ အလားအလာတွေ့ ရပါတယ်။
ပြည်သူ့ဆန္ဒကို လွှတ်တော်ကြီးက အကောင်အထည် ဖော်လေသတည်း ဆိုပြီး လွှတ်တော်ထဲက တိုင်းရင်းသားပါတီတွေ၊ ဒီမိုကရက်တစ်ပါတီတွေနဲ့ အာဏာရပါတီတို့ ရောကြိတ်သမမွှေကြမယ့် သဘောပါ။ ကြံ့ဖွံ့ပါတီမဟုတ်တဲ့ လွှတ်တော်ထဲက ကျန်အင်အားစုတွေရဲ့ စွမ်းဆောင်ချက်က ဟောဒီလို အားရစရာပါဆိုပြီး လုပ်ပြပါလိမ့်မယ်။ တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေနဲ့ စခန်းသွားတဲ့ နေပြည်တော် လွှတ်တော်နိုင်ငံရေးရဲ့ အလုပ်ဖြစ်နေပုံ၊ ရွေးကောက်ပွဲ နိုင်ငံရေးရဲ့ အကျိုးဆက်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပြီ၊ စစ်ပွဲတွေ ရပ်ပြီ၊ မြစ်ဆုံဆည် တည်ဆောက်ရေး ဆက်မလုပ်ဖြစ်တော့ဘူး.. ဆိုတာကို စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို No လုပ်ခဲ့ကြတဲ့ အင်အားစု အားလုံးအပြင် နိုင်ငံတကာကိုပါ မြှူဆွယ်ဖြားယောင်းမယ့် သဘောပါ။ ဒေါ်စုအနေနဲ့ ရွေးကောက်ပွဲ အ၀န်းအ၀ိုင်းထဲ ၀င်ရောက်ဖို့  စဉ်းစားတဲ့အခါ အနည်းငယ်အဖုအထစ်ဖြစ်နေတဲ့ NLD ထဲက သဘောထား တင်းမာတဲ့အုပ်စုနဲ့ လူထုအုံကြွမှုနည်းနဲ့ အစိုးရကို ဖြုတ်ချရမယ်လို့ စဉ်းစားထားကြတဲ့သူတွေကို ဒေါ်စုကိုယ်စား နေပြည်တော်ကဖွဲ့ ဆို တင်ဆက်ပေးမယ့် ပုံမျိုးလုပ်တာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် ဘာစကားတွေပြောကြသလဲ ကျွန်တော်တို့ မသိရပါဘူး။ ဒေါ်စုက NLD ဗဟိုအစည်းအဝေးမှာ ပြောပြခဲ့တယ်လို့ ကြားရပေမယ့် ဦးဥာဏ်ဝင်းက ဒါကိုလည်း ထုတ်ဖော်မပြောနိုင်ပါလို့ အင်တာဗျူးတစ်ခုမှာ ပြောသွားတာကြောင့် လောလောဆယ်သိဖို့ လမ်းစမရှိတော့ပါဘူး။ အားလုံးဟာ ထိပ်တန်းလျို့ဝှက်ချက်တွေ ဖြစ်နေပါတယ်။ အဖြေတိတိကျကျ မရသေးလို့ ကျွန်မပြောလို့ မရသေးဘူးလို့ ဒေါ်စု ပဲခူးခရီးစဉ်မှာ ပြောသွားတဲ့အတွက် အစိုးရသတင်းစာက ထုတ်ပြန်သလောက်ဘဲ သိကြရဦးမှာပါ။ ဒီလိုမျိုး အထိမ်မ၀ှက်တွေနဲ့ ဆက်သွားးနေမယ်ဆိုရင် အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံမှု အခန်းဆက်ကို လူထုအနေနဲ့ စိတ်အချဉ်ပေါက်လာဖို့ ရှိပါတယ်။ လက်ခုပ်သံတွေ တိုးတိတ်သွားဖို့  ရှိပါတယ်။
ဒေါ်စုနဲ့ NLDကို အချိုသတ်ထားပြီး အစိုးရအနေနဲ့ တစ်ဘက်မှာ သူတို့အဓိကထားတဲ့ လွှတ်တော်နိုင်ငံရေးကို အနှောက်အယှက် ကင်းကင်းနဲ့ ရုပ်လုံးကြွလာအောင် အခုအချိန်မှာ ထုဆစ်ပုံဖော်ပါတော့မယ်။ ကျွန်တော်တို့က ဟိုဘက်ကို ငေးမော၊ ဒီဘက်ကို ထောက်ခံနဲ့ ကျွန်တော်တို့ မကြိုက်တဲ့ ကြံ့ဖွံ့အစိုးရရဲ့ နူးညံ့တဲ့ လက်သီးထိုးချက်တွေကို ထုံပေပေခံရတော့မယ့် ပုံပါဘဲ။ အခုတောင် ကျွန်တော့်ကို မေးနေကြပြီလေ။
ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် ဆက်ပြီးထောက်ခံနေဦးမှာပါ။ ကျွန်တော့် နိုင်ငံရေးဖီလင်က ဒေါ်စုဆီမှာဘဲ ကိန်းဝပ်လျက်ပါ။ ဒီခေတ်နိုင်ငံရေးမှာ ဒေါ်စုက လွဲရင် ထောက်ခံဖို့ ကောင်းတဲ့သူ မတွေ့သေးလို့ ဒေါ်စုကို ဆက်ချစ်ပါရစေ။


အောင်မျိုးထွန်း
၁၆- ၈- ၂၀၁၁



http://www.demowaiyan.co.cc/2011/08/blog-post_7847.html


မှကူးယူတင်ပြသည်။


MAUNG NE WIN