Thursday, September 29, 2011

မေခမြစ်အား တရုတ်ပြည်မှ မြစ်ဖျားခံစီးဆင်းတဲ့ အကြောင်း အတင်းဓမ္မ ဆက်စပ် သရုပ်ဖော်ပြသပြီး ဧရာဝတီမြစ်ဆုံစီမံကိန်းကို တင်ပြထားတဲ့ တရုတ်ကုမ္ပဏီ(ရုပ်သံဖိုင်)


မြစ်ဆုံစီမံကိန်းမှာ UPSTREAM AYEYAWADY CONFLUENCE BASIN HYDROPOWER ကုမ္ပဏီရဲ့ မေခ၊ မလိခ၊ မြစ်ဆုံ စီမံကိန်းတွေရဲ့ စီမံကိန်း ၁၈မိနစ်ကြာ သရုပ်ပြရုပ်သံဖိုင်ပါ...။ မေခမြစ်ရဲ့ မြစ်လက်တက်တခုဟာ တိဘက်ပြည်နဲ့ ယူနန်နယ်တွေကို မြစ်ဖျားခံပြီး ဧရာဝတီမြစ်အဖြစ် စီးဆင်းဖြစ်ပေါ်လာပုံကို အနီရောင်နဲ့ ပြသပြီး တရုတ်ပြည်က မြစ်ဖျားခံတဲ့ ပုံစံ ပုံဖော်၊ တရုတ်ပိုင်မြစ်(သို့) တရုတ်နဲ့ သက်ဆိုင်တဲ့ မြစ်ပုံသဏ္ဍာန် ပေါ်အောင် အတင်းဓမ္မ ဆွေမျိုးစပ် ပုံဖော်ထားတာပါ...။

(တကယ့်မေခမြစ်ရဲ့ မြစ်ဖျားခံရာ အစကတော့ ပုံမှာ မြင်ရတဲ့ ကျွန်တော်တို့ ကျောင်းသုံး စာအုပ်တွေမှာပါတဲ့ မြန်မာပြည်မြေပုံရဲ့ အပြာဝိုင်းထားတဲ့ နေရာပါ)။ တတ်လဲတတ်နိုင်ပါပေတယ်...။ ရုပ်သံဖိုင်မှာ ပုံပါအတိုင်း ဧရာဝတီကို အနီရောင်နဲ့ ပြသထားပြီး ဧရာဝတီကို အနီရောင်နဲ့ တောက်လျှောက် ပုံဖော်ပြသွားပါတယ်...။ မေခ၊ မလိခနဲ့ ဧရာဝတီ မြစ်ဆုံမှာ တည်ဆောက်မယ့် ဆည်တွေရဲ့ စီမံကိန်းတွေအကြောင်းနဲ့ မြစ်ဆုံဆည်ပြီးတဲ့အခါ မြင်တွေ့ရမယ့် အနေအထားတွေကို တင်ပြထားတဲ့ ရုပ်သံဖိုင် ဖြစ်ပါတယ်...။တရုတ်နိုင်ငံဟာ မြန်မာပြည်ကို ပုဂံခေတ်ကတည်း တရုတ်ပြည်ရဲ့ ပဏ္ဏာဆက်နိုင်ငံအဖြစ် သတ်မှတ်၊ ပုံဖော်ခဲ့ပါတယ်..။ ယခုလည်း ဧရာဝတီရဲ့ မြစ်ဖျားခံရာ မေခမြစ်ရဲ့ မြစ်လက်တက်တခုကို တရုတ်ပြည်မှ မြစ်ဖျားခံခဲ့တဲ့ ပုံသဏ္ဍာန်ဆက်စပ် ပုံဖော် ပြသထားတာဟာ စော်ကားတဲ့ အပြုအမူလို့ သတ်မှတ်နိုင်ပြီး ၎င်းတို့ရဲ့ ပင်ကိုယ် အတွင်းစိတ် သဏ္ဍာန်ကိုလည်း တွေ့မြင်နိုင်မှာပါ...။ ဒီမြစ်ဆုံဆည် စီမံကိန်းကြီး အကောင်အထည်ဖော် ပြီးဆုံးသွားတဲ့အခါမှာတော့ ကချင်ပြည်နယ်နဲ့ ဒီမြစ်ဆုံဆည်ကို ဘယ်လိုပုံဖော် သတ်မှတ်မယ်ဆိုတာ စဉ်းစားကြည့်ကြပါ...။

http://www.mediafire.com/?09vcn9pefx9mgcm

၂၀၁၁ခုနှစ်မြန်မာနိုင်ငံသားများ ဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း(ဂျပန်)အမှုဆောင်အစည်းအဝေးပွဲဖိတ်ကြားခြင်း

အမှုဆောင်အစည်းအဝေးပွဲအား အမှုဆောင်များနှင့်အဖွဲ့ဝင်များအားဖိတ်ကြားခြင်း

ကျင်းပမည့်နေရာ ။ ။ KOMAGOME ဘူတာ CHIIKI BUNKA SOZOKAN
ကျင်းပမည့်အချိန် ။ ။ ၉း၀၀ မှ ၁၂း၃၀
ကျင်းပမည့်နေ့ ။ ။ ၂၀၁၁. ၁၀. ၁၆ တွင်ကျင်းပမည်ဖြစ်ပါသဖြင့်အမှုဆောင်နှင့်အဖွဲ့ဝင်များအားမပျက်မကွက်တက်ရောက်ကြပါရန် လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေးဌာန



ပြည်တော်ပြန်လိုသူတို့ စဉ်းစားကြဖို့

Friday, September 23, 2011
ပြည်တော်ပြန်လိုသူတို့ စဉ်းစားကြဖို့
ပြည်တော်ပြန်မယ်ဆိုရင် ဒီအချက်အလက်တွေကို လက်ခံနိုင်၊ မနိုင် ဝေဖန်ပိုင်းခြားပြီးတော့ ဆုံးဖြတ်နိုင်





Posted by MAUNG NE WIN

Wednesday, September 28, 2011

၎-ကြိမ်မြောက်ရွှေဝါရောင်တော်လှန်ရေးနေ့ဂျပန်နိုင်ငံရှိမြန်မာအခွန်ရုံးရှေ့ တွင်ကျင်းပပြုလုပ်သောအခမ်းအနားနှင့်BRSA

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်။
ရွှေဝါရောင် တော်လှန်ရေး (၄) နှစ်မြောက်ဆုတောင်းပွဲ အခမ်းအနားနှင့် မြန်မာနိုင်ငံသားများ ဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း(ဂျပန်)



မှတ်တမ်းဓါတ်ပုံ ။ MAUNG NE WIN

Tuesday, September 27, 2011

Monday, September 26, 2011ရွှေဝါရောင်တော်လှန်ရေး လေး နှစ်ပြည့်ဝတ်ပြုဆုတောင်းပွဲဓါတ်ပုံများ

Monday, September 26, 2011
“နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ” “ပြည်သူ့ ဆန္ဒပြည့်ဝပါစေ” ဆိုတာမှာ ဘာများ အမှားပါလို့  တားဆီးပိတ်ပင်နေရတာပါလည်း။






ရင်တွင်းက ဆန္ဒတွေကို ဖေါ်ထုတ်ပြသဖို့  ဒီမိုကရေစီ နည်းလမ်းကျကျ ငြိမ်းချမ်းစွာနဲ့  လမ်းလျှောက် ဆန္ဒဖေါ်ပြတဲ့ “နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ” “ပြည်သူ့ ဆန္ဒပြည့်ဝပါစေ” ဆိုတာမှာ ဘာများ အမှားပါလို့  တားဆီးပိတ်ပင်နေရတာပါလည်း။


Posted by MAUNG NE WIN

Thursday, September 15, 2011

မည်သည့်ကန့်ကွက်မှုများရှိသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မည်မဟုတ်ကြောင်း အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီ

သတင်းရင်းမြစ် (Eleven Media Group)က သတင်းပါ။ တာဝန်မဲ့ ပမာမခန့် ပြောကြားခဲ့တဲ့ လျှပ်စစ်ဝန်ကြီးဆိုသူရဲ့ သတင်းစာရှင်းလင်းပွဲက ပြောကြားချက်တွေပါ.. ပြန်လည်မျှဝေလိုက်ပါတယ်...။ ဖော်ပြပါ အာဏာရှင်ဆန်ဆန် ဖြေကြားခဲ့တဲ့ အကြောင်းတွေကိုတော့ ပြန်ဆွေးနွေးကြတာပေါ့...။
Sunday, 11 September 2011 06:08
မည်သည့်ကန့်ကွက်မှုများ ရှိသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ကြောင်း အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ စက်တင်ဘာလ ၁၀ ရက်နေ့က နေပြည်တော်ရှိ မီးရထားဝန်ကြီးဌာန ၀န်ကြီးရုံးတွင် ပြုလုပ်ခဲ့သည့် မီဒီယာများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"အခု တစ်လလောက်အတွင်းမှာဖြစ်နေတဲ့ ဧရာဝတီရောဂါနဲ့ အမီလိုက်နေသူများရဲ့ မေးခွန်းတွေနဲ့ ကာတွန်းတွေ၊ အခုဧရာဝတီမြစ်ဆုံစီမံကိန်း ဆက်လက် လုပ်ဆောင်ဖို့ ရှိပါသလား၊ ဘယ်အဆင့်ရောက်နေပြီလဲလို့ မေးပါတယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်ပါမယ်။ ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ပါဘူး။ ဘယ်အဆင့်ထိ ရောက်နေပြီလဲဆိုတော့ အခုချိန်မှာတော့ ကျွန်တော်တို့က အကြိုအင်ဂျင်နီယာ လုပ်ငန်းတွေဖြစ်တဲ့ စီမံကိန်းတည်ဆောက်မယ့် ဧရိယာကို ရှင်းလင်းခြင်းလုပ်ငန်းတွေ၊ စီမံကိန်းဧရိယာထဲမှာ ရှိတဲ့လူတွေကို ပြန်လည်နေရာချထားတဲ့ လုပ်ငန်းတွေ၊ နောက်တစ်ခါ လုပ်ဆောင်စရာရှိတဲ့ စီမံကိန်းနဲ့ပတ်သက်တဲ့ အင်ဂျင်နီယာလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါတယ်။ မိုးတွင်းကာလဖြစ်တဲ့အတွက် အဲဒီနေရာကလည်း weather window အရ တစ်နှစ်မှာ ခြောက်လလောက်ပဲ လုပ်လို့ရတဲ့အတွက် မိုးတွင်းမှာတော့ လုပ်ငန်းရပ်နေတယ်။ နွေရာသီ open season စတာနဲ့ ဒီလုပ်ငန်းကို ဆက်လုပ်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းကို ကျွန်တော်တို့စလုပ်တဲ့ အချိန်ကစပြီးတော့ ရှစ်နှစ်အတွင်းမှာ အပြီးလုပ်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ နောက်မဆုတ်ပါဘူး။
အဲဒီတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်နေလို့ နောက်ဆုတ်မှာလားလို့ မေးခွန်းတစ်ခုမေးပါတယ်။ နောက်မဆုတ်ပါဘူး။ ဆက်လုပ်မှာဖြစ်ပါတယ်။ UN က ထပ်မံစစ်ဆေးဦးမှာလား၊ UN နဲ့ ဒီကိစ္စနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျွန်တော်တို့နိုင်ငံနဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော်တို့သည် ကျွန်တော်တို့နိုင်ငံရဲ့ လျှပ်စစ်မီးရရှိရေးဟာ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား ဖြစ်ပါတယ်။ ဒီအမျိုးသားအကျိုးစီးပွားကို ဆက်ပြီးအောင်မြင်အောင် လုပ်မှာဖြစ်ပါတယ်။ ကျန်တာ ကိစ္စတွေကတော့ နောက်မှရှင်းပြမယ်"ဟု ၎င်းက ပြောကြားခဲ့ပါသည်။ ဦးထုပ်အဖြူနဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်ဖျင်း တာပိန်စီမံကိန်းတုန်းက ပုံပါ...
"ဒီမှာ တက်ရောက်သောသူများ နည်းနည်းလေး ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး Knowledge လေးရအောင် ကျွန်တော် နည်းနည်းရှင်းပြပါမယ်။ ရေအားလျှပ်စစ်စီမံကိန်း တစ်ခုလုပ်ဖို့ဆိုသည်မှာ အနည်းဆုံးသုံးနှစ်လောက် လေ့လာရပါတယ်။ သုံးနှစ်လောက် လေ့လာတဲ့အတွင်းမှာ ဒီမြစ်ဝှမ်းကြီးတစ်ခုမှာ ဘယ်နေရာတွေမှာ စီမံကိန်းတွေ ဘယ်လိုလုပ်လို့ရတယ်ဆိုတာ သူရဲ့ Geology အနေအထား၊ သူရဲ့ရေစီးရေလာ Hydrology အနေအထား အကုန်လုံး သုံးနှစ်လောက် လေ့လာရပါတယ်။ သုံးနှစ်လောက် လေ့လာပြီးတဲ့အခါကျတော့မှ ဘယ်နေရာတွေမှာ လုပ်ရင်တော့ ဖြစ်နိုင်ပါတယ်ဆိုတာ proposal လေးတစ်ခုရလာတယ်။ အဲဒီလို proposal လေးရလို့ရှိရင် ဘယ်နေရာဟာ အကောင်းဆုံး ဖြစ်မလဲဆိုတာ ထပ်ပြီးတော့ လေ့လာရပါတယ်။ အကောင်းဆုံးဖြစ်မယ့် တစ်နေရာကို ရွေးပြီးတော့ အဲဒါကို ထပ်လေ့လာတာ၊ အသေးစိတ် ထပ်လေ့လာတာ တစ်နှစ်လောက်ကြာပါတယ်။ အဲဒါပြီးတော့မှ ဒီလုပ်မယ့်နေရာနဲ့ ပတ်သက်တဲ့ design အသေးစိတ်ဆွဲရပါတယ်။ ဒီဥစ္စာတွေအားလုံးဟာ အနည်းဆုံး သုံးနှစ်၊ လေးနှစ် မကြာဘဲနဲ့ စီမံကိန်းတစ်ခု မဖြစ်ပေါ်လာဘူး။ စီမံကိန်းသစ်ကို လုပ်ဆောင်တိုင်းမှာ Tactical အရ ဒါတွေလေ့လာရတဲ့အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အကျိုးသက်ရောက်မှု ဘာတွေရှိမလဲ ဒါကိုလည်း တစ်ချိန်တည်းမှာ လေ့လာရတယ်။ ဒီသက်ရောက်မှုတွေ အားလုံးဟာ ကျွန်တော်တို့ ၀န်ကြီးဌာနက မလေ့လာဘူး။ ကျွန်တော်တို့က ပိုက်ဆံပေးငှားပြီး လေ့လာပါတယ်။ ဥပမာ မြစ်ဆုံကို ပြောတာပေါ့။ မြစ်ဆုံကို လေ့လာတာ ဆိုရင် BANCA က လေ့လာတယ်။ BANCA ကို ကျွန်တော်တို့ ဘယ်လောက်ပေးရလဲဆိုရင် ၁ ဒသမ ၂၅ သန်း အမေရိကန်ဒေါ်လာ ပေးရတယ်။ ဒီဟာတွေဟာ ကျွန်တော်တို့ ၀န်ကြီးဌာနက လေ့လာတယ်ဆိုရင် ကိုယ့်ဖာသာကိုယ် လေ့လာပြီးတော့ ကိုယ့်ဖာသာကိုယ် လုပ်သလို ဖြစ်မှာစိုးတဲ့အတွက် Third Party ဖြစ်တဲ့ အဖွဲ့အစည်းကိုလေ့လာခိုင်းပါတယ်။ Tactically အရ နည်းပညာအရ လေ့လာမယ်ဆိုရင်လည်း ကမ္ဘာမှာရှိတဲ့ နိုင်ငံကျော်ဒီဇိုင်းနဲ့ Institute တွေကို ငှားပြီးတော့ လေ့လာရပါတယ်။ ဒါမှသာလျှင် တစ်နေရာ တစ်နေရာမှာ အင်မတန် သေချာတဲ့ စီမံကိန်းတစ်ခု ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ လေ့လာခဲ့တဲ့ စီမံကိန်းဟာ Environmental အရရော၊ Tactically အရရော သေချာလေ့လာပြီးသား လုပ်တဲ့စီမံကိန်းဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ဘူး ဆက်လုပ်မှာ ဖြစ်ပါတယ်။ ရောဂါဆန်းဖြစ်နေတဲ့ ဟာတွေကို ရှင်းသွားအောင်ပြောတာ၊ ဆက်လုပ်မယ်ဆိုတာကို"ဟု ၎င်းက ပြောကြားခဲ့ပါသည်။



ယူနန်ပြည်ရောက် ဦးဇော်ဖျင်း





"ဒုတိယအချက်ကတော့ ကျွန်တော်တို့ ဘီလူးချောင်းရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်ပြီး လျှပ်စစ်ထုတ်ပေးခဲ့အခါ ဒီနေ့အထိ going strong ဖြစ်ပါတယ်။ သူသည် ၅၂ နှစ် ရှိပါပြီ။ ဘီလူးချောင်းစီမံကိန်းကြောင့် ဘီလူးချောင်းကြီး ပျက်စီးသွားပြီလို့ ဒီလိုမျိုးတွေ ညီအစ်ကို မောင်နှမတွေ ကြားဖူးသလား။ မကြားဖူးပါဘူး။ ဒီတော့ ပေါင်းလောင်းစီမံကိန်း မဂ္ဂါဝပ် ၂၈၀ ရှိပါတယ်။ ပေါင်းလောင်းစီမံကိန်းကြီးကြောင့် ပေါင်းလောင်းချောင်းကြီး ပေါင်းလောင်းမြစ်ကြီး ပျက်စီးသွားပြီလား။ မပျက်စီးပါဘူး။ ရဲရွာစီမံကိန်း မြန်မာနိုင်ငံမှာ လက်ရှိမှာ အကြီးဆုံးစီမံကန်း ရဲရွာစီမံကိန်းပါပဲ။ လျှပ်စစ်ဓာတ်အားလည်း ပေးနေပါတယ်။ ရဲရွာစီမံကိန်းကြောင့် ဒီနေ့ဒီအချိန်ခါမှာ ပြီးခဲ့တဲ့နှစ်ကာလများထက် လျှပ်စစ်သုံးဆလောက် ပေးနိုင်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ပေးနေတဲ့ လျှပ်စစ်မဂ္ဂါဝပ် ၁၅၀၀ လောက် ပေးပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆ လောက်က ၅၀၀၊ ၆၀၀ လောက်တောင် အနိုင်နိုင် ပေးနေရတာ ဖြစ်ပါတယ်။ ဒါဟာ အဲဒီရဲရွာစီမံကိန်းကြောင့် ဒုဋ္ဌ၀တီ မြစ်ကြီး၊ မြစ်ငယ်မြစ်ကြီး ပျက်စီးသွားပြီလား။ မပျက်စီးပါဘူး။ ဒါဟာ အားလုံးအမြင်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ဒီ environmental နဲ့ ပတ်သက်ပြီးတော့ ဒီအယူအဆနဲ့ ပြောနေဆိုနေကြတဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။ environmental အကျိုးသက်ရောက်မှု ရှိလား မရှိဘူးလား၊ ရှိပါတယ်။ ဒီ သဘာဝကို ဆန့်ကျင်ပြီးတော့ မြစ်ချောင်းတစ်ခု ပိတ်လိုက်ရင်၊ အဲဒီမြစ်ချောင်း မှာ reserver ဆိုတာ ဖြစ်သွားပါတယ်။ reserver ဖြစ်သွားလို့ရှိရင် reserver အနီးမှာ နေထိုင်တဲ့ သားရဲတိရစ္ဆာန်လေးတွေ ငှက်ကလေးတွေ နေရာမရှိဘူး၊ ဘာဘူး ညာဘူး။ သစ်ပင်ပန်းမန်တွေ ပျက်စီးတယ်စသည် ဖြင့်ပေါ့လေ။ လူတွေ စိုက်ဧက နည်းနည်းပါးပါးတွေ ပျက်စီးတယ်၊ လူတွေနေရာ ရွှေ့ပေးရတယ် စသည်ဖြင့် အချက် လေး၊ ငါး၊ ရှစ်ချက်လောက် ရှိပါတယ်။ environmental နဲ့ ပတ်သက်ရင်၊ environmental ပျက်စီးသွားတဲ့ဥစ္စာကြောင့် ခံစားရမယ့် အကျိုးသက်ရောက်မှုနဲ့ မိမိတို့နိုင်ငံကရရှိမယ့် အကျိုးအမြတ်ရရှိမှု ဘယ်ဟာက ပိုများသလဲ။ ပိုများတဲ့ အပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့က ရေအားလျှပ်စစ်လုပ်ငန်းကို လုပ်ပါတယ်။




မြစ်ဆုံရေကာတာစီမံကိန်းအတွက် စာချွန်လွှာ လဲလှယ်စဉ်က




အဲဒီတော့ ကျွန်တော်ခုနက ပြောခဲ့တဲ့ ရဲရွာစီမံကိန်းတစ်ခု လုပ်လိုက်တယ်။ မြစ်အထက်မှာရော၊ မြစ်အောက်မှာရော အခုချိန်မှာ ဘယ်လောက်များ ပျက်စီးသွားပြီးတော့ လူတွေက ဒုက္ခသုက္ခ ရောက်နေကြလို့လဲ။ ဒီဧရာဝတီမြစ်မှာလည်း ၎င်းအတိုင်းပါပဲ။ ပျက်စီးမှုနည်းနည်း ပါးပါးရှိပါတယ်။ ဒီဥစ္စာလူတွေက ထိန်းသိမ်းစောင့်ရှောက်ပေးလို့ ကျွန်တော်တို့က ၀ိုင်းဝန်းကူညီပေးလို့ ဒါတွေနဲ့ ဒီအကျိုးသက်ရောက်မှုဟာ နှေးနှေးသွားပြီးရင် မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ သန်း ၅၀၊ သန်း ၆၀ရဲ့ အကျိုးကျေးဇူးအများကြီးပြန်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ မြစ်ဆုံစီမံကိန်းကို လူတွေကဘာတွေ ပြောလဲဆိုတော့ မြစ်ကြီးပိတ်လိုက်ရင် မြစ်ကြီးကခြောက်သွားပြီ၊ ဧရာဝတီမြစ်ကြီးက သေသွားပြီ၊ ကျွန်တော်တို့က မြစ်ကြီးကို ချစ်တဲ့သူတွေ ဖြစ်ပါတယ်။ ဒီမြစ်ကြီး အသေမခံနိုင်ပါဘူးဆိုတဲ့သူတွေပေါ့။ ဧရာဝတီမြစ်မှာ စီးဆင်းတဲ့ရေရဲ့ ၇% ကျွန်တော်တို့ ဖမ်းပါတယ်။ နှစ်တိုင်း နှစ်တိုင်း မဖမ်းခင်တုန်းက ဧရာဝတီ မြစ်ရဲ့ရေက ဘယ်သွားလဲ။ ပင်လယ်ထဲကိုသွားတယ်။ ကျွန်တော်တို့က ဧရာဝတီမြစ်ရဲ့ ရေကို ၇% ဖမ်းတယ်။ ၉၃% ဆက်လက်စီးဆင်းနေတဲ့အတွက် မြစ်ရဲ့ရေစီးကြောင်းက ဘာမှပြောင်းလဲစရာမရှိဘူး။ ၇% ဖမ်းထားတဲ့ရေကို စက်မောင်းပေးတယ်။ ကျွန်တော်တို့ရဲ့ ရေအားလျှပ်စစ်ဆိုတာက ဂက်စ်တာဘိုင်လို ဂက်စ်ထည့်ရတာ၊ ဒီဇယ်တာဘိုင်လို ဒီဇယ်ထည့်ရတာ မဟုတ်ဘူး။ ရေထည့်မောင်းရတာ။ အဲဒီရေနဲ့ မောင်းလိုက်ရင် အဲဒီရေက မြစ်ထဲပြန်စီးသွားမယ်။ အဲဒီတော့ဘာတစ်ခုမှ ရေစီးရေလာ ပြောင်းသွားစရာမရှိပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးစီးပွားရေး၊ National Interest နဲ့ ပတ်သက်ရင် ဘယ်ဟာက အကျိုးရှိသလဲ။ ဘယ်ဟာက အကျိုးယုတ်သလဲ အဲဒီပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ အကျိုးအမြတ်များရင် ကျွန်တော်တို့ ဆက်လုပ်မှာ ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ကြီးပျက်စီးရင် ကျွန်တော်ခုနက ဖတ်တဲ့ကာတွန်းလို၊ ဒီမှာအများစု ပညာရှင်တွေပါတယ်။ မဟာဗန္ဓုလ အရိုးအိုးစေတီ ဘယ်နားမှာ ရှိသလဲ သိကြသလား။ မသိနိုင်ဘူး။ မဟာဗန္ဓုလ အရိုးအိုးစေတီအစစ်က မင်းလှမှာ၊ မလွန်မင်းလှမှာ ရှိတယ်။ ခွေးသာချောင်းဆိုတဲ့ ခွေးသာချောင်းနဲ့ ဧရာဝတီမြစ်ဆုံတဲ့ နေရာမှာ ရှိပါတယ်။ အဲဒီအရိုးအိုးစေတီကို ကျွန်တော် တိုင်းဥက္ကဋ္ဌဘ၀က ရွှေ့ပေးခဲ့ရတယ်။ လွန်ခဲ့တဲ့ ၉ နှစ်၊ ၁၀ နှစ်လောက်က၊ ကမ်းပါးပြိုမှာစိုးလို့ ရွှေ့ပေးလိုက်ရတယ်။ မြစ်က နှစ်ပေါင်း ၁၀၀၊ ၂၀၀ ဘယ်သူမှမထိန်းသိမ်းလို့ ပျက်စီးတာ။"မြစ်ကြီးကို ဘယ်သူမှ မထိန်းသိမ်းခဲ့လို့ မြစ်ကြီးက ပျက်စီးတာ ရေကစီးချင်တဲ့နေရာ လျှောက်စီးနေတာ။ ဒီမြစ်ကို ထိန်းသိမ်းရေးလုပ်မယ့်လူ ဘယ်သူမှ မရှိခဲ့ဘူး။ ရေက စီးချင်တဲ့နေရာ လျှောက်စီးနေတာ။ ဆိုပါတော့ ဧရာဝတီမြစ်က အရင်က ကိုက် ၁၀၀ ကျယ်တယ်ဆိုပါတော့၊ အခု ကိုက် ၅၀၀ ကျယ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေက စီးချင်တဲ့ နေရာ လျှောက်စီးနေလို့။ ဒါကို နိုင်ငံမှာ ဓနအင်အားကြောင့်ရော၊ စိတ်ဝင်စားမှုကြောင့်ရော ဘယ်သူမှ မထိန်းသိမ်းခဲ့ဘူး။ မထိန်းသိမ်းခဲ့တဲ့အတွက် ကိုက် ၁၀၀ စီးရမယ့် ရေက ကိုက် ၅၀၀ စီးနေတဲ့အခါ ရေအနက် ပေ ၁၀၀ ရှိရမယ့်နေရာမှာ ပေ ၅၀ ပဲ ရှိမှာပေါ့။ ရေအနက် ငါးပေ ရှိရမယ့်နေရာမှာ ရေကတစ်ပေပဲရှိမှာပေါ့။ ဒါဟာ ဒီမြစ်ကြီးတစ်လျှောက်လုံး ဘယ်သူမှမထိန်းသိမ်းခဲ့လို့ ဖြစ်ပါတယ်။ သွားရမယ့် issue က ဘယ်ကို သွားရမယ့် issue လဲဆိုတော့ ဒီမြစ်ကြီး သေသွားမယ်မဟုတ်ဘူး။ တရုတ်ရှေ့ရောက်တော့ ကုပ်ကုပ်.. ကိုယ့်လူမျိုး သတင်း၊ မီဒီယာတွေရှေ့ရောက်တော့ ပမာမခန့် ..




ဒီမြစ်ကြီးကို ဘယ်လို ၀ိုင်းဝန်းထိန်းသိမ်းမလဲဆိုတဲ့ issue ကို သွားရမှာ။ အဲဒီတော့ ဟိုမှာ ဒီတစ်ခါ ကျွန်တော်တို့ သတင်းစာထဲမှာ ဘာတွေပြောလဲဆိုတော့ တရုတ်ကအကျိုးရှိတဲ့ စီမံကိန်းလို့ပြောတယ်။ တရုတ်အကျိုးရှိတယ်။ မြန်မာပြည် အကျိုးမရှိဘူးလို့ပြောတယ်။ ဒီစီမံကိန်းတွေ လုပ်တိုင်းလုပ်တိုင်းမှာ ကျွန်တော်တို့ နိုင်ငံမှာ ပိုက်ဆံမရှိလို့ လုပ်တာ။ ပိုက်ဆံရှိရင် ကိုယ့်ဟာ ကိုယ်လုပ်မှာပေါ့။ ဒါ နံပါတ်တစ်။ ပိုက်ဆံရှိလို့ ကိုယ့်ဟာကိုယ် လုပ်ပြီးရင် ဒီလျှပ်စစ်ကို ဘယ်သူကသုံးမှာလဲ။ ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။ လုပ်မယ့်လူလာရင် ၀ယ်သုံးရမှာ။ ဒါ market ရဲ့ သဘောပဲ။ ကျွန်တော်တို့ဟာ ကိုယ်တိုင် မလုပ်နိုင်တဲ့အခါ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုကို ခေါ်ပြီးတော့ JVDI နဲ့လုပ်ကြတယ်။ ကျွန်တော်တို့က free power ၁၀% အလကားရတယ်။ ဒီကောင်က ၁၈၀၀၀ ထွက်ရင် ကျွန်တော်တို့က ၁၈၀၀ အလကားရမယ်။ free ရတယ်။ နောက်တစ်ခါ သူ့ဆီက သူက လာရောက်ရင်းနှီး မြှုပ်နှံတယ်။ ကျွန်တော်တို့ရဲ့ resource ကိုသုံးတာ ဖြစ်တဲ့အတွက် ၁၅% အရင်းထည့်ပေးရတယ်။ ကျွန်တော်တို့အရင်း၊ ကျွန်တော်တို့ free share ၁၅% ရတယ်။ ဒီလျှပ်စစ်က Both Country သုံးခွင့်ရှိတဲ့အတွက် နှစ်နိုင်ငံလုံး သုံးခွင့်ရှိတဲ့အတွက် ကျန်တဲ့ဟာကို ကျွန်တော်တို့ ကြိုက်သလောက် ၀ယ်သုံးလို့ရတယ်။ နောက်တစ်ခုက ရောင်းတိုင်း ရောင်းတိုင်းမှာ ၈% Commercial Tax ရတယ်။ နောက်တစ်ခါ မြတ်တဲ့ဟာရဲ့ ၃၀%။ ကျွန်တော် အမြတ်ဝေစုအဖြစ် ခွဲဝေရရှိတယ်။ တစ်ခါ အခြား မြတ်တဲ့အမြတ်ရဲ့ ၃၀% ခွဲဝေ ရရှိတယ်။ withholding tax ရတယ်။ သူ့ကို perception period တစ်ခုပေးလိုက် ပြီးတဲ့အချိန်မှာ ပြီးပါပြီ၊ ကုန်ပြီ၊ မင်းပြန်တော့ ဒါကြီးထားခဲ့တော့။ ကိုယ့် နိုင်ငံအပိုင်ဖြစ်တယ်။ ဒီထက် အကျိုးရှိတဲ့ဟာ ဘာရှိမလဲ။ လျှပ်စစ်ဆိုတာ ကွန်တိန်နာနဲ့တင်ရောင်းလို့ မရဘူး။ ကြိုးနဲ့ သွယ်ရောင်းလို့ရတယ်။ ဒီ neighboring country မှတစ်ပါး လျှပ်စစ်ရောင်းလို့မရဘူး။ တရုတ်ကိုရောင်းလို့ရမယ်၊ ထိုင်းကို ရောင်းလို့ရမယ်။ အိန္ဒိယကို ရောင်းလို့ရတယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောင်းလို့ရမယ်။ လျှပ်စစ်က ကွန်တိန်နာနဲ့မှ ပို့လို့မရဘဲကိုး"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ကိုယ့်တိုင်းပြည်မှာ လျှပ်စစ်မီးလောက် မလောက်တောင် မသိတဲ့ မပြုံးပဲ ဝါးလုံးကွဲရီရမယ့် လေ့လာထားတဲ့ ပညာရှင် ဦးဇော်ဖျင်းစကား
ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။
"လျှပ်စစ်က ထုတ်ထားပြီးရင်လည်း သိမ်းထားလို့မရဘူး။ ထုတ်ထားပြီးရင်သုံးမှ မသုံးနိုင်ရင် ရောင်းမှ။ ဒီ Idea တွေ ဒီဟာတွေက ကျွန်တော်တို့ဟာ ကိုယ့်နိုင်ငံ စက်မှုနိုင်ငံ ဖြစ်ထွန်းဖို့ကိစ္စမှာ လျှပ်စစ် အလွန်အရေးကြီးတယ်။ လျှပ်စစ်ရဖို့ က နည်းမျိုးပေါင်းစုံနဲ့ ကြိုးစားနေတဲ့ အချိန်မှာ ခုနတုန်းကပြောတဲ့ မလိုလားအပ်တဲ့ တခြားတစ်မျိုးတစ်မည် ကြံစည်မှုတွေ၊ ဒီစီမံကိန်းတွေ ပျက်ပြားအောင်ဆိုပြီးတော့ environmental အကြောင်းပြပြီး လျှောက်ပြောနေခြင်းသည် ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးစီးပွားအပေါ် ထိခိုက်စရာကလွဲလို့ ဘာမှမရှိပါဘူး။ ဒါက ရှင်းရှင်းလေးပါပဲ။ အဲဒီတော့ လူတစ်စုတစ်ဖွဲ့ရဲ့ အကျိုးစီးပွားရေးကိုပဲ ကျွန်တော်တို့က နားယောင်ပြီး လုပ်လိုက်ကြမလား။ ကျွန်တော်တို့ နိုင်ငံရဲ့ လူဦးရေ သန်း ၅၀၊ ၆၀ ရဲ့ အကျိုးကို ကြည့်ပြီးတော့ ဆောင်ရွက်မလား။ ဒါလေး ၀ိုင်းစဉ်းစားဖို့ပါပဲ။ ကျွန်တော်တို့ကတော့ ခုနကပြောတဲ့အတိုင်းပဲ ဒီစီမံကိန်းကို ဆက်လုပ်မှာ ဖြစ်ပါတယ်။ ဒီ BANCA နဲ့ တရုတ်ပညာရှင်တွေ၊ ဒီတရုတ်ပညာရှင်တွေ ဘာလုပ်ရသလဲဆိုတော့ ဒီစီမံကိန်း ကြီး တကယ်ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတဲ့ Tactically Investigation တွေ အများကြီး လုပ်ရတယ်။ သုံးနှစ်၊ လေးနှစ် လုပ်ရပါတယ်။ BANCA သည် ရှစ်လ၊ တစ်နှစ်လောက် ကောင်းကောင်း environmental နဲ့ ပတ်သက်ပြီးတော့ လေ့လာပြီးတော့ ကျွန်တော်တို့ကို သူက ဘာလုပ်ရလဲဆိုရင် ဘာတွေတွေ့ရှိပါတယ်။ ဘာတွေ အကျိုးသက်ရောက်မှုရှိတယ်။ ဘာတွေ ဖြစ်ပျက်နိုင်တယ် ဒီ့အတွက် ခင်ဗျားတို့ ဘာတွေလုပ်ပါ။ ဘာတွေ လုပ်သင့်ပါတယ်ဆိုတာ BANCA က recommendation ပေးရတယ်။ သူ့ recommendation ကျွန်တော်တို့ လိုက်လုပ်ရတယ်။ ဒီဟာ International Practice ပဲ။ ဒီအတိုင်းပဲ ကျွန်တော်တို့ လုပ်ပါတယ်။ BANCA နဲ့ပတ်သက်ရင်လည်း BANCA ကို ကျွန်တော်တို့က တစ်သန်းခွဲနီးပါးလောက် လုပ်ခပေးပြီး ငှားထားတာဆိုတော့ ကိုးရိုးကားယား မလုပ်ရဲဘူး။ နောက် ဒုတိယအချက် ခင်ဗျားတို့ မီဒီယာတွေက ပြောနေကြတဲ့ အချက်ပေါ့။ အင်တာနက်မှာ တင်ထားတဲ့ report က စာမျက်နှာ ၅၀၀ လောက်ရှိတယ်။ အဲဒီထဲမှာ ရေးထားတာ မြန်မာအစိုးရက မလိုက်နာဘူးလို့ ပြောကြတယ်။ BANCA က ဒီ report ကို တင်လို့ မရဘူး။ BANCA ကို ကျွန်တော်တို့က စာချုပ်နဲ့ ငှားထားတာ၊ မင်းတို့ ဒါလုပ်၊ ပြီးရင် အဲဒီ report ငါ့ပေး။ ဒါက Trade Secret ဖြစ်တယ် ပြောလို့မရဘူး။ ဒါခုနက စီးပွားရေးအကြောင်း နည်းနည်းပါးပါး ပြောပြလိုက်တယ်။ ဒါက trade secret ဖြစ်တယ် ပြောလို့မရဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတော့လည်း ပါးစပ်ပိတ်ပြီး မနေနိုင်ဘူး ပြောတာပေါ့လေ။ ဒါ Trade Secret ဖြစ်တယ်။ ပြောလို့ မရဘူး။ ကျွန်တော်တို့က လျှို့ဝှက်ထားတာ။





လာမယ့်အပတ် စနေနေ့မှာ ဧရာဝတီမြစ်ဝှမ်းစီမံကိန်းများကြောင့် ဧရာဝတီမြစ်ပေါ်မှာ အကျိုးသက်ရောက်မှု ဘယ်လိုရှိသလဲဆိုတဲ့ ဒါတော့ Technical Workshop ပါပဲ။ ဒါတော့ စီမံကိန်းတိုင်း စီမံကိန်းတိုင်း မှာတော့ဒီ workshop လုပ်ပါတယ်။ သို့သော်လည်း ဒီ workshop မှာတော့ မီဒီယာကလည်း စိတ်ဝင်စားတယ်။ ပညာရှင်တွေလည်း စိတ်ဝင်စားတယ်။ ဒီ workshop မှာတော့ မီဒီယာတွေရော၊ ပညာရှင်တွေရော ဖိတ်ထားတယ်။ လာနားထောင်ကြည့်လိုက်။ လာနားထောင်ကြည့်ရင် ဘာလဲဆိုတာ သိသွားလိမ့်မယ်။ နို့မို့ဆိုရင် သေချာမသိဘဲနဲ့ ဟိုပြောဒီပြောဆိုရင်တော့ မကောင်းဘူးပေါ့လေ။ ကျွန်တော်တို့ ဒါလေးကို သိအောင်ဆိုပြီးတော့ ပြီးခဲ့တဲ့လ ၉ ရက်နေ့က ဆောင်းပါးလေးတစ်ပုဒ် ရေးပြီးတော့ သတင်းစာမှာ ထည့်ခိုင်းလိုက်တယ်။ ဒီဆောင်းပါးကို ကျွန်တော်ပဲ တည်းဖြတ်ပြီး ကျွန်တော်ပဲရေးပြီး ကျွန်တော်ပဲ ထည့်ခိုင်းလိုက်တာ။ ဒါပေမယ့် ဆောင်းပါးပြီးတဲ့နောက် သိပ်ရက်မကြာဘူး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမလုပ်ခင်မှာ ဂျာနယ်တစ်စောင်က ဘာရေးလဲဆိုတော့ ဒီဆောင်းပါးရေးတဲ့ကောင် ဘယ်လောက်တတ်လို့လဲ၊ ဒီကောင်က ဘာအဆင့်ရှိလဲဆိုတော့၊ ကျွန်တော် မပြောတော့ဘူး။ ညွှန်ချုပ် မင်းရေးတယ်ပြောလိုက်၊ ငါရေးတယ်မပြောနဲ့။ ငါ့ထက်ပိုပြီးတော့ သိနိုင်တဲ့လူ မရှိတော့ဘူး။ မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက် ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး။ ဒါကြောင့်မို့ မင်းပဲရေးတယ်ပြောလိုက်၊ ငါရေးတယ်ဆိုလို့ရှိရင် မကောင်းဘူးဖြစ်သွားမယ်။ အမှန်ကတော့ ကျွန်တော်ပဲ ရေးလိုက်တာ။ ဆိုတော့ ခင်ဗျားတို့မေးတဲ့မေးခွန်းတွေ၊ ကျွန်တော် အသာလေးဖြေနိုင်ပါတယ်။ ဒီဥစ္စာ နိုင်ငံအကျိုးရှိမယ့်ကိစ္စ၊ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား National Interest ကိစ္စ၊ ဒီဥစ္စာကို ၀ိုင်းဝန်းကာကွယ်ရမှာ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ခင်ဗျားတို့မှာ တာဝန်ရှိတယ်။





မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် အမြင်များ





ဒီမိုကရေစီကိုဖော်ဆောင်မယ့် ဒီမိုကရေစီခြေလှမ်းကိုလှမ်းနေတဲ့ အစိုးရတစ်ရပ်ရဲ့ တာဝန်ရှိသူတစ်ဦးအနေနဲ့ ဒီလိုစကားမျိုးပြောတဲ့အတွက် အင်မတန်စိတ်ပျက်မိတယ်။ နောက်တစ်ခုက အကျိုးခံစားခွင့်မှာ တရုတ်က ၇၀% ယူတယ်။ မြန်မာနိုင်ငံက ပြည်ထောင်စုအစိုးရက ၂၀% ယူတယ်။ ၁၀% ကို ကြားပွဲစားကယူတယ်။ အဲဒီတော့ မြန်မာနိုင်ငံအကျိုးအတွက်ရတာ တစ်နှစ်ကို သန်း ၅၀၀ ရတာဆိုရင် ကြားပွဲစားက တစ်နှစ်ကို သန်း ၂၅၀ ရမယ်။ အဲဒီတော့ နှစ်က နှစ် ၃၀ စီမံကိန်းဆိုရင် ဒေါ်လာသန်းပေါင်း ၇၅၀၀ ကို ကြားပွဲစားကရမယ်။ ဒီကိစ္စကို ဟုတ်မဟုတ် မှန်မမှန်ကို ၀န်ကြီး ဖြေရှင်းသင့်တယ်။ မဟုတ်ဘူးဆိုလည်း မဟုတ်ဘူးဆိုတဲ့အကြောင်း ရှင်းသင့်တယ်။ နောက်ပြီးတော့ ဒီမြစ်ဆုံစီမံကိန်းမှာ ကျွန်တော်တို့ သမ္မတကြီးကိုပဲ မေတ္တာရပ်ခံချင်တယ်။ အခု နိုင်ငံမှာ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လမ်းစတွေ ပေါ်နေပြီ။ နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေကလဲ အရှိန်ရနေပြီ။ တိုင်းပြည်ကလည်း ရှေ့ကိုသွားနေပြီ။ ပြည်သူလူထုကလဲ စိတ်ချမ်းသာစပြုနေပြီ။ အဲဒီ အခြေအနေမျိုးမှာ ဒီစကားမျိုးဟာ တိုင်းပြည်အတွက် အင်မတန်မှ နစ်နာစေတဲ့ စကားမျိုးဖြစ်ပါတယ်။ ဒီစကားမှန်မမှန်ကို သမ္မတကြီးအနေနဲ့ စဉ်းစားစေချင်ပါတယ်။ ဒီအကျိုးဆက်ကြောင့် နိုင်ငံမှာ အကြီးအကျယ်ဆုံးရှုံးရမယ့် နစ်နာမှုတွေ ကြုံတွေ့ရမယ်။ ဒါဟာ ကျွန်တော်က စတုတ္ထမဏ္ဍိုင်တစ်ယောက်အနေနဲ့ ကျွန်တော် တိုင်းပြည်အတွက် စေတနာရှေ့ထားပြီး သတိပေးတာပါ။ ဒီမြစ်ဆုံကိစ္စက (၁) environment ရဲ့ issue တစ်ခုတည်းမဟုတ်ဘူး၊ (၂) ဒါဟာ political နိုင်ငံရေးပြသနာ political agenda တစ်ခုမဟုတ်ဘူး။ ဒီဟာဟာ အမျိုးသားရေးပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတကြီးအနေနဲ့ နိုင်ငံ့အကျိုး၊ ပြည်သူလူထုအကျိုးအတွက် ဒီပြဿနာကို တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းစေချင်ပါတယ်။





ဒေါက်တာသန်းထွဋ်အောင် (CEO, Eleven Media Group)





"စီမံကိန်းကို တိုင်းသူပြည်သားတွေက ဆက်မလုပ်ဖို့ ၀ိုင်းဝန်းတောင်းဆိုနေတာကို ဆက်လုပ်တဲ့အတွက် တိုင်းသူပြည်သားတွေ စိတ်မချမ်းမြေ့စရာဖြစ်လာမယ်။ အရင်အစိုးရက လုပ်လက်စမို့ ဒီအစိုးရက ဆက်လုပ်မယ်ဆိုရင်လည်း ပြည်သူတွေတင်မြှောက်ထားတဲ့ ပြည်သူကိုယ်စားပြုထားတဲ့ လွှတ်တော်အမတ်တွေရှိနေတဲ့ လွှတ်တော်မှာ ဆွေးနွေးပြီးမှ ဆက်လုပ်ဆောင်သင့်တယ်။ နောက်ပြီး စတုထ္ထမဏ္ဍိုင်လို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင်က အသိအမှတ်ပြုထားတဲ့ သတင်းမီဒီယာတွေရဲ့ တင်ပြနေမှုကို အလေးထားသင့်တယ်။ အကျိုးအပြစ်ကိုပြောတဲ့ အခါမှာလည်း ကိုယ့်အကျိုးဘယ်လောက် ရမှာလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြောသင့်တယ်။ အင်တာနက်နဲ့ အခြားလူမှုဆက်သွယ်ရေးနယ်ပယ်မှာ တင်ပြထားတဲ့ အချက်တွေကို ကြည့်ရင်လည်း ဆိုကျိုးက ပိုများနေတယ်။ အကျိုးပိုင်းမှာ တရုတ်ကယူမယ့် အကျိုးက ပိုများနေတယ်။ အဲတာတွေမဟုတ်ဘူးဆိုရင်လည်း မဟုတ်တဲ့ အကြောင်းကို ရှင်းသင့်တယ်။ အခု သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်က ဖော်ဆောင်နေတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ခြေလှမ်းတွေ၊ ဆင်ရဲမွဲတေမှု တိုက်ဖျက်ရေးခြေလှမ်းတွေ အဲဒါတွေ ကြိုးစားလုပ်ဆောင်နေတာတွေကို တွေ့ရတော့ ပြည်သူလူထုက အစိုးရအဖွဲ့သစ်အပေါ် ကိုင်းညွှတ်တာတွေ၊ မျှော်လင့်ချက်ထားတာတွေ ရှိလာတယ်။ ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုက မလုပ်သင့်ဘူးလို့ တောင်းဆိုလာတာတွေကို ဆက်လုပ်နေမယ်ဆိုရင် အစိုးရအဖွဲ့အနေနဲ့ ပြည်သူ့ဆန္ဒတွေကို မျက်ကွယ်ပြုလိုက်တာနဲ့ အတူတူပဲ။ စိတ်မချမ်းမြေ့စရာတွေပဲ ဖြစ်လာလိမ့်မယ်။"





ဆရာမောင်ဝံသ





ပြည်သူတွေကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ သူတို့ရဲ့သဘောထားတွေကို ထုတ်ဖော်ပြောဆိုလာတာတွေ ကြားသိရပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း မြစ်ဆုံကိစ္စ ရေအရင်းအမြစ်ထိန်းသိမ်းရေးကိစ္စနဲ့ ပတ်သက်လို့အဆိုအနေနဲ့ လွှတ်တော်မှာ တင်ထားတာရှိပါတယ်။





ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း





ကျွန်တော်တို့နိုင်ငံက မဂ္ဂါဝပ် ၁၅၀၀ သုံးမကုန်ဘူးလို့ ပြောတယ်။ အခု နယ်တွေ၊ ရွာတွေမှာ လျှပ်စစ်မီးတောင် မရှိသေးဘူး။ ကျွန်တော်တို့ရဲ့ Power Consumption က အခု ကျောက်ခေတ်အတိုင်း ရှိမှာလား။ နိုင်ငံက ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ မဖြစ်တော့ဘူးလား။ အခု တည်ဆောက်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း၊ နောက်ထပ်လာမယ့် ရန်ကုန်မြို့တော်သစ်စီမံကိန်း၊ တိုးတက်လာမယ့် စက်မှုလုပ်ငန်းတွေအတွက် အနည်းဆုံး မဂ္ဂါဝပ် ၁၀၀၀၀ အထက်လိုမယ်။ ခေတ်စနစ်တွေက ပြောင်းနေပြီ၊ ပြောင်းလဲသင့်နေပြီ။ ခေတ်ဟောင်းမှာ ကျန်ခဲ့ရင်တော့ ခေတ်စနစ်ဟောင်းရဲ့ ဒဏ်ခတ်ခြင်းခံရမှာပဲ။ ဒါသမိုင်းရဲ့သဘောလည်း ဖြစ်သလို၊ တရားဓမ္မသဘောလည်း ဖြစ်တယ်လို့ဝန်ကြီးကို ပြောချင်ပါတယ်။





ဒေါက်တာသိန်းမြင့် (Managing Director, Eleven Media Group)





"ဧရာဝတီမြစ်ဆုံ စီမံကိန်းနဲ့ပတ်သက်ပြီး ဂျာနယ်လစ်တွေ၊ ပညာရှင်တွေ ပြောဆိုနေကြတာဟာ ထင်ရာမြင်ရာပြောပြီး ထင်ရာမြင်ရာ လျှောက်ပြောနေကြတာမဟုတ်ဘူး။ ပြည်တွင်းပြည်ပက ပညာရှင်တွေအားလုံး လေ့လာ သုတေသနပြုလုပ်ထားတဲ့ စာရွက်စာတမ်းတွေ၊ အထောက်အထားတွေကိုဖတ်ရှုလေ့လာပြီး ရေးနေကြတာဖြစ်တယ်။ ပြည်သူတွေအားလုံးကလည်း ဒီစာရွက်စာတမ်းတွေ၊ အထောက်အထားတွေကို သိရှိကြတဲ့အတွက် သဘောမတူကြောင်း တောင်းဆိုနေကြတာဖြစ်တယ်။ ကျောင်းသားလူငယ်တွေ၊ ရဟန်းရှင်လူတွေနဲ့ အနုပညာရှင်၊ စာပေနယ်သားတွေအားလုံးကလည်း ဒါတွေကို သိတဲ့အတွက် ဆက်မလုပ်ဖို့ ၀ိုင်းဝန်းတောင်းဆိုနေကြတာ ဖြစ်တယ်။ ပြည်သူလူထုက တရားသဖြင့် လူယဉ်ကျေးနည်းနဲ့ တောင်းဆိုနေတာကို လျစ်လျူရှုပြီး လုပ်ချင်ရာဆက်လုပ်မယ်၊ ရှေ့ဆက်လုပ်မယ်ဆိုရင် ပြည်သူလူထုက မဖြစ်၊ ဖြစ်တဲ့နည်းနဲ့ ဧရာဝတီကို ကာကွယ်ကြမှာပဲ ဖြစ်တယ်။ ကာကွယ်တဲ့နေရာမှာ လူယဉ်ကျေးနည်းနဲ့ မရရင် လမ်းပေါ်ထွက် ဆန္ဒပြပြီး တောင်းဆိုလာခဲ့မယ်ဆိုရင် ဒီလိုဆန္ဒပြမှုတွေအတွက် စီမံကိန်းကို ဆက်လုပ်တဲ့သူတွေသာ တာဝန်ယူရလိမ့်မယ်။ မလုပ်ဖို့ တောင်းဆိုဆန္ဒပြနေတဲ့သူတွေမှာ တာဝန်မရှိဘူး"





လူထုစိန်ဝင်း





"မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရက အကျိုးအမြတ်ရလဒ်တွေကို တိတိကျကျ ပြည်သူကို ချမပြသရွေ့ ကျွန်တော်ကတော့ ဒီစီမံကိန်းဆက်လုပ်မှာကို ကန့်ကွက်တယ်။ ကျွန်တော်တို့ကို ချပြပါ။ ချပြလို့ တကယ်အကျိုးရှိတယ်ဆိုရင် ကျွန်တော်တို့ စဉ်းစားမယ်။ ထောက်ခံမယ် မပြောသေးဘူးနော်။ စဉ်းစားမယ်လို့ ပြောတာ။ ဘာတွေချပြရမလဲဆိုတာကိုတော့ ကျွန်တော့်ဝက်ဘ်ဆိုက်မှာလည်း ရေးထားခဲ့ပြီးသားပါ။ အကြောင်းအရာသုံးချက်နဲ့ အချက်ကိုးချက်ပါပါတယ်။ (၁)ရေကာတာမှ ထွက်တဲ့လျှပ်စစ်ကို တရုတ်က ဘယ်လောက်ယူမလဲ၊ ဒေသခံကချင်က ဘယ်လောက်ရမလဲ၊ ပြည်ထောင်စုကြီးက ဘယ်လောက်ရမလဲ (၂) စီမံကိန်းအတွက် ရင်းနှီးမြုပ်နှံမှုကို ဘယ်သူက အကုန်ကျခံမလဲ၊ တရုတ်က ဘယ်လောက်၊ ကချင်က ဘယ်လောက်၊ ပြည်ထောင်စုက ဘယ်လောက် (၃) စီမံကိန်းကြောင့် ထိခိုက်မှုကို အခု ဘယ်လိုလုပ်ထားသလဲ။ နောက်လာမယ့် အနာဂတ်အတွက် ထိခိုက်မှုတွေကို ဘယ်လို ကြိုတင်စီမံထားသလဲ၊ ဖြစ်လာသမျှထိခိုက်မှုတွေအတွက် ဘယ်သူက တာဝန်လဲ။ အဲတာတွေကို အစိုးရက ရှင်းရှင်းလင်းလင်း ချပြသင့်တယ်။ အဲတာတွေ သိရမှ ဆက်လုပ်သင့်၊ မလုပ်သင့်ဆိုတာကို ကျွန်တော်တို့ စဉ်းစားမယ်။ လွှတ်တော်မှာလည်း ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်တယ်။ လက်ရှိလုပ်နေတဲ့ လွှတ်တော်ကို ကျွန်တော် အားမရဘူး။ မေးခွန်း မေးနေတာတွေချည်း မလုပ်ဘဲ ဧရာဝတီမြစ်ဆုံစီမံကိန်းလို ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစေချင်တယ်"





ဦးနေမျိုးဝေ (ဥက္ကဋ္ဌ ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ)





"ပြီးခဲ့တဲ့ သောကြာနေ့က လုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ချင်းပြည်နယ်၊ ကန်ပက်လက်မဲဆန္ဒနယ်က သူရဦးအောင်ကိုက အဆိုတစ်ခု တင်သွင်းတယ်။ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်သွင်းရာမှာ တောပြုန်းတာတွေ၊ ချင်းတွင်းမြစ် ထိခိုက်တာတွေကို ပြောခဲ့တယ်။ တစ်ဆက်တည်း ဧရာဝတီကိစ္စကိုလည်း ဆက်ပြောခဲ့တယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေအတွက် တော်တော်ပြောသွားတယ်။ မြစ်ဆုံကိစ္စကို ဆက်လုပ်မယ်ဆိုရင်တော့ ပျက်စီးဆုံးရှုံးတာတွေ ပိုပြီးဆက်ဖြစ်လာနိုင်စရာရှိတယ်။ ပြီးခဲ့တဲ့ အစိုးရက လုပ်ခဲ့လို့ အခုဆက်လုပ်တယ်ဆိုတာတော့ မဖြစ်သင့်ဘူး။ တရုတ်နိုင်ငံမှာတောင် သူတို့ဆီမှာလုပ်မယ့် စီမံကိန်းတွေကို ရပ်ထားတယ်။ ကျွန်တော့်အနေနဲ့ကတော့ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်တဲ့အခါ တကယ့်အကျိုးအမြတ်က ဘာလဲ၊ ဆုံးရှုံးမှုက ဘာလဲဆိုတာတွေကို သေချာတွက်ချက်စေချင်တယ်။ အကျိုးအမြတ်က တွက်ရလွယ်တယ်။ ဆုံးရှုံးမှုတွက်ဖို့က သိပ်ခက်တယ်။ တရုတ်က အကျိုးအမြတ်များများရမှာကို သိလျက်နဲ့ ငွေရရင် ပြီးရောဆိုတဲ့ ဆက်လုပ်မယ်ဆိုရင် ကျွန်တော်ကတော့ ကိုယ့်အမျိုးသား အကျိုးစီးပွားအတွက် နာတယ်။ ပြန်ပြီးတော့ သုံးသပ်စေချင်တယ်။ ဒီကိစ္စကို လွှတ်တော်မှာ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဖို့ လိုမယ်။ လွှတ်တော်ကို ချပြဖို့လည်း လိုအပ်မယ်။ ချင်းတွင်းမြစ် ပျက်စီးတာကိုတောင် ပြောနေရပြီဆိုရင် ဧရာဝတီကိစ္စဟာ ပိုပြီးအရေးကြီးလာခဲ့ပြီ။ ဧရာဝတီကောလို့ မဖြစ်ဘူး။





ဦးကြည်မြင့် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ လသာမြို့နယ်မဲဆန္ဒနယ်)





ရေအားလျှပ်စစ်စီမံကိန်းတွေ၊ ဆည်မြောင်းတာတမံတွေ ဆောက်လုပ်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်မထိခိုက်အောင် လုပ်ရမယ်။ စီမံကိန်း မစခင်ကတည်းက သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို သေသေချာချာ သုံးသပ်သင့်တယ်။ ထိခိုက်မှုရှိရင် မလုပ်ထိုက်ဘူး။ အိန္ဒိယတို့၊ တရုတ်တို့မှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်တယ်လို့ ပညာရှင်တွေက ဝေဖန်တာကို အသိအမှတ်မပြုဘဲ ဆောက်လုပ်ခဲ့တဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့် နောင်အချိန်တွေမှာမှ အစိုးရတွေက ပြည်သူတွေကို ပြန်တောင်းပန်ရတယ်။ ဒါပေမယ့် သဘာဝက ပျက်ယွင်းပြီးဖြစ်နေတော့ ပြင်ဆင်ပြောင်းလဲလို့မရတော့ဘူး။ ဒါကြောင့် တစ်ခုခုလုပ်ရင် ဘယ်လိုအကျိုးဆက်ရှိမလဲ သေချာတွက်ဆသင့်တယ်။ လုပ်ထိုက်၊ မလုပ်ထိုက်တွက်ရမယ်။ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှုတွေများရင် လုံးဝ ဆက်မလုပ်သင့်ဘူး။ အခု မြစ်ဆုံစီမံကိန်းကလည်း မြန်မာပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ပေါ်မှာ ဖြစ်တယ်။ ကြိုတင်လေ့လာတိုင်းတာမှုတွေလည်း လုပ်ခဲ့ပြီးပြီလို့သိရတယ်။ အချက်အလက်တွေမှာ မလုပ်သင့်တဲ့အချက်များနေရင် အကောင်အထည် မဖော်သင့်ဘူး။ တတ်သိပညာရှင်တွေရဲ့ ဝေဖန်သုံးသပ်မှုတွေနဲ့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို အစိုးရကအလေးထားဖို့လိုတယ်။





ဒေါက်တာဒေါ်မြင့်မြင့်ခင်





တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ မြစ်ဆုံလိုကိစ္စမျိုးကို ပြည်သူတွေကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ဒီလို ဆက်လုပ်မယ်ဆိုရင် ဘာတွေဖြစ်မယ်၊ မဖြစ်နိုင်ဘူးစတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ ပတ်သက်လို့တော့ မငြင်းခုံချင်တော့ဘူး။ ငြင်းနေရမယ့် အချိန်လည်းမဟုတ်တော့ဘူး။ ပြတ်ပြတ်သားသား ပြောရမယ့်အချိန်ပါ။ မြစ်ဆုံကိုဆက်လုပ်ခြင်းနဲ့ ပတ်သက်လို့တော့ risk သိဖို့လိုတယ်။ ဒါဟာ ဗမာပြည်ဒုက္ခဖြစ်မယ့်ကိစ္စ။ သေရေးရှင်ရေး ကိစ္စပါ။ လူတစ်ယောက်က ဆုံးဖြတ်ရမှာမဟုတ်ဘူး။ တိုင်းပြည်မျက်နှာကို မကြည့်ဘဲ အကျိုးအမြတ်ကိုပဲ ကြည့်လို့မရဘူး။ နောင်တစ်ချိန်မှ မှားသွားပြီဆိုရင်လည်း ပြန်ပြင်လို့ မရတော့ဘူး။ အခုဆိုရင် အစိုးရသစ် ဖြစ်နေပြီ။ အစွဲဟောင်းတွေ ပြုတ်ဖို့ လိုတယ်။ ပြည်သူတွေကတော့ အသစ်ကို လိုချင်တယ်။ အဟောင်းထဲက ကောင်းတာပဲယူပြီး မကောင်းတာကို ယူမလာစေချင်ဘူး။





ဦးစိုးညွန့် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း)





ဧရာဝတီဟာ ကျွန်မတို့နိုင်ငံရဲ့ အလှတရား၊ သဘာဝအမွေပါ။ ရေမြေတောတောင် သဘာဝတရားနဲ့ ပတ်သက်လို့ တန်ဖိုးမဖြတ်နိုင်ပါဘူး။ မြစ်ဆုံဟာ မြန်မာနိုင်ငံအတွက် အလွန်တန်ဖိုးကြီးပါတယ်။ နောက်ပိုင်း နှစ်များစွာအထိ မြေးမြစ်တွေအထိ လက်ဆင့်ကမ်းပေးနိုင်ရမှာ။ မြစ်ဆုံကိုရော ဧရာဝတီကိုရော သဘာဝအတိုင်း ဆက်ရှိနေစေချင်ပါတယ်။





ဆရာမ ဂျူး





ဧရာဝတီနဲ့ ပတ်သက်ရင် ဧရာဝတီဆိုတာ မြန်မာပြည်ရဲ့အသက်သွေးကြောပဲ။ လူတိုင်းနဲ့သက်ဆိုင်တယ်။ လူတိုင်းပြောပိုင်ဆိုခွင့်ရှိတယ်။ လူထုရဲ့အသံကို နားထောင်သင့်တယ်။ အများပိုင်ပစ္စည်းဖြစ်တဲ့အခါမှာ အများရဲ့ဆန္ဒလိုပါတယ်။





အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်"





ဒီပရောဂျက်ကို စပြီးလုပ်ကတည်းက ပွင့်လင်းထင်သာမှု မရှိခဲ့ပါဘူး။ ဧရာဝတီဆိုတာ နိုင်ငံသားတိုင်းပိုင်တဲ့ အရာပါ။ တစ်ဦးတစ်ယောက်ပိုင်ပစ္စည်း မဟုတ်ပါဘူး။ ကိုယ်ပစ္စည်းလိုလုပ်လို့မရပါဘူး။ နိုင်ငံသားတိုင်းကိုချပြပြီးမှ လုပ်ရမှာပါ။ ပြည်သူတွေသိအောင်ချပြရမယ်။ မီဒီယာတွေကို ပွင့်ပွင့်လင်းလင်းပြောပြီးမီဒီယာတွေက တစ်ဆင့်ပြောရမှာပါ။ အခုက ဘွားခနဲပေါ်လာပြီမှ သိရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ အခုဆက်ပြီးလုပ်မယ်ဆိုတော့ ၀မ်းနည်း ဆို့နင့်ရပါတယ်။ တရုတ်နိုင်ငံမှာတောင် သူတို့ရဲ့ Three Gorges Dam အတွက် နောင်တရတာတွေ၊ ပြန်ပြီးသုံးသပ်တာတွေ လုပ်နေပါတယ်။ ကျွန်တော်တို့လည်း နောက်မကျသေးပါဘူး။ ပြန်ပြီးပြုပြင်လို့ ရပါတယ်။ နောက်ဆုံးမဖြစ်မနေ ဆောက်ရမယ်ဆိုရင်တောင် လျှော့ချလို့ရပါသေးတယ်။ စွမ်းအင်တစ်ခုတည်း ရဖို့အတွက် ဧရာဝတီမှာ စီမံကိန်းလုပ်ဖို့မလိုသေးပါဘူး။ သဘာဝဓာတ်ငွေ့လို တခြား ရွေးစရာနည်းတွေ ရှိပါသေးတယ်။ သဘာဝဓာတ်ငွေ့ကို နိုင်ငံခြားတိုင်းပြည်တွေဆီ မရောင်းဘဲ ကိုယ့်နိုင်ငံတွင်း သုံးမယ်ဆိုရင်တောင် နှစ်ပေါင်း ၁၀၀လောက် သုံးလို့ရတယ်လို့ ကျွန်တော်သိရပါတယ်။ ကျွန်တော် ဧရာဝတီမြစ်ဆုံကို KIA နဲ့ ငြိမ်းချမ်းရေး မရသေးခင် ၁၉၉၃ ခုနှစ်က ရောက်ခဲ့ဖူးပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်တုန်းက နိုင်ငံတော်ဧည့်သည်အဖြစ် လာရောက်တဲ့ နိုင်ငံခြားသတင်းထောက်တွေရဲ့ ဆက်သွယ်ရေး တာဝန်ခံအနေနဲ့ ရောက်ခဲ့တာပါ။ အဲဒီတုန်းကမြင်ရတဲ့မြင်ကွင်းတွေနဲ့ အခုတွေ့ရတဲ့ အခြေအနေတွေကို မြင်ရတာ စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒီ အချိန်တုန်းက ဧရာဝတီဆိုတာ သဘာဝအတိုင်းပဲရှိပါသေးတယ်။ အခုတော့ ရွှေတူးတာတွေနဲ့ ရေထုညစ်ညမ်းနေပြီး ဆောက်လုပ်ရေးအကြီးကြီးတွေ လုပ်နေတာကိုလည်းတွေ့ရပါတယ်။ ကျွန်တော်ကတော့ ဒီစီမံကိန်း ဆက်လုပ်ဖို့ စဉ်းစားစေချင်တယ်။ ပွင့်လင်းမှုရှိရှိ ချပြစေချင်ပါတယ်။ အခုလွှတ်တော် ပေါ်လာပြီဆိုတော့ လွှတ်တော်က တစ်ဆင့် ချပြစေချင်ပါတယ်"





ဦးအောင်လှထွန်း (ရိုက်တာသတင်းဌာန)





မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ပြောရရင် ဧရာဝတီဆိုတာ မြန်မာ နိုင်ငံရဲ့အသက်သွေးကြော၊ သမိုင်းအနေနဲ့ထင်ရှားတဲ့အရာတစ်ခု၊ မြန်မာ တွေတန်ဖိုးထားရတဲ့ ရင်းမြစ်တစ်ခုလို့ပြောရမယ်။ ဧရာဝတီမြစ်ကြီးရဲ့ထိပ်မှာ တစ်နည်းပြောရရင် ဧရာဝတီကို စတင်ဖြစ်တည်စေတဲ့နေရာမှာပိတ်ပြီးရေကာတာ ကိုတည်ဆောက်နေကြတယ်ပေါ့လေ။ အဲဒီအခါမှာ တတ်သိနားလည်တဲ့ ပညာရှင်တွေက မဆောက်သင့်ဘူးလို့ သူတို့သိထားတဲ့အချက်အလက်တွေ အရထောက်ပြလာကြတယ်။ ဒီအချိန်မှာ သတင်းစာထဲမှာ လျှပ်စစ်ဝန်ထမ်း တစ်ဦးဆိုတဲ့ ဘယ်သူမှန်းမသိတဲ့ သူတစ်ယောက်က ဒီရေကာတာကို ဆောက်လို့ရ ပါတယ်။ ဘာမှမဖြစ်နိုင်ပါဘူးလို့ရေးလာတဲ့အခါမှာ ဒီရေကာတာစီမံကိန်း နဲ့ ပတ်သက်တဲ့အသံတွေက ပိုပြီးကျယ်ကျယ်လောင်လောင် ဖြစ်လာကြတယ်။ သက်ဆိုင်ရာနယ်ပယ်အသီးသီးကလည်း လက်မှတ်ထိုးပြီးတင်လာကြ တယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း စောင့်ကြည့်နေကြတယ်။ ဒီစီမံကိန်း ကိုဆက်ဆောက်မယ်ဆိုရင်တော့ အစိုးရတစ်ရပ်အနေနဲ့ လုပ်ချင်တာကို လုပ် ပိုင်ခွင့်ရှိခြင်း မရှိခြင်းကတော့ တစ်ပိုင်းပေါ့။ သဘာဝသယံဇာတဆိုတာက တကယ်တမ်းပြောရရင် ပြည်သူလူထုက ပိုင်တာလေ။ ဒါကိုစီမံခန့်ခွဲနိုင်ဖို့ အတွက်ပြည်သူလူထုက ပေးထားတဲ့ နေရာတစ်ခုကိုအစိုးရလို့ ပြောလို့ရတယ်။ ဒါကြောင့်ဒီကိစ္စကဘယ်သူမှ ပိုင်တယ်လို့ ပြောလို့မရဘူး။ အများစုရဲ့ ဆန္ဒသဘောထားနဲ့ ဖြစ်သင့်တယ်လို့ထင်တယ်။ ဒါကိုမှအစိုးရတစ်ရပ် အနေနဲ့လုပ်ချင်တာကို လုပ်ခွင့်ရှိတယ်ဆိုပြီး လုပ်မယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေရှိလာနိုင်သလို သမိုင်းရဲ့တရားခံတွေတော့ ဖြစ်လာမှာပဲ လေ။ ဒါကြောင့် ဆက်လုပ်မယ်ဆိုရင်တော့ တစ်ပြည်လုံးရဲ့ သဘောဆန္ဒကိုခံယူ တာမျိုးလုပ်သင့်တယ်လို့ ထင်တယ်။ ဒါမှမဟုတ် သီးခြားလွတ်လပ်ပြီး တတ်သိနားလည်တဲ့ ပညာရှင်တွေရဲ့ အကြံဥာဏ်တွေကိုယူသင့်တယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီး အားလုံးကတော့ စိုးရိမ်တကြီးဖြစ်နေကြပြီ။ အဓိကတော့ ဧရာဝတီမြစ်ဖြစ်နေလို့ပါပဲ။ သီးခြားလွတ်လပ်တဲ့ တတ်သိနားလည်သော ပညာရှင်တွေဆီက အကြံဥာဏ်တွေ ရယူသင့်ပါတယ်။ကျွန်တော့်သဘောအရ ဆိုရင်တော့ ဒီရေကာတာဆက်လုပ်မယ်ဆိုတဲ့ အချက်ကို သဘောမတူပါဘူး။


ဒါရိုက်တာမင်းထင်ကိုကိုကြီး
သတင်း ..Eleven Media Group


မှကူးယူတင်ပြသည်။


Posted by MAUNG NE WIN

Wednesday, September 14, 2011

ဧရာဝတီမြစ်ဆုံ စီမံကိန်း နောက်ကွယ်က ဖြစ်ရပ်တစ်ခု ...

၂၀၀၉ခုနှစ် ဒီဇင်ဘာလက တရုတ်(ဒု)သမ္မတရှီကျင်ပင်းနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၊ အမှတ်(၁)လျှပ်စစ်ဝန်ကြီး ဦးဇော်ဖျင်းတို့ စာချွန်လွှာ လက်မှတ်ရေးထိုးစဉ်က
ရင်းမြစ်ကတော့ Eleven Media Group ကသတင်းပါ ... မဖတ်ရှုရသေးသူများ ထပ်မံဖတ်ရှုနိုင်ရန် သမိုင်းတရားခံများ၏ ပုံများနှင့် ဖြည့်စွက်ဖော်ပြလိုက်ပါတယ်...။

ဧရာဝတီမြစ်ဆုံ စီမံကိန်း နောက်ကွယ်က ဖြစ်ရပ်တစ်ခု
Sunday, 11 September 2011 21:52
အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အရာရှိကြီးတစ်ဦး၏ ရင်ဖွင့်ပြောစကားကို တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ယခုအကြောင်းအရာကို တင်ပြနိုင်ခြင်းဖြစ်ပါသည်။
ဧရာဝတီမြစ်ဆုံ စီမံကိန်းအတွက် မူလက အကြိုလေ့လာရေး လုပ်ငန်းများ လုပ်ဆောင်စဉ်က မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်နိုင်ရန်အတွက် ရည်ရွယ်၍ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရပါသည်။ ထိုသို့ လုပ်ဆောင် နေစဉ်ကာလအတွင်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ တရုတ်ဒုတိယ သမ္မတရှီကျင်ပင်း၏ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်ရှိသောကြောင့် မဂ္ဂါဝပ် ၄၀၀၀ အတွက် အကြိုလေ့လာရေး လုပ်ငန်းမပြီးပြတ်သေးသော စာရွက် စာတမ်းများ ပြန်လည်တောင်းယူခဲ့ ကြောင်း သိရသည်။ ထို့နောက် မတိကျသော အချက်အလက်များကို ထိုစဉ် က နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ် မှူးကြီးသန်းရွှေထံ တင်ပြ၍ မူလက လုပ်ဆောင်ရန် ရည်ရွယ်ထားသော မဂ္ဂါဝပ် ၄၀၀၀ အစား မဂ္ဂါဝပ် ၆၀၀၀ သို့ တိုးမြှင့်ပြောင်းလဲကာ မြစ်ဆုံစီမံကိန်း လုပ်ဆောင်မည့် တရုတ်ကုမ္ပဏီနှင့် MOU ထိုးစေခဲ့ကြောင်း သိရှိရပါသည်။


အဆိုပါကိစ္စအား အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ထမ်း အတော်များများမှစ၍ ညွှန်ကြားရေးမှူးချုပ် အထိ သိရှိထားကြကြောင်းလည်း သိရှိရပါသည်။ မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်နိုင်ရန် တည်ဆောက်ရမည့် ဆည်၏ထုထည် ပမာဏသည် မဂ္ဂါဝပ် ၆၀၀၀ ထုတ်လုပ်နိုင်ရန် တည်ဆောက်ရမည့် ဆည်၏ ထုထည်ပမာဏမှာ နှစ်ဆကွာနေကြောင်းနှင့် အကယ်၍ အကြောင်းကြောင်းကြောင့် ဆည်ကျိုးပေါက်ပါက မြစ်ကြီးနားမြို့ရေကြီးသည့် အဆင့်မဟုတ်ဘဲ မြစ်ကြီးနားတစ်မြို့လုံး ရေမြှုပ်သွားမည့် အနေအထား ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ အနေအထားများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ၀န်ထမ်းများမှ ယင်းအခြေအနေများ ကို ၀န်ကြီးဌာနသို့ တင်ပြထားကြသလို MOU ထိုးပြီးစကလည်း သက်ဆိုင်ရာ တရုတ်ကုမ္ပဏီသို့ ပြန်စဉ်းစားနိုင်ရန် ပြောကြားခဲ့ဖူးကြောင်း သိရပါသည်။ သို့သော် တရုတ်ကုမ္ပဏီဘက်မှ မြန်မာနိုင်ငံမှ တာဝန်အရှိဆုံး ပုဂ္ဂိုလ်များနှင့် လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း ပြန်စဉ်းစား ပြင်ဆင်ရန်ပြောသည့် ၀န်ထမ်း ကိုပြန်ပြောခဲ့သည်ဟု သိရှိရပါသည်



“ဒီအကြောင်းအရာတွေကတော့ တကယ့်ဖြစ်စဉ် အမှန်ကို ကိုယ်တွေ့ ကြုံပြီး ဘာမှမတတ်နိုင်လို့ စိတ်မကောင်းဖြစ်နေတဲ့ အမှတ် (၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန အရာရှိကြီး တစ်ယောက်ရဲ့ ရင်ဖွင့်စကားတွေကို တာဝန်သိ ပြည်သူတစ်ယောက်က သတင်းပေးလာတာ ဖြစ်ပါတယ်။ အခြားသိရှိသူတွေ အနေနဲ့လည်း နိုင်ငံအတွက် အရေးကြီးတဲ့အချိန်မှာ သိထားသမျှတွေကို ဖော်ထုတ်သင့်ပါတယ်။ ဒီ ကိစ္စမှန်၊ မမှန်ကို သက်ဆိုင်ရာက အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ပြီး စုံစမ်းစစ်ဆေးသင့်ပါတယ်”


http://www.demowaiyan.co.cc/
မှကူးယူတင်ပြသည်။
Posted by MAUNG NE WIN

ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်ပါ...

Saturday, September 10, 2011
မြန်မာ့သမိုင်းမှာ သွေးစွန်းသော နေ့ရက်များဖြစ်တဲ့ စက်တင်ဘာလ သို့ရောက်ရှိလာပြန်ပါပြီ..။ ၁၉၈၈ခုနှစ် စက်တင်ဘာ ၁၈ရက် စစ်တပ်ကအာဏာသိမ်းမှု နှစ်ပတ်လည်ဖြစ်သလို ၂၀၀၇ခုနှစ် စက်တင်ဘာ သံဃာတော်များရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအား စစ်အာဏာရှင်များရဲ့ အကြမ်းဖက် နှိမ်နင်းမှုအောက်မှာ သွေးမြေကျခဲ့ရတဲ့ ရဟန်း၊ ရှင်လူ ကျောင်းသား အပေါင်းတို့ရဲ့ သွေးစွန်းသော နေ့ရက်များလည်း ဖြစ်ပါတယ်...။ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်တဲ့ သွေးစွန်းတဲ့ နေ့ရက်တွေပါပဲ...။ ရွှေဝါရောင်တော်လှန်ရေးကြီး ၄နှစ်ပြည့်တော့မှာ ဖြစ်ပေမယ့်လည်း အရာရာတိုင်းဟာ မနေ့တနေ့ကလိုပါပဲ။
ရွှေရောင်နှစ်ပတ်လည်နေ့ မတိုင်ခင်မှာ နှိုင်းယှဉ် တင်ပြလိုတာကတော့ အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးတွေဟာ ထေရဝါဒ ဗုဒ္ဓဘာသာအပေါ် အမှန်တကယ် ယုံကြည်ကိုးကွယ်မှု ရှိမရှိနဲ့ သရဏဂုံပျက်ကြောင်း တရားတွေကို သိမသိဆိုတဲ့ အချက်ပါပဲ...။ မိရိုးဖလာ ဗုဒ္ဓဘာသာလား၊ အပေါ်ယံ ဗုဒ္ဓဘာသာလားဆိုတာ ခွဲခြားသိရအောင် အောက်ကဓာတ်ပုံတွေနဲ့ နှိုင်းယှဉ်ကြည့်ကြရအောင်...။





၂၀၀၇ခုနှစ် ရွှေတိဂုံ အနောက်ဖက်မုခ်မှာ စက်တင်ဘာ ၂၆ရက်နေ့က သံဃာတော်တွေမှ အကြမ်းဖက် ဖြိုခွင်းချင်း မခံရမှီ အာဏာပိုင်များအား ထိုင်ကန်တော့နေတဲ့ ပုံပါ..


ဒီပုံကတော့ ရွှေဝါရောင်တော်လှန်ရေးကြီး အပြီး၁လကျော်အကြာ ၂၀၀၇ခုနှစ် နိုဝင်ဘာလ ၉ရက်နေ့က တရုတ်စွယ်တော်ကျောင်းမှ မယာယနဘုန်းတော်ကြီး Chan Zangနဲ့ အဖွဲ့အား သစ်တောဝန်ကြီး ဗိုလ်မှူးချုပ်အောင်သိန်းနှင့် အဖွဲ့မှ ဤသို့တရိုတသေ၊ လက်အုပ်မိုးလျှက် တွေ့ရစဉ်ပုံပါ..။ ရတနာသုံးပါးမှ တပါးမှ ကိုးကွယ်ရာမရှိဆိုတဲ့ ဗုဒ္ဓတရားတော်လာ သရဏဂုံပျက်မပျက် ဆိုတာတောင် မသိရော့လေသလားလို့ ဆိုတာကတော့ စဉ်းစားကြည့်နိုင်ပါတယ်...။ လူမဆန်စွာ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ဤသို့မြင်တွေ့ရတဲ့ သံဃာတော်များရဲ့ အခြေအနေပါ...

ရွှေဝါရောင်တော်လှန်ရေးကြီးမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူတွေရဲ့ သွေးတွေ မခြောက်သေးတဲ့ နိုဝင်ဘာလမှာပဲ တရုတ်မဟာယန ဘုန်းတော်ကြီးတွေကို ဤသို့ တရိုတသေ ကြိုဆိုဂါရဝ ပြုခဲ့ကြပါတယ်...။

မိမိတိုင်းသူပြည်သား သာသနာဝန်ထမ်း ဘုရားသားတော်တွေ အပေါ်မှာတော့ တခြားဘာသာဝင်တွေ အကြည်ညိုပျက်အောင် မဟုတ်တမ်းတရားစွပ်စွဲ၊ ရိုက်နှက်ဖမ်းဆီး နှိပ်စက် ထောင်သွင်းအကျဉ်းချ လူမဆန်တဲ့လုပ်ရပ်တွေနဲ့ နှိပ်ကွက်ခဲ့တဲ့ သာသနာကို ကြည်ညို လေးစား သယောင်ဆောင်နေတဲ့ အာဏာရှင်များမှ.. တရုတ်မဟာယာန ဘုန်းတော်ကြီးများ ရောက်ရှိလာတဲ့ အခါမှာတော့..
ထိုစဉ်က သစ်တောဝန်ကြီး ဗိုလ်မှူးချုပ် သိန်းအောင်မှ ထီးတော်မိုး၊ ဒူးတုပ်၊ ပဆစ်ကြုပ် ရိုသေမြတ်နိုးလက်စုံမိုးပြီး ပြည်သူပိုင် ပစ္စည်းကို မိမိပိုင်ပစ္စည်းကဲ့သို့ လှူဒါန်းရသော အကျိုးအားကြောင့်တဲ့ လေ...။ အာဏာအောက်မှာ ရောက်ရှိနေတဲ့ သာသနာ...နဲ့ အာဏာရှင်တွေရဲ့ ပြည်ပအားကိုး သာသနာလို့ ဆိုရလေမလား။ ဘာသာရေး အခြေခံပဲ အားနည်းနေလား... တိုင်းတပါးသာသနာကိုပဲ အထင်ကြီးလေသလား ဆိုတာကတော့ ပါးစပ်က သာသနာတော် ပြန့်ပွားရေးဆိုပြီး အသံကုန်အော်နေတဲ့ အာဏာရှင်တွေ မိမိတို့ကိုယ်ကိုယ် မိမိ ဆန်းစစ်မိပါလေစ...။
အထက်ပါမှတ်တမ်း ဓာတ်ပုံတွေဟာ ကိုယ့်တိုင်းသူပြည်သား ဘုရားသားတော် ထေရဝါဒ သံဃာတော်များအား ရက်စက်စွာသတ်ဖြတ် ညှင်းပန်း နှိပ်ကွက်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီး အပြီးတလ ကျော်ကျော်လေးအချိန်က မဟာယာန တရုတ်ဘုန်တော်ကြီးနှင့် အဖွဲ့အား နအဖအာဏာပိုင်တွေက ရိုသေဆည်းကပ်ပြပြီး စော်ကားပြလိုက်တာဖြစ်ပါတယ်..။ တဖက်မှာ ပြည်တွင်းသံဃာတော်တွေရဲ့ ကျောင်းတွေဖျက်ဆီး၊ ချိတ်ပိတ်နေတဲ့ အချိန်မှာ ပြည်ပက မဟာယာန ဘုန်းကြီးတွေအတွက် ကျွန်းသစ်တွေ လှူဒါန်းပါတယ်...။ ပြည်တွင်း သံဃာတော်တွေအား သတ်ဖြတ် ရိုက်နှက် မတရားဖမ်းဆီးနေတဲ့ အချိန်မှာ ပြည်ပက မဟာယာန ဘုန်းကြီးတွေအား ထီးတော်မိုး၊ အခမ်းအနားတွေနဲ့ ကြိုဆိုပြခဲ့တာပါ..။ အင်မတန်မှ ရင်နာစရာကောင်းတဲ့ အာဏာရှင်တွေရဲ့လုပ်ရပ်ပါ.



၂၀၀၉ခုနှစ် ၆လပိုင်းက တရုတ်ပြည်စွယ်တော် ကျောင်းသို့ နအဖဒုဥက္ကဋ္ဌ ဗိုလ်ချုပ်မောင်အေးနှင့် အဖွဲ့ရောက်ရှိစဉ်က ကတော်များမှ မဟာယာန တရုတ်ဘုန်းတော်ကြီးများအား ဤသို့ လက်အုပ်မိုး၍ ရှိခိုးဆည်းကပ်နေစဉ်..။. သရဏဂုံ ပျက်မပျက် ဆိုတာကို မိမိတို့ ကိုယ်တိုင် သတိထားမိပါလေစ...။နိဂုံးချုပ်အနေနဲ့ လာမည့်ရက်တွေမှာ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကြီး ၄နှစ်ပြည့်မြောက်ပါတော့မယ်...။ အာဏာအောက်မှာ ရောက်ရှိနေတဲ့ သာသနာအား သာသနာအောက်သို့ အာဏာပြန်လည်ရောက်ရှိပြီး ပြန်လည်မြှင့်တင်ဖို့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များရဲ့ တာဝန်ဖြစ်ပါတယ်...။ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်ပါ...။ ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက်မှာ ပြည်သူ့အတွက် အသက်ပေး စတေးခံသွားကြတဲ့ သာသနာ့အာဇာနည်များ၊ အကျဉ်းထောင်အတွင်းမှာ မတရားအကျဉ်းကျခံနေရတဲ့ အရှင်ဂမ္ဘီရအပါအဝင် သံဃာတော် အရှင်မြတ်များနဲ့ ရွှေဝါရောင်တော်လှန်ရေးကြီး အတွင်းမှ သံဃာတော်အရှင်သူမြတ် အပေါင်းတို့အား ရွှေဝါရောင်တော်လှန်ရေးကြီး အမှတ်တရအဖြင့် ရေးသား၍ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့အပ်ပါတယ်....။






http://www.demowaiyan.co.cc/
မှကူးယူတင်ပြသည်။
Posted by MAUNG NE WIN









ဧရာဝတီ တော်လှန်ရေး (ဆောင်းပါးရှင် အောင်ဒင်)

ဧရာဝတီ တော်လှန်ရေး



အောင်ဒင်


စက်တင်ဘာ ၁၂၊ ၂၀၁၁


(၁) ဧရာဝတီ ကို သတ်နေသူများ၏ စိန်ခေါ်သံ


သမ္မတဦးသိန်းစိန် အစိုးရက သဘောထား ပျော့ပြောင်းလိမ့်မယ်လို့ တချို့က မျှော်လင့်နေပြီး တချို့လဲ ပြည်တော်ပြန်ကြ၊ တချို့ကလဲ ပြည်တော်ပြန်ဖို့ တိတ်တိတ်ကလေး ကြိုးစားနေကြချိန်မှာပဲ ဦးသိန်းစိန်အစိုးရရဲ့ ဝန်ကြီးတပါးက မြန်မာပြည်သူများရဲ့ ဆန္ဒ ကိုလုံးဝ ဂရုမစိုက်ကြောင်း အတိအလင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်ပြီး မြန်မာပြည်သူများ မှီခိုအားထားရာဖြစ်တဲ့ မိခင်ဧရာဝတီမြစ်ကြီး ပျက်စီးပျောက်ဆုံးရမှာကို စိုးရိမ်လွန်းလို့ ဧရာဝတီမြစ်ဆုံမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီများက တည်ဆောက်နေတဲ့ မြစ်ဆုံဆည်ကြီးကို ဆက်လက်မဆောက်လုပ်ပဲ ရပ်တန့်ဖို့ တောင်းဆိုနေကြတဲ့ မြန်မာပြည်သူတွေကို ဦးသိန်းစိန်အစိုးရရဲ့ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးဇော်မင်း က "ဧရာဝတီရောဂါသည်များ" “ဧရာဝတီရောဂါနဲ့ အမှီလိုက်နေသူများ" လို့လှောင်ပြောင် သရော်လိုက်ပြီး မြစ်ဆုံဆည်ကြီးကို ဘယ်သူကပဲ ကန့်ကွက်၊ ကန့်ကွက် ဆက်ဆောက်သွားမှာ ဖြစ်တယ်လို့ ကြိမ်းဝါးလိုက်ပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့က နေပြည်တော်မှာရှိတဲ့ မီးရထားဝန်ကြီးဌာန ဝန်ကြီးရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောဆိုလိုက်တာပါ။

ဒီလိုပြောဆိုရင်းနဲ့ပဲ ဦးဇော်မင်းက မြန်မာ့အလင်းသတင်းစာမှာ လျှပ်စစ်ဝန်ထမ်းတဦး၊ ကျော်မင်းလူ (ရွှေပြည်သာ) ဆိုတဲ့ နံမည်ဝှက်တွေနဲ့ မြစ်ဆုံဆည် တည်ဆောက်ရေး ကောင်းတဲ့ အကြောင်းတွေ ဆောင်းပါးရေးတာ သူကိုယ်တိုင်ပါပဲလို့ ဝန်ခံသွားပါတယ်၊ သူကပြောပါသေးတယ်၊ "မြစ်ကြီးကို ဘယ်သူမှ မထိန်းသိမ်းခဲ့လို့ မြစ်ကြီးက ပျက်စီးတာ၊ ရေက စီးချင်တဲ့နေရာ လျှောက်စီးနေတာ" လို့ ဧရာဝတီမြစ်ကြီးကိုတောင် အပြစ်တင်သွားပါသေးတယ်၊ ဒါပေမည့် ဧရာဝတီမြစ်ကြီးကို ထိန်းသိမ်း စောင့်ရှောက်ဖို့ သူအပါအဝင်ဖြစ်တဲ့ နအဖစစ်အုပ်စုက နိုင်ငံကို နှစ် ၂၀ကျော်အုပ်ချုပ်မှုအတွင်း တာဝန်မဲ့ခဲ့တာကိုတော့ မသိချင်ယောင်ဆောင် နေခဲ့ပါတယ်၊ ဦးဇော်မင်းဟာ ဗိုလ်မှူးကြီးဟောင်း တယောက်ဖြစ်ပြီး နအဖအစိုးရသက်တမ်းအတွင်းမှာလဲ အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူပါ၊
ရွှေလီရေအားလျှပ်စစ် စီမံကိန်း ဖွင့်ပွဲအခမ်းအနားမှာ တွေ့ရတဲ့ လျှပ်စစ်ဝန်ကြီးဆိုသူ (အလယ်)






သူဒေါသတကြီးနဲ့ ပြောမှပဲ အရင်က သေသေချာချာ မသိခဲ့ရတဲ့ အကျိုးစီးပွါးအပေးအယူ ကိစ္စတွေကိုပါ သိကြရပါတယ်။ မြစ်ဆုံဆည် အပါအဝင် ဧရာဝတီ၊ မေခ၊ နဲ့ မလိခ မြစ်များမှာတည်ဆောက်နေတဲ့ ဆည်ကြီး ၇ ခု ပြီးစီးသွားရင် ထွက်လာမည့် ရေအားလျှပ်စစ်ပမာဏရဲ့ ၉၀% ကို တရုတ် အစိုးရက ရပြီး မြန်မာနိုင်ငံက ၁၀% ပဲ ရမယ်။ တရုတ်အစိုးရက ရာနှုံးပြည့် ရင်းနှီးမြှုတ်နှံတာဖြစ်ပေမည့် မြန်မာအစိုးရအတွက် ဒီလုပ်ငန်းကြီးများအတွက် ၁၅% ပိုင်ဆိုင်ခွင့်ပေးတယ်... ဆိုတော့ ဒီဆည်တည်ဆောက်ရေးမှာ တရုတ်အစိုးရက ၈၅% ပိုင်ပြီး မြန်မာအစိုးရက ၁၅% ပဲပိုင်တယ်ပေါ့၊ လျှပ်စစ်ဓာတ်အားရောင်းလို့ ရမည့်အမြတ်ငွေရဲ့ ၇၀% ကိုတရုတ်အစိုးရက ရမှာဖြစ်ပြီး ၃၀% ကိုသာ မြန်မာအစိုးရက ရမှာပါ၊ သူအဆိုအရပဲ ထင်ထင်ရှားရှားတွေ့လိုက်ရတာက ကချင်တိုင်ရင်းသားများ အမွန်အမြတ်ထားရာ မြစ်ဆုံကို ဖျက်ဆီးပစ်လို့၊ မြန်မာပြည်သူများအမှီပြုအားထားရာ ဧရာဝတီမြစ်ကြီးကို တရုတ်အစိုးရကို ဖျက်ဆီးခွင့်ပြုလိုက်လို့ ဦးသိန်းစိန်အစိုးရပြန်ရမှာက ပိုင်ဆိုင်မှုရဲ့ ၁၅%၊ လျှပ်စစ်ဓာတ်အားရဲ့ ၁၀%၊ နဲ့အမြတ်အစွန်းရဲ့ ၃၀% ပါ၊ ပျက်စီးပျောက်ဆုံးသွားရမည့် ဧရာဝတီမြစ်ကြီးကို ဆုံးရှုံးလို့ ကျနော်တို့ မြန်မာနိုင်ငံသားများအားလုံး၊ အခုလက်ရှိ မျိုးဆက်တွေသာမက နောင်လာမည့် မျိုးဆက်များ ခံစားရမည့် ဆုံးရှုံးမှုပမာဏက ဦးသိန်းစိန်အစိုးရ ခံစားရမည့်အကျိုးအမြတ်ထက် အဆပေါင်း ထောင်နဲ့ချီပြီး ကြီးမားလှတယ်ဆိုတာကိုတော့ ဦးဇော်မင်း ထည့်တွက်ပုံမရပါဘူး၊၂၀၁၀ ခုနှစ် စက်တင်ဘာလက တရုတ်ပြည်ခရီးစဉ်မှာ တွေ့ရတဲ့ ဧရာဝတီရေကာတာ စီမံကိန်းအား နောက်ဆုံး အဆုံးအဖြတ်ပေးခဲ့တဲ့ အဓိကတရားခံ..






(၂) တရုတ်ပြည်ရဲ့ မဟာတံတိုင်းအသစ်



တရုတ်ပြည်က ထင်ရှားကျော်ကြားလှတဲ့ မဟာတံတိုင်း (The Great Wall) ကြီးကို အားလုံး ကြားဖူးကြမှာပါ၊ ဘီစီ ၅ ရာစုလောက်ကစပြီး မင်မင်းဆက် (Ming Dynasty) (၁၃၆၈-၁၆၄၄) အထိ ကာလ အတွင်း တရုတ်နိုင်ငံရဲ့ မြောက်ပိုင်းက ကျူးကျော်ဝင်ရောက်မှုတွေကို ကာကွယ်ဖို့ လူသန်းပေါင်းများစွာ ကိုအဓမ္မစေခိုင်းပြီး နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရတဲ့ ခံတပ် တံတိုင်းကြီးတွေပါ၊ နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိပြီး မိုင်ပေါင်း ၅၀၀၀ ကျော်ရှည်လျားလို့ ၁၉၈၇ ခုနှစ်မှာ ကုလသမဂ္ဂ က ကမ္ဘာ့အမွေအနှစ်တပါး အဖြစ် အသိအမှတ်ပြုထားတာပါ။ ဒီဘက်ခေတ်မှာတော့ လက်ရှိ တရုတ်အစိုးရက မဟာတံတိုင်း အသစ်ကြီးတခုကို ဆောက်လုပ်နေပါတယ်၊ ဒီတခါဆောက်တဲ့ မဟာတံတိုင်းအသစ်က တရုတ်နိုင်ငံအတွင်းမှာ မဟုတ်ပါ၊ တရုတ်နိုင်ငံအပြင်ဘက် ကမ္ဘာတဝှမ်းမှာ တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဆောက်လုပ်နေတဲ့ ရေကာတာကြီးများ ဖြစ်ကြပါတယ်၊ အာဖရိကမှာဆိုရင် အဲဒီနိုင်ငံများကထွက်တဲ့ ရေနံကို ပြိုင်ဘက်မရှိဝယ်ယူနိုင်ဖို့ သက်ဆိုင်ရာအစိုးရများကို လာဘ်ထိုးတဲ့အနေနဲ့ တရုတ်အစိုးရက ဆည်ကြီးတွေ ဆောက်လုပ်ပေးပါတယ်၊ ခြံစည်းရိုးချင်းကပ်နေတဲ့ မြန်မာနိုင်ငံမှာတော့ ထွက်လာမည့် လျှပ်စစ်ဓာတ်အားကို ဝါးမျိုစားသောက်ဖို့ ဆည်တွေဆောက်ပေးတာပါ၊ သမိုင်းဟောင်းမှာ မဟာတံတိုင်းကြီးဆောက်တော့ အပြစ်မဲ့ တရုတ်ပြည်သူတွေ အဓမ္မလုပ်အားပေးခိုင်းစေခံကြရ၊ နေရာရွှေ့ပြောင်းကြရ၊ ဘဝတွေပျက်စီးကြရ၊ အသက်တွေ သေဆုံးကြရသလိုပဲ ဒီကနေ့ခေတ်၊ တရုတ်အစိုးရရဲ့ မဟာတံတိုင်းသစ် ဆောက်လုပ်ရာမှာ ကမ္ဘာတဝှမ်းက အပြစ်မဲ့ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေကြရတာပါ၊
သမိုင်းဟောင်းမှာတုန်းက မဟာတံတိုင်း ဆောက်လုပ်ရာမှာ ဒေသခံစစ်ဘုရင်တွေ အကျိုးစီးပွါး ဖြစ်ထွန်းခဲ့သလို ဒီကနေ့ တရုတ်အစိုးရက ကမ္ဘာကို ပါတ်ပြီး ဆည်တွေတည်ဆောက်ရာမှာလဲ တရုတ်အစိုးရနဲ့ အပေါင်းအပါ အာရှ နဲ့အာဖရိက ကအာဏာရှင်အစိုးရတွေပဲ အကျိုးစီးပွါးဖြစ်ထွန်းကြတာပါ၊ ဆည်တွေဆောက်လို့ ပျောက်ဆုံးသွားတဲ့ မြစ်ကြီးတွေ၊ ရွှေ့ပြောင်းရတဲ့ မြို့၊ရွာတွေ၊ အဓမ္မလုပ်အားပေးရတဲ့ ပြည်သူတွေ၊ ပျက်စီးသွားတဲ့ သဘာဝပါတ်ဝန်းကျင်နဲ့ ပြောင်းလဲသွားတဲ့ ရာသီဥတု၊ ရေလွှမ်းခံရတဲ့ လယ်မြေတွေ၊ ကန္တာရဖြစ်သွားတဲ့ စိုက်ပျိုးခင်းတွေ၊ အသတ်ခံလိုက်ရတဲ့ သစ်တောကြီးတွေ၊ ဖြိုချခံလိုက်ရတဲ့ တောင်တန်းကြီးတွေ ကို တရုတ်အာဏာရှင်တွေ နဲ့ သူတို့ရဲ့အပေါင်းအပါအာဏာရှင်များက အလွယ်တကူမေ့လျော့လိုက်ကြပြီး တရုတ်ရှေးဘုရင်များက မဟာတံတိုင်းကြီးအတွက် ဂုဏ်ယူဝင့်ကြွားကြသလို တရုတ်အာဏာရှင်များနဲ့ အပေါင်းအပါများကလဲ မဟာတံတိုင်းသစ် ဆည်ကြီးများအတွက် ဂုဏ်ယူဝင့်ကြွားနေကြတာပါ၊ ဒါကြောင့်မို့ တရုတ်အစိုးရရဲ့ ဩဇာခံ စစ်ဘုရင်တပါးဖြစ်တဲ့ ဦးသိန်းစိန် အစိုးရက သဘောထားပျော့ပြောင်းပြီး မြစ်ဆုံဆည် တည်ဆောက်ရေးကို ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း ရပ်တန့်လိမ့်မယ်လို့ ကျနော် ဘယ်တုံးကမှ မမျှော်လင့်ခဲ့ပါ၊ အခု ဦးဇော်မင်းရဲ့ စိန်ခေါ်ချက်က ကျနော့် သံသယကို အတည်ပြုပေးလိုက်ပါပြီ။



(၃) ဆည်တွေမှာ သက်တမ်းရှိ၍ ထိုသက်တမ်းမှာ တိုတောင်း၏


ဦးဇော်မင်းက ပြောသွားပါသေးတယ်၊ "မြန်မာနိုင်ငံမှာတော့ရေအားလျှပ်စစ်နဲ့ပါတ်သက်ပြီးတော့လက်ရှိအချိန်မှာ ကျနော့်ထက်ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး" တဲ့၊ အဲဒီစကားအတွက် အတော်အံ့ဩမိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူကပဲ ဒီဆည်ကြီးကို တရုတ်အစိုးရကို ကာလအကန့် အသတ်တခုနဲ့ လုပ်ခိုင်းပြီး အဲဒီကာလပြီးဆုံးတဲ့ အချိန်မှာ "ပြီးပါပြီ၊ ကုန်ပြီ၊ မင်းပြန်တော့၊ ဒါကြီးထားခဲ့တော့။ ကိုယ့်အနိုင်ငံအပိုင်ဖြစ်တယ်၊ ဒီထက်အကျိုးရှိတဲ့ဟာ ဘာရှိသေးလဲ" လို့အားရပါးရပြောသွားလို့ပါ၊ ဆည်ကြီးတွေမှာ သက်တမ်းရှိတယ်ဆိုတာ သူသိပုံမရပါ။
မြစ်ကို ပိတ်ဆို့ပြီး ဆည်တွေ၊ ရေလှောင်ကန်တွေ တည်ဆောက်ကြတဲ့အခါ မြစ်ဖျားပိုင်းက စီးလာတဲ့ ရေတွေဟာ ရေကာတာကြီးကြောင့် မြစ်အောက်ပိုင်းကို ဆက်လက် မစီးဆင်းနိုင်ပဲ ရေလှောင်ကန်ကြီးထဲမှာပဲ ထိန်းသိမ်းခံကြရမှာပါ။ ပြီးတော့ ရေကာတာက ရေတံခါးကြီးများကို ဖွင့်ပေးမှသာ ရေတွေ မြစ်အောက်ပိုင်း ကို ဆက်လက်စီးဆင်းနိုင်မှာပါ။ အဲဒီရေလှောင်ကန်ကြီးထဲကို ရေတွေတင်မကဘူး နုံးမြေတွေ (Sediment) ပါစီးဝင် ရောက်ရှိမှာပါ၊ အဲဒီ နုန်းတွေက ရေလှောင်ကန်ကြီးရဲ့ အောက်ခြေမှာ သွားပြီး စုပုံအနည်ထိုင်ကြမှာပါ၊ ရေလှောင်ကန်ကြီးရဲ့ ကြမ်းပြင်က ရေတံခါးကြီးများရဲ့ အောက်ဖက်အဝေးကြီးမှာမို့ ရေတံခါးကြီးများကို ဖွင့်လို့ ရေတွေ မြစ်အောက်ပိုင်းကို စီးဆင်းခွင့် ရရင်တောင်မှ နုံးတွေအတွက်ကတော့ ထွက်ပေါက်မရှိပါ။ အဲဒီလိုနဲ့ ရေလှောင်ကန်ကြမ်းပြင်မှာ တဖြေးဖြေးစုပုံ အနယ်ထိုင်လာတဲ့ နုံးမြေတွေဟာ နှစ်တွေကြာတာနဲ့အမျှ မြင့်တက်ခိုင်မာလာပြီး ရေလှောင်ကန်ရဲ့ ကြမ်းပြင်ဟာ တစတစ မြင့်တက်လာပြီး ကန်ထဲမှာ လှောင်နိုင်တဲ့ ရေပမာဏဟာလဲ နည်းသထက် နည်းလာပါတယ်၊ ဒါကြောင့်မို့လို့ ရေလှောင်ကန်ထဲမှာ နုံးတွေများလာတာနဲ့ အမျှ၊ အောက်ကြမ်းပြင် မြင့်တက်လာတာနဲ့အမျှ၊ လှောင်နိုင်တဲ့ ရေပမာဏနည်းလာတာနဲ့ အမျှ၊ လျှပ်စစ်စွမ်းအားထုတ်နိုင်စွမ်းဟာလဲ လျော့နည်းလာပါလိမ့်မယ်၊ ဒါကြောင့်မို့ ရေလှောင်ကန်တခု၊ ရေကာတာတခုရဲ့ လျှပ်စစ်ဓာတ်အားထုတ်နိုင်စွမ်းဟာ အများဆုံး နှစ် ၂၀ နဲ့၃၀ ကြားမှာပဲ ရှိတတ်ပါတယ်၊ နှစ် ၂၀ ကျော်သွားပြီးရင်ဖြင့် အဲဒီ ရေလှောင်ကန်ကြီးဟာ နုံးမြေတွေ ပြည့်နှက်နေတဲ့ ကန်ကြီးတခုပဲ ဖြစ်နေပါလိမ့်မယ်၊ လျှပ်စစ်ဓာတ်အားထုတ်ဖို့အသုံးမဝင်တော့သလို ခရီးသွားလာရေးနဲ့ အခြားကိစ္စများ အတွက်လဲ အသုံးဝင်မှာ မဟုတ်တော့ပါ၊
မြစ်ဆုံဆည်အပါအဝင် တရုတ်အစိုးရကတည်ဆောက်နေတဲ့ ဆည်ကြီးများအတွက် တရုတ်အစိုးရက နှစ် ၃၀ စာချုပ်နဲ့ (BOT/Build, Operate and Transfer) လုပ်ကိုင်ခွင့်ရမှာဖြစ်လို့ နှစ် ၃၀ ပြည့်လို့ တရုတ်အစိုးရက ကျနော်တို့ကို ဒီဆည်ကြီးများ ပြန်လွှဲပြောင်းပေးတဲ့အချိန်မှာ ကျနော်တို့ ရမှာက နုံးမြေတွေပြည့်နှက်နေတဲ့ အမှိုက်ကန်ကြီးတွေပါ။ ဦးဇော်မင်း ပြောသလို အကျိုးရှိမယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါ။




(၄) အင်္ဂုလိမာလ ဇာတ်သိမ်းခန်း


ကျနော်တို့ မြန်မာနိုင်ငံသားအားလုံးနီးပါး မြတ်ဗုဒ္ဓရဲ့ အောင်ခြင်း ၈ပါးထဲက အင်္ဂုလိမာလချွတ်ခန်းကို ကြားဘူးကြမှာပါ၊ ဘုရားလက်ထက်က အင်္ဂုလိမာလ သတို့သားဆိုတာ ရှိခဲ့တယ်၊ တက္ကသိုလ်မှာ ဒိသာပါမောက္ခ ဆရာကြီးထံ ချဉ်းကပ်ပြီး ပညာသင်နေတဲ့အချိန်မှာ ဆရာကြီးက သူ့တပည့်ကို သူ့ဇနီးနဲ့ မသင်္ကာဖြစ်ပါတော့တယ်။ ဒါနဲ့ ဆရာကြီးက အင်္ဂုလိမာလကို ချောက်တွန်းတဲ့အနေနဲ့ သူ့ဆီမှာ ပညာတွေသင်ယူဖို့ဆိုရင် သူက ငွေကြေးလက်မခံပဲ လူ့လက်ညှိုး အချောင်း ၁၀၀၀ ကို သာပညာသင်ခအဖြစ်လက်ခံမှာ ဖြစ်ကြောင်းပြောပြီး အင်္ဂုလိမာလကို လူ့လက်ညှိုးအချောင်း ၁၀၀၀ နဲ့သူ့ကို ပူဇော်နိုင်မှ ပြန်လာခဲ့ ဆိုပြီး ကျောင်းတော်က မောင်းထုတ်ပါတယ်။ ဆရာ့စကားနားထောင်တဲ့ အင်္ဂုလိမာလ ကလဲ ကျောင်းကထွက်ခွါလာပြီး လူတွေကို လိုက်သတ်၊ လက် ညှိုး တွေကိုဖြတ်၊ အဲဒီ လက် ညှိုးတွေကို ပျောက်သွားမှာစိုးလို့ ကြိုးနဲ့သီပြီး လည်ပင်းမှာ ချိတ်ဆွဲပြီး အင်မတန် ကြောက်စရာကောင်းတဲ့ လူဆိုးကြီး ဖြစ်လာပါတယ်၊
အဲဒီလိုနဲ့ မြို့ပြင်က တောအုပ်ကြီးတခုမှာ ခိုလှုံပြီး တောအုပ်ကို ဖြတ်သန်းသွားသမျှ လူတွေကို သတ်ဖြတ်ပြီး လက်ညှိုး တွေ စုဆောင်းလာတာ တထောင်ပြည့်ဖို့ တချောင်းပဲလိုပါတော့တယ်၊ အဲဒီအချိန်မှာ သားကို စိတ်ပူလွန်းလို့ လိုက်ရှာတဲ့ အင်္ဂုလိမာလရဲ့ မိခင်ကြီးက အင်္ဂုလိမာလရှိတဲ့ တောအုပ်ကို ရောက်လာပါတယ်၊ အင်္ဂုလိမာလ ကလဲ သူ့အမေကို အမေမှန်း မှတ်မိပေမည့် နောက်ဆုံးလိုတဲ့ လက် ညှိုး တချောင်းကို ရဖို့သတ်မယ်ဆိုပြီး အမေ့နောက်ကို ဓားဝင့်ပြီး လိုက်ပါသတဲ့၊ ဒီလိုနဲ့ မိခင်ကြီးက ကြောက်လန့်တကြား ရှေ့ကပြေး၊ သွေးဆာနေတဲ့ လူသတ်သမား အင်္ဂုလိမာလက နောက်ကလိုက် နေချိန်မှာ မြတ်စွာဘုရားက ကိုယ်ထင်ပြပါသတဲ့၊ အဲဒီတော့မှ အင်္ဂုလိမာလက အမေ့နောက်လိုက်တာကိုရပ်ပြီး ဘုရားကို သတ်ဖို့လိုက်တော့ ဘုရားက ရှေ့ကနေ ဖြေးဖြေးလေး ကြွနေပေမည့် သူဘယ်လိုမှ လိုက်လို့မမီနိုင်ပါတဲ့၊ အင်္ဂုလိမာလ က "ဟေ့၊ ရဟန်းကြီး၊ မပြေးနဲ့ ရပ်" လို့ပြောတော့ ဘုရားက "ချစ်သား အင်္ဂုလိမာလ၊ ငါကား မပြေး၊သင်သာ ပြေးသူဖြစ်သည်" လို့အစချီပြီး တရားဟောပြတော့မှ အင်္ဂုလိမာလ အကျွတ်တရားရ၊ အမှားတွေမြင်ပြီး နောင်တရပါသတဲ့၊
အခုလဲ ဦးသိန်းစိန် နဲ့စစ်အုပ်စုဟာ ကျနော်တို့ခေတ်ရဲ့ အင်္ဂုလိမာလတွေ ဖြစ်နေပါပြီး၊ သူတို့ရဲ့ ဆရာကြီး တရုတ်အစိုးရ ကျေနပ်စေဖို့အတွက် တိုင်းပြည်မှာ ရှိသမျှ သစ်တောတွေ၊ သတ္တုတွေ၊ သဘာဝဓာတ်ငွေ့တွေ၊ ကျောက်စိမ်းတွေ၊ အဖိုးတန်ရတနာတွေ၊ အားလုံးကို ပေးအပ်ပြီးတဲ့နောက် အခု တရုတ်အစိုးရအလိုကျ မိခင်ဧရာဝတီကို သတ်ဖို့ကြိုးစားနေပါပြီ၊ ဒီခေတ်မှာတော့ အမိဧရာဝတီ အသတ်မခံရအောင် ဘုရားကြွပြီး တရားပြဖို့ကတော့ မဖြစ်နိုင်ပါ၊ ကျနော်တို့ မြန်မာပြည်သူများကပဲ စည်းလုံးညီညွတ်တဲ့ လှုပ်ရှားမှုနဲ့ အင်အားပြပြီး အင်္ဂုလိမာလ ဦးသိန်းစိန် အစိုးရက အမိဧရာဝတီကို မသတ်နိုင်အောင် တားဆီးကြရမှာပါ၊
ဧရာဝတီ တော်လှန်ရေး စပါပြီ၊
လေးစားစွာဖြင့်
အောင်ဒင်
စက်တင်ဘာ ၁၂၊ ၂၀၁၁




မှကူးယူတင်ပြသည်။

Posted by MAUNG NE WIN

မြစ်ဆုံဆည် စီမံကိန်းမှ ကြားပွဲစားများအကြောင်း တစေ့တစောင်း...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန် ဗိုလ်သန်းရွှေရဲ့ သားမက်ဇော်ဖြိုးဝင်း




ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့က တရုတ်နိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန် ဗိုလ်သန်းရွှေရဲ့ သားမက်ဇော်ဖြိုးဝင်းဟာ ယူနန်ပြည်နယ် ကူမင်းမြို့တော်ဝန်နဲ့ တွေ့ဆုံခဲ့ပြီး... နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်များအတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်..။ နှစ်နိုင်ငံ အပြန်အလှန် ခရီးသွားလုပ်ငန်း၊ ကူမင်း၊ မြစ်ကြီးနား ကုန်သွယ်ရေး၊ စီးပွားရေးလုပ်ငန်းများနဲ့ ဆိပ်ကမ်း တည်ဆောင်ရေး လုပ်ငန်းများ အတွက် တရုတ်မှ ယွမ်ငွေ သန်း၁၂၀ အကူအညီပေးဖို့နဲ့ လက်ရှိတည်ဆောက်နေတဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းတွေအတွက် စာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်...။ ဒီလိုအရေးကြီးတဲ့ စီမံကိန်းတွေ အတွက် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အမြင့်ဆုံးအာဏာပိုင် မြန်မာသံအမတ်ကြီးက လက်မှတ်ရေးထိုးတာ မဟုတ်ပဲ ကောင်စစ်ဝန် ဦးဇော်ဖြိုးဝင်းက လက်မှတ်ရေးထိုးခဲ့တာပါ..။




ယူနန်ပြည်နယ် ကူမင်းမြို့တော်ဝန်နဲ့ တရုတ်ကောင်စစ်ဝန် ဦးဇော်ဖြိုးဝင်း







ကြပ်ပြေး နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အမှတ်(၁)လျှပ်စစ်ဝန်ကြီးဦးဇော်ဖျင်းရဲ့ ဧရာဝတီနဲ့ ပတ်သက်ပြီး လူထုကို ပမာမခန့် စော်ကားသွားခဲ့တာ အားလုံးသိပြီး ဖြစ်ပါတယ်...။ အဆိုပါ ပြောကြားချက်တွေထဲက မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းမှာ အနှစ်သုံးဆယ် စီမံကိန်းအတွက် ကြားပွဲစားတွေက တနှစ်ကို သန်း၂၅၀ရမှာ ဖြစ်ပါတယ်..။ ကြားပွဲစား ဘယ်သူတွေဖြစ်နိုင်မယ် ဆိုတာ စဉ်းစား ကြည့်ပါ...။ အေရှဝေါလ် ကုမ္ပဏီပိုင်ရှင် ဘိန်းဘုရင် လော်စစ်ဟန်သား ဦးထွန်းမြင့်နိုင်နဲ့ ဒီစီမံကိန်းမှာ အဓိက တာဝန်ယူ ပေးနိုင်တဲ့ သူကတော့ ဒီယုံမြင်လို့ ဒီချုံထွင်ခဲ့ပြီး တရုတ်နိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန် အဖြစ် ၂၀၀၈ခုနှစ်ကတည်းက ခန့်အပ်စေလွှတ်ခဲ့တဲ့ ဗိုလ်သန်းရွှေ သားမက်... ဦးဇော်ဖြိုးဝင်းဖြစ်ပါတယ်...။ လက်ရှိ ဗိုလ်သန်းရွှေတို့ရဲ့ မတရားရယူထားတဲ့ ပြည်သူ့ဘဏ္ဍတွေကိုလည်း တရုတ်ပြည်မှာ အဓိက စီမံခန့်ခွဲ ထိန်းသိမ်းပေးနေသူလို့ ဆိုပါတယ်...။ ဗိုလ်သန်းရွှေတို့ အာဏာလက်လွတ်ပြီး နောက်ကွယ်က စီမံခန့်ခွဲနေချိန်အထိ အနှစ်(၃၀) စားမကုန်နိုင်အောင် ဆက်လက် ဂွင်ထွင်ခဲ့တာပါ။
၂၀၁၀ခုနှစ် စက်တင်ဘာလက ဗိုလ်သန်းရွှေရဲ့ တရုတ်ပြည်သို့ နောက်ဆုံးသွားရောက်တဲ့ ခရီးစဉ်မှာ မြစ်ဆုံဆည် စီမံကိန်းအား အပြီးသတ် လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်...။ ဒီစီမံကိန်းတွေမှာ အဓိက သက်ဆိုင်နေသူ တစ်ဦးကတော့ ယခုလျှပ်စစ်ဝန်ကြီး ဦးဇော်ဖျင်းပါပဲ...။ နောက်ခံအားမရှိပဲနဲ့ ဒီလို လက်လွတ်စံပယ် ပြောဖို့ဆိုတာကတော့ လွယ်လှတဲ့ကိစ္စ တခုမဟုတ်ပါဘူး..။ ပေးပို့လာတဲ့ သတင်းတွေအရ အဆိုပါ လျှပ်စစ်ဝန်ကြီးဦးဇော်ဖျင်းမှလည်း ပွဲစားခရရှိတဲ့ ၅ဦးကော်မတီမှာ ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်...။ အေရှဝေါလ်၊ ဦးဇော်ဖြိုးဝင်း၊ ဦးဇော်ဖျင်းနဲ့ ကျန်တဲ့ ၂ဦးကတော့ တရုတ်ပွဲစားကုမ္ပဏီများလို့ ဆိုပါတယ်...။
Eleven Media Group မှာပါရှိတဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်းအတွက် မူလက အကြိုလေ့လာရေး လုပ်ငန်းများ လုပ်ဆောင်စဉ်က မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်နိုင်ရန်အတွက် ရည်ရွယ်၍ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရပါသည်။ ထိုသို့ လုပ်ဆောင် နေစဉ်ကာလအတွင်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ တရုတ်ဒုတိယ သမ္မတရှီကျင်ပင်း၏ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်ရှိသောကြောင့် မဂ္ဂါဝပ် ၄၀၀၀ အတွက် အကြိုလေ့လာရေး လုပ်ငန်းမပြီးပြတ်သေးသော စာရွက် စာတမ်းများ ပြန်လည်တောင်းယူခဲ့ ကြောင်း သိရသည်။ ထို့နောက် မတိကျသော အချက်အလက်များကို ထိုစဉ် က နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ် မှူးကြီးသန်းရွှေထံ တင်ပြ၍ မူလက လုပ်ဆောင်ရန် ရည်ရွယ်ထားသော မဂ္ဂါဝပ် ၄၀၀၀ အစား မဂ္ဂါဝပ် ၆၀၀၀ သို့ တိုးမြှင့်ပြောင်းလဲကာ မြစ်ဆုံစီမံကိန်း လုပ်ဆောင်မည့် တရုတ်ကုမ္ပဏီနှင့် MOU ထိုးစေခဲ့ကြောင်း သိရှိရပါသည်။




မဂ္ဂါဝပ် ၄၀၀၀မှ ၆၀၀၀သို့ ပြောင်းလဲ လိုက်တာဟာလည်း လောဘအသောမသတ်နိုင်တဲ့ မရိုးသားတဲ့ လုပ်ရပ်တခုဖြစ်ပါတယ်...။ အဓိကတရားခံကတော့ တိုင်းပြည်ကို နောက်ဆုံး အာဏာလက်လွတ်ချိန်အထိ လက်ညှိုးထိုး ရောင်းစားခဲ့တဲ့ ဗိုလ်သန်းရွှေ မိသားစုပါပဲ...။ ဒီလုပ်ငန်းစဉ်တွေကို အရှေ့က ဒိုင်ခံဖြေရှင်း ပေးနေသူကတော့ မြစ်နဲ့ချောင်းတောင် ခွဲခြားမသိပဲ ဘီလူးချောင်းနဲ့ ဧရာဝတီမြစ်ကို နှိုင်းယှဉ် ဝေဖန်သွားတဲ့ မြန်မာနိုင်ငံမှာ မိမိလောက် သိသူတတ်သူ မရှိဘူးဆိုသူ ဘီလူးခေါင်းဆောင်.. ပြိတ္တာ ဦးဇော်ဖျင်းပါပဲ...။ (ဧရာဝတီအတွက် မခံစားနိုင်လို့ ရိုင်းရင် ခွင့်လွှတ်ပါ)။ စကားချပ်အနေနဲ့ ဘီးလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း အမှတ်(၃)အား မြန်မာပြည်ရဲ့ စီးပွားရေးဘီလူး ဦးတေဇနဲ့ တရုတ်ရေအားလျှပ်စစ် ကုမ္ပဏီတို့ ပြီးခဲ့တဲ့နှစ်က လက်မှတ်ရေးထိုးခဲ့ပါတယ်...။ ဒီဧရာဝတီ မြစ်ဆုံစီမံကိန်းတွေဟာ ၂၀၀၆ခုနှစ်မှ တရားဝင် စာချုပ်စာတန်းတွေ လက်မှတ် ရေးထိုးခဲ့ ကြပေမယ့် ၁၉၉၃ခုနှစ်ကတည်းက ပမာဏတိုင်းတာ၊ လေ့လာမှုတွေ ပြုလုပ်ခဲ့ဘူးတယ်လို့ ဆိုပါတယ်...။
ဦးဇော်ဖျင်းရဲ့ တာဝန်မဲ့ ပြောကြားချက်တွေကတော့ ၂၃နှစ်လုံးလုံး ခေါက်ရိုးကျိုးနေတဲ့ အာဏာရှင်တွေရဲ့ ရိုင်းစိုင်း စော်ကားမှုတွေပါပဲ...။ ၂၃နှစ်လုံးလုံး တာဝန်မဲ့ သူတပါးအပေါ်လက်ညှိုးထိုး ပြောဆိုနေကျ လေသံအတိုင်း မည်သူကြောင့်၊ မည်သည့်အဖွဲ့ကြောင့် Sanctionကြောင့်ဆိုတဲ့ စတဲ့စကားများကို တွင်တွင်သုံးလို့မှ အားမရ သက်မဲ့ ဧရာဝတီမြစ်ကြီးအားလည်း စီးချင်တဲ့နေရာ လျှောက်စီးနေသည်ဟု မှတ်သားဖွယ် လက်ညှိုး ထိုးခဲ့ပြန်ပါတယ်...။ အာဏာရှင်တွေကတော့ ပြည်သူကို ပရမ်းပတာ စကားတွေနဲ့ စိန်ခေါ်လိုက်ပြန်ပါပြီ...။ ပြီးခဲ့တဲ့လပိုင်းများက တချို့က ကန့်ကွက်မှုတွေကြောင့် မြစ်ဆုံစီမံကိန်း ခေတ္တရပ်ဆိုင်းထားတယ် ဆိုတဲ့အသံတွေ ထွက်လာတဲ့အချိန်မှာ ကျွန်တော့်ဘလော့ဂ်မှာ တရုတ်ကုမ္ပဏီတစ်ခုရဲ့ သြဂုတ်လကုန်ပိုင်းက မြစ်ဆုံဆည်အတွက် တင်ဒါခေါ်စာကို တင်ပြခဲ့ပါတယ်...။ လက်ရှိမြစ်ဆုံဆည် လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လုပ်ကိုင်နေတာပါ...။ ပွင့်လင်းရာသီရောက်ရင် ဒီထက်မြန်မြန်ဆန်ဆန် လုပ်နိုင်အောင် စီမံကိန်းတွေ ချထားတယ်လို့ ဆိုပါတယ်...။ပုပ္ပားမီးတောင် တခါပေါက်ခဲ့တဲ့အတွက် နှစ်သန်းပေါင်းများစွာက ဖြစ်တည်ခဲ့တဲ့ ဧရာဝတီမြစ်ကြီးဟာ လမ်းကြောင်း ပြောင်းသွားရုံကလွဲပြီး နှစ်သန်းနဲ့ချီပြီး ကြံ့ကြံ့ခံ စီးဆင်းကာ မြန်မာပြည်သူ ပြည်သားတွေအတွက် အကျိုးပြုနေတာ ယနေ့အထိပါပဲ...။ ကမ္ဘာမှာ အရှည်ဆုံး ရေချိုမြစ်တွေထဲမှာ ယနေ့ထက်တိုင် သန့်ရှင်းတဲ့ မြစ်တခုအဖြစ် ရပ်တည်ဆဲဖြစ်သလို၊ အရှေ့တောင်အာရှရဲ့ အရှည်ဆုံး မြစ်တွေထဲမှာ ရေကာတာ ဆောက်လုပ်ထားချင်းမရှိပဲ ကျန်နေသေးတဲ့ တစ်ခုတည်းသော မြန်မာပြည်ဖွား မြစ်ကြီးဖြစ်ပါတယ်..။ ပုပ္ပားမီးတောင် ပေါက်ကွဲတာတောင် ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ အမိဧရာဝတီမြစ်ကြီးကို ဘာမဟုတ်တဲ့ တိုင်းတပါးသား ပြည်ပပယောဂနဲ့ ဘယ်သူသေသေ ငတေမှာ ပြီးရောဆိုတဲ့ စစ်အာဏာရှင်တွေ လက်ထဲမှာ ကျွန်တော်တို့ အမိဧရာဝတီကို အဆုံးအရှုံးမခံနိုင်ပါဘူး။ စစ်အာဏာရှင် စံနစ်အောက်မှာ သက်မဲ့ အမိဧရာဝတီဟာလည်း အလူးအလဲ ကြံ့ကြံ့ခံနေရတာပါ..။ ကျွန်တော်တို့ မြန်မာ့သမိုင်းဖြစ်တည်မှုနဲ့ အတူ အမိဧရာဝတီကိုလည်း မြန်မာ့သမိုင်း စာမျက်နှာတွေပေါ်မှာ မြန်မာတည်သရွေ့၊ ကမ္ဘာတည်သရွေ့ အမြဲဖြစ်တည်ရှိ နေရမှာပါ...။အမိဧရာဝတီကို ကယ်တင်ရေးနဲ့ ထာဝရရှင်သန်ရေးဟာ ကျွန်တော်တို့ အားလုံးရဲ့ အမျိုးသားရေး တာဝန်ဖြစ်ပါတယ်...။ ကျွန်တော်တို့ မြန်မာပြည်သူ၊ ပြည်သားအားလုံး ကျရာနေရာက ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်...။



http://www.demowaiyan.co.cc/


မှကူးယူတင်ပြသည်။


Posted by MAUNG NE WIN

Monday, September 12, 2011့ ညနေ ၅နာရီခွဲက ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာတဲ့ သီးလေးသီးအဖွဲ့သားများ (ဓာတ်ပုံ၊ သတင်း)

Monday, September 12, 2011နေ့ညနေပိုင်းက သီးလေးသီးခေါင်းဆောင် ဂေါ်ဇီလာ၊ မင်းသမီး ချောစုမျိုး၊ လူရွှင်တော် စိန်သီးနဲ့ ဇီးသီးတို့ဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာပါတယ်..။ ပြည်တော်ပြန်တာ မပြန်တာ သက်ဆိုင်သူတွေရဲ့ ခံယူချက်နဲ့ လွတ်လပ်ခွင့် ဖြစ်တဲ့အတွက် မည်သို့မျှ မပြောဆိုလိုပါ..။

သီးလေးသီးဟာ ပြည်တွင်း၊ ပြည်ပအခြေအနေနဲ့ ပြည်ပက နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ အခြေအနေကို အသိဆုံးဖြစ်ပါတယ်...။ ခံယူချက် ပြောင်းမပြောင်း ဆိုတာကတော့ အချိန်က အဖြေပေးပါလိမ့်မယ်...။ ကျွန်တော်တို့ ပြည်တွင်းမှာ ရောက်ရှိနေတဲ့အတွက် အခြေအနေကို နားလည်ပေးပါဆိုတဲ့ ဓာတ်ပြားဟောင်းကြီးကိုတော့ လက်ခံနိုင်မှာ မဟုတ်ပါ...။ လက်ရှိပြည်တွင်း၊ ပြည်ပ အားလုံးက မျက်စိဖွင့်၊ နားဖွင့် စောင့်ကြည့်နေပါတယ်။ ပြည်သူဘက်သား ဂေါ်ဇီလာအဖြစ်ပဲ မြင်ချင်ပါတယ်...။ ရာသီအလိုက် အရောင်ပြောင်းတတ်ပြီး ပြောသမျှ ခေါင်းညိတ်တတ်တဲ့ ဖွတ်နဲ့ အမျိုးတူ ပုတ်သင်ညိုဘဝ အဖြစ်တော့ မမြင်တွေ့လိုပါ..။

ပြည်တွင်းက ပေးပို့လာတဲ့ သတင်းအရ နောင် ၂ပတ်အကြာမှာ ကျန်တဲ့ အဖွဲ့ဝင်များ ပြန်လာမယ်လို့ ဂေါ်ဇီလာက ပြောဆိုသွားတယ်လို့ ဆိုပါတယ်...။ သီးလေးသီး အဖွဲ့သား တစ်ဦးဖြစ်တဲ့ ကိုပန်းသီးကတော့ ဆရာဖြစ်သူ ကိုဇာဂနာပြန်လွတ်လာမှ ပြန်မယ်လို့ သတင်းဋ္ဌာနများကို ပြောဆိုထားပါတယ်..။



http://www.demowaiyan.co.cc/
မှကူးယူတင်ပြသည်။
Posted by MAUNG NE WIN

ပြည်တွင်းမှ အမိဧရာဝတီကို ချစ်ခင်သော ပြည်သူများ၏ လှုပ်ရှားမှု မှတ်တမ်း ဓာတ်ပုံများ..

ဧရာဝတီသည် မြန်မာတို့၏ အမျိုးသားထုတစ်ရပ်လုံးပိုင် အမွေအနှစ်ဖြစ်သည်အားလျှော်စွာ မြန်မာပြည်မြေပုံမှ ဧရာဝတီမြစ် ပပျောက်ခြင်း အလျဉ်း၊ တိမ်ကောပျက်စီးခြင်း အလျဉ်းမရှိ စေရေးအတွက် ကျွန်တော်တို့ ဧရာဝတီ ချစ်သူများ အဖွဲ့မှ ယင်းဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းအား ကန့်ကွက်သောအားဖြင့် Save the Irrawaddy စာတန်းနှင့် မြစ်ဆုံစီမံကိန်း ကြက်ခြေခတ် (ရှေ့ဘက်ခြမ်းရင်ဘက်)ပါ တီရှပ်အဖြူများ ၊ save the irrawaddy စာတန်းပါ စတစ်ကာများ ကို မြန်မာ ပြည်သူလူထုများအတွင်း သို့ ၄.၉.၂၀၁၁ ရက် နေ့မှ စတင်၍ တဖြည်းဖြည်းဆက်တိုက် ဖြန့်ဝေခဲ့ပါသည်.။ ဖြန့်ဝေသော နေရာများ မှာ မြစ်ကြီးနားမြို့၊ ပြည်၊ ဧရာဝတီတိုင်း ဒေသအချို့၊ သန်လျင်၊ မန္တလေးမြို့၊ မြစ်ကြီးနားဟောပြောပွဲ မင်္ဂလာဒုံ၊ တောင်ဒဂုံ၊ တာမွေ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံမြို့နယ်များ နှင့် ၁၀.၉.၂၀၁၁ ရက်နေ့တွင် မင်္ဂလာဒုံဥယာဉ်မြို့တော် မဟာဂန္ဓာရုံကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သော ဇမ္ဗုသီရိပရဟိတ စာပေဟောပြောပွဲတွင်လည်း သွားရောက် ဖြန့်ဝေခဲ့ပါသည်.။


မြန်မာပြည်သည် ဒို့ပြည်
မြန်မာမြေသည် ဒို့မြေ
မြန်မာရေသည် ဒို့ရေ

http://www.demowaiyan.co.cc/
မှကူးယူတင်ပြသည်။
Posted by MAUNG NE WIN

Sunday, September 11, 2011

တရုတ်ရေအားလျှပ်စစ်ကုမ္ပဏီ Sinohydro Bureau 11Co;Ltd အထိ ဆန္ဒန်ဆင်မင်းဇာတ် သွားရောက်ကပြခဲ့တဲ့ ငိုချုပ်ဆင်ကျော်ဆန်းနဲ့အဖွဲ့ရဲ့ ရိုက်ချက်....

Sinohydro Bureau 11Co;Ltdရဲ့ မြစ်ဆုံစီမံကိန်း မြင်ကွင်းတခု..
တရုတ်ရေအားလျှပ်စစ်ကုမ္ပဏီ Sinohydro Bureau 11Co;Ltdမှ "fierce battle Myitkyina" ရုပ်သံဖိုင်ပါလင့်ခ်အား ဖျက်သိမ်းလိုက်ခြင်း...


Posted by MAUNG NE WIN

Saturday, September 10, 2011

၂၀၁၁ ခုနှစ် စက်တင်ဘာလ (၉)ရက်။ဦးခွန်ထွန်းဦး အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး အမြန်ဆုံး လွတ်မြောက်စေရန်တောင်းဆို ဆန္ဒပြပွဲ

ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့် မတရား ဖမ်းဆီးခံ နေရသော နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်စေရန် အတွက် တောင်းဆို ဆန္ဒပြပွဲ။




မှတ်တမ်းဓါတ်ပုံ ။ MAUNG NE WIN

Wednesday, September 7, 2011

ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ပြုလုပ်တဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်ရဲ့ ဆုတောင်းမေတ္တာပို့သပွဲ.. အခမ်းအနား သတင်း၊

Sunday, September 4, 2011နေ့ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ပြုလုပ်တဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်ရဲ့ ဆုတောင်းမေတ္တာပို့သပွဲ.. အခမ်းအနား သတင်း၊ ဓာတ်ပုံ...








http://www.demowaiyan.co.cc/
မှကူးယူတင်ပြသည်။

Posted by MAUNG NE WIN









ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ပြုလုပ်တဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်ရဲ့ ဆုတောင်းမေတ္တာပို့သပွဲ.. အခမ်းအနား သတင်း၊ ဓာတ်ပုံ...

ကျောက်ဖြူ၊ မူဆယ်၊ ကူမင်းရထားလမ်းစီမံကိန်းနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်အထိ သွယ်တန်းမည့် ရေနံ၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း

တရုတ်မီးရထားကုမ္ပဏီ (CREC)နှင့် အကျိုးတူဖောက်လုပ်မယ့် ကျောက်ဖြူ၊ မူဆယ်၊ ကူမင်းရထားလမ်းစီမံကိန်းနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်အထိ သွယ်တန်းမည့် ရေနံ၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း (မှတ်တမ်း၊ ရုပ်သံ)






ကျွန်တော်တို့ မြန်မာပြည်ရဲ့ ခေါင်းပိုင်းမှာ မြစ်ဆုံဆည် တည်ဆောက်ပြီး မြန်မာပြည်ကို ခေါင်းပိုင်းဖြတ်မယ်..။ အလယ်ပိုင်းကို ဖြတ်ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့ နဲ့ရှိတာ အကုန်သယ်မယ်။ မြန်မာပြည်ရဲ့ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစား တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစား နေတဲ့ အာဏာရှင်တွေရဲ့ လုပ်ရပ်တွေပါ...။ ခေါင်ကိုထိရင် အကုန်စားလို့ ရသလို မြန်မာပြည်ရဲ့ခေါင်းပိုင်း ဧရာဝတီမြစ်ဆုံကို ထိအောင် ပစ်ပြီး မြန်မာပြည်ကို တရုတ်ပြည်ရဲ့ ပြည်နယ်လို့များ သတ်မှတ်လေတော့မလားပဲ...။


ရထားလမ်း စီမံကိန်းကတော့ ၂၀၁၁ခုနှစ် ၄လပိုင်း ၂၇ရက်နေ့က ကြပ်ပြေးမှာ လက်မှတ် ရေးထိုးခဲ့ကြတာပါ...။ စေတနာ ကောင်းနဲ့တော့ အလကား ဘယ်သူမှ မဖောက်ပေးပါ...။ လေ့လာကြည့်လေ အရေးကြီးတဲ့စီမံကိန်းတွေ အားလုံး တရုတ်နဲ့ မကင်းလေပါပဲ...။ ပြည်ပအားကို ပုဆိန်ရိုး အဆိုးမြင်ဝါဒီများ ဆန့်ကျင်ကြဆိုတာ မိမိကိုယ်ကိုယ် မိမိမှန်ကြည့်လက်ညှိုးထိုး၊ ခေါင်းမော့ တံထွေးထွေးနေတဲ့ အာဏာရှင်တွေရဲ့ လုပ်ရပ်လို့ ဆိုရလေမလားပဲ...။



တရုတ် ယူနန်ပြည်နယ် သတင်းဋ္ဌာနနဲ့ CCTV သတင်းဋ္ဌာနတို့က ထုတ်လွှင့်သွားတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၊ တရုတ်မီးရထားကုမ္ပဏီ (CREC)နဲ့ အကျိုးတူဖောက်လုပ်မယ့် ကျောက်ဖြူ၊ ကြပ်ပြေး၊ မူဆယ်၊ ကူမင်းရထားလမ်းစီမံကိန်းနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်အထိ သွယ်တန်းမယ့် ရေနံ၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း သတင်းဓာတ်ပုံ၊ ရုပ်သံမှတ်တမ်းနဲ့ စီမံကိန်း ပုံစံပြသရုပ်ဖော် (မှတ်တမ်း၊ ရုပ်သံ)ဖိုင်ပါ...။
ရုပ်သံဖိုင်အောက်မှာ ဆက်လက် ကြည့်ရှုပါရန်...





ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ ရေးထားတဲ့ စာကတော့
ကောင်းမွန်သော စီမံကိန်းများကို ပြုလုပ်ဖန်တီးခြင်းဖြင့် မြန်မာနှင် တရုတ်ပြည်သူများအတွက် ချမ်းသာအကျိုးဖြစ်ပေါ်စေခြင်း တဲ့ဗျို့...။



ပြောရဲလိုက်တာဗျာ..
တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားနေတဲ့ မြန်မာစစ်အာဏာရှင်များ၊
အဆင်းရဲဆုံး နိုင်ငံမှ ခေတ်ပျက်သူဋ္ဌေးများနဲ့ တရုတ်စီးပွားရေးသမားများ အတွက်ဆိုရင်တော့ မှားအံ့မထင်ပါ...


http://www.demowaiyan.co.cc/


မှကူးယူတင်ပြသည်။


MAUNG NE WIN

Monday, September 5, 2011

ဒေါ်အောင်ဆန်းစုကြည်ကိုဝန်းရံရေး ၈၈ ခေါင်းဆောင်တို့ တိုက်တွန်း



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ၀န်းရံပေးကြရန် အကျဉ်းကျနေ သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက တိုက်တွန်းလိုက် ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အစိုးရသစ်၏ အသုံးချခံမဖြစ်ရေးအတွက် ဂရုစိုက်ရန် သတိပေး လိုက်သည်။

၂၀၀၇ ခုနှစ်က ရန်ကုန်မြို့ နိုင်ငံရေးလှုပ်ရှားမှု တခုတွင် တွေ့ရသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ (ဓာတ်ပုံ - AP)



“ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအခြေအနေ အချိန်အခါမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင် တဲ့ ခေါင်းဆောင် ဖြစ်တယ်။ ဒါ ကြောင့် ဒေါ်အောင်ဆန်းစုကြည် အခု ဆောင်ရွက်နေတာတွေကို ပိုပြီးအဆင်ပြေ ချောမွေ့စေဖို့အတွက် ဒီမိုကရေစီ အင်အားစု အားလုံးကို ဆက်လက် ထောက်ခံဖို့ တိုက်တွန်းတယ်” ဟု ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က အမှာစကား ပါးလိုက်ကြောင်း သူ၏ ယောက်ဖ ကိုဖြိုးမင်းသိန်းက ဧရာဝတီကို ယနေ့ ပြောပြသည်။ ကိုဖြိုးမင်းသိန်းသည် မကြာသေးမီက ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင် အကျဉ်းထောင်သို့ ထောင်ဝင်စာ သွားရောက် တွေ့ခဲ့သည်ဟု သိရသည်။ ရှမ်းပြည်နယ်၊ မိုင်းဆတ် အကျဉ်းထောင်ရှိ ၈၈ မျိုးဆက် ခေါင်းဆောင် ကိုကိုကြီးက လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးပြီး ပူးပေါင်း ဆောင်ရွက်သွား မည် ဟူသော ပြောဆိုမှုများသည် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အတွက် ပထမခြေလှမ်းဟု မှတ်ယူပြီး သတိနှင့် ကြိုဆိုလိုက်သည်ဟု သိရသည်။သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူလူထုအတွက် ထားရှိသည့် ရိုးသားသည့် စေတနာကို အစိုးရသစ်က အသုံးချခြင်း မပြုနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သတိရှိသင့်ကြောင်း ကိုကိုကြီးက တိုက်တွန်းလိုသည်ဟု မိုင်းဆတ်အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။ ၁၉၈၈ လူထုလှုပ်ရှားမှုကာလ ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုပြုံးချို (ကိုဌေးဝင်းအောင်)၊ ကိုမင်းဇေယျာ၊ ကိုလှမျိုးနောင်၊ ကိုအောင်သူ၊ ကိုဉာဏ်လင်းမင်းနှင့် ကိုအောင်နိုင် တို့သည် ၂၀၀၇ ခုနှစ်က လောင်စာဆီဈေးများ မြင့်တက်မှုကြောင့် ဆန္ဒပြခဲ့သည့် အတွက် ယခင်စစ်အစိုးရက ဖမ်းဆီးခဲ့သည်။ နောက်ပိုင်းတွင် ထောင်ဒဏ် ၆၅ နှစ် ၆ လ စီ ချမှတ်ခြင်း ခံရပြီး နိုင်ငံ အစွန်အဖျားရှိ ရာသီဥတု ဆိုးရွားသောထောင်များ အပါအ၀င် နယ်ဘက် အကျဉ်းထောင်များသို့ ရောက်ရှိသွားသည်။ ယခုအခါ မိသားစု ထောင်ဝင်စာ သွားရောက်တွေ့ဆုံရန် ခက်ခဲခြင်း၊ ထောင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်းတို့ကြောင့် အခက်အခဲများစွာ ကြုံတွေ့နေကြရသည်ဟု သိရသည်။


ယခုအခါ ၎င်းတို့ကို ဖမ်းဆီးထောင်ချခဲ့သော စစ်အစိုးရဟူ၍ မရှိတော့ဘဲ အရပ်သားအစိုးရ ပေါ်ပေါက် လာပြီ ဖြစ်သောကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ငြိမ်းချမ်းစွာ လုပ်ဆောင်ခဲ့ကြသည့် ၈၈ မျိုးဆက် ခေါင်းဆောင်များကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်ကြောင်း မိသားစုဝင်များက ပြောသည်။


http://guidingstarsofburma.blogspot.com/


မှကူးယူတင်ပြသည်။


MAUNG NE WIN


တွေ့ဆုံဆွေးနွေးပွဲများ နောက်ကွယ်




ပြည်တွင်းပြည်ပ မြန်မာတိုင်းရင်းသား လူမျိုးအားလုံး အတွက် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ တွေ့ဆုံဆွေးနွေးပွဲ သတင်းသည်ဝမ်းသာပီတိဖြစ်စရာဖြစ်ပါ သည်။ အောက်တန်းနောက် တန်း ရောက်နေသော မြန်မာနိုင်ငံအား နိုင်ငံတကာတွင် လူရာဝင်လာလေတော့မလားဟု လည်း မျှော်လင့် ချက်များ ဖြစ်နေကြပါသည်။ ထို့အတူ နိုင်ငံရေးကစားနေသလားဟုလည်း သံသယများ လည်း ရှိသည်။ ယခုအချိန်အထိ ဘယ်လိုဖြစ်လာမလဲဆိုသည်ကို ဘာတခုမျှ သဲသဲကွဲကွဲ ပြော၍မရသေးပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၄၊ ၂၀၀၁၊ ၂၀၀၄ ခုနှစ်တို့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် အပါအဝင် စစ်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်ကို အားလုံးသတိရ ကြပါလိမ့်မည်။ ၁၉၉၄ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ အဓိကအကြောင်းအရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားညီလာခံလုပ်ငန်းစဉ်အား ထောက်ခံ လာစေရန် စည်းရုံးရေးဖြစ်သည်။ နောက်ဆက်တွဲ ဆွေးနွေးပွဲအနေဖြင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့်အတူ အမျိုးသားညီလာခံ ကော်မရှင်အဖွဲ့ဝင် များ ဖြစ်ကြသော တရားသူကြီးချုပ် ဦးအောင်တိုး၊ ရှေ့နေချုပ် ဦးသာထွန်း၊ စာရင်းစစ်ချုပ် ဗိုလ်မှူးချုပ် တင်အေး တို့မှ အမျိုးသားညီလာခံ ဦးတည်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြသခဲ့သည်။ထို့နောက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးမှုများ မရှိတော့ပါ။ ကြားသိရသည်မှာ အမျိုးသားညီလာခံ၏ တချို့ အခြေခံမူ အချက်အလက်များအပေါ် သဘောထားကွဲပြားခဲ့သဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါသ တကြီးဖြစ်ကာ ဆွေးနွေးပွဲကို ဆက်မလုပ်ရန် ဗိုလ်ချုပ်ကြီးခင်ညွန့်အား အမိန့်ပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ ပထမအကြိမ် လွတ်မြောက်လာပြီး ၁၉၉၆ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်များ အမျိုးသားညီလာခံကို စွန့်ခွာခဲ့သည်။ ထို့နောက်ပိုင်း မကြာမီ မှာပင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ “စစ်တပ် ကြာကြာအုပ်ချုပ်ရတာပေါ့ကွာ” ဟူသော မှတ်ချက်ဖြင့် အမျိုးသားညီလာခံကို ရပ်စဲခဲ့သည်။နောက် မကြာမီမှာပင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ် ဒုတိယအကြိမ် ချထားရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေးခဲ့သည်။၂၀၀၀၊၂၀၀၁၊၂၀၀၂ခုနှစ်များတွင် ပြည်တွင်းပြည်ပဖိအားကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဆွေးနွေးရန် အကြောင်းတရားများ ပေါ်ပေါက်လာခဲ့သည်။ပြည်ပနိုင်ငံများရှိ မြန်မာအတိုက်အခံ အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကြောင့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အတင်းအဓမ္မ နေရာရွှေ့ပြောင်းခိုင်းမှုများ၊ အတင်းအဓမ္မ လုပ်အားစေခိုင်းမှုများ၊ စစ်သားများ၏ အဓမ္မပြုမှုများ၊ ကလေးစစ်သား စုဆောင်းမှုများ အစရှိသည့် ဆိုးဝါးသည့်အခြေအနေများကို ကုလသမဂ္ဂမှတဆင့် နိုင်ငံတကာမှ သိရှိခဲ့သည်။ထို့နောက် နိုင်ငံတကာအလယ် အရှက်ရစရာ ဖိအားပေးမှုများကို စစ်အာဏာရှင်အစိုးရ ခံလာရသည်။ ထိုအချိန် ပြည်တွင်း၌လည်း အောက်ခြေစစ်ခေါင်းဆောင်များ၏ တင်ပြမှုများကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ “ဒေါ်အောင်ဆန်းစုကြည် မပါဘဲလည်း ငါတို့အုပ်ချုပ်လို့ရတာပဲ” ဆိုသည့်မူဝါဒကို ပြန်လည် သုံးသပ်လာခဲ့ရသည့် သဘောရှိပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခွင့်ပြုချက်ဖြင့် စစ်ထောက်လှမ်းရေးအဖွဲ့မှ ခေါင်းဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်များနှင့် အဆင်ပြေစေရန်၊ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဒုတိယ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ကျော်ဝင်းနှင့် တန်ပြန်ထောက်လှမ်းရေးဌာနကြီးမှူး ဗိုလ်မှူးချုပ် သန်းထွန်း တို့ကို လျှို့ဝှက်တာဝန်ပေးခဲ့သည်။
ထိုသို့ဆွေးနွေးနေမှုမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရာဇာလီ အစ္စမေးလ် မလာမီကတည်းက ဖြစ်သည်။ မစ္စတာ ရာဇာလီ ရောက်လာပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်နှင့် တွေ့ဆုံစဉ် စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးနေမှုကို ဦးဝင်းအောင်မှ အမှတ်မထင် ပြောလိုက်မိသည့်အတွက် မစ္စတာ ရာဇာလီ သိသွားပြီး အဆိုပါသတင်း ပြည်တွင်းပြည်ပသို့ ပြန့်သွားခဲ့သည်။ ထို့အတွက်ကြောင့် ဦးဝင်းအောင်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကြိမ်းမောင်းခြင်း ခံခဲ့ရသည်။ သို့သော် နိုင်ငံရေးအမြတ်ထုတ်သည့် အနေဖြင့် မစ္စတာ ရာဇာလီ၏ တောင်းဆိုမှုကြောင့် မြန်မာအစိုးရအနေဖြင့် တွေ့ဆုံခဲ့သယောင် ဝါဒဖြန့်ခိုင်းခဲ့သဖြင့် ကျနော်တို့ကိုယ်တိုင် ဆောင်ရွက်ခဲ့ရသည်။ အမေရိကန်အစိုးရအား တိုက်တွန်းနားချမည့် DCI အဖွဲ့အတွက် ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးမှ တာဝန်ယူခဲ့ရသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၊ဗိုလ်ချုပ်ကြီးခင်ညွန့်တို့နှင့် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သောNLDအဖွဲ့ဝင်များထမင်းလက်ဆုံစားသည်အထိအခြေအနေ ကောင်းခဲ့သည်။မြန်မာ့နိုင်ငံရေးတွင် အမေရိကန်ပြည်ထောင်စုနှင့် ဒေါ်အောင်ဆန်းစုကြည် သည် အဓိကဖြစ်သည်ကို ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကောင်းကောင်းနားလည်ခဲ့သည်။ အမေရိကန်သမ္မတ ဂျော့ဂ်ျ ဘုရှ် အပေါ် ကြောက်လဲကြောက် ပေါင်းလဲပေါင်းချင်သူ ဖြစ်ခဲ့သည်။ ၂၀၀၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်မီ လပိုင်းအလိုတွင် DCI ၏ အကူအညီဖြင့် စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ် ကျော်သိန်းနှင့် ရဲမှူးကြီးခမ်းအောင်တို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်း အကြောင်းပြချက်ဖြင့် ဝါရှင်တန်သို့ လာခွင့်ရခဲ့သည်။ဝါရှင်တန်မြို့၌ စစ်အစိုးရကိုယ်စားလှယ်အဖွဲ့သည် အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ၊ သမ္မတ၏ မူးယစ်ဆေးဝါးဆိုင်ရာ အကြံပေးအရာရှိရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဏာရေးဝန်ကြီးဌာန၊ စီအိုင်အေ၊ မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့(DEA)တို့မှတာဝန်ရှိအကြီးတန်းအရာရှိများနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို ရှင်းလင်းပြသခဲ့သည်။ထို့နောက် ၂၀၀၂ မေလတွင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှ လွှတ်ပေးခဲ့ပြီး နိုင်ငံတော်၏ စီမံကိန်းများကို ရှင်းလင်းပြသခဲ့သော်လည်း ၂၀၀၃ ခုနှစ် မေလတွင်မူ ဒီပဲယင်း အရေးအခင်းဖြင့် အဆုံးသတ်သွားရပါသည်။၂၀၀၄ ခုနှစ်တွင် တတိယအကြိမ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု ဖြစ်လာရခြင်းသည် ဒီပဲယင်း အရေးခင်း၏ နောက်ဆက်တွဲကိစ္စ ဖြစ်သကဲ့သို့ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ထောက်လှမ်းရေးအဖွဲ့များ၏ နိဂုံးအစဟုလည်း ဆိုနိုင်သည်။ ဒီပဲယင်းပြဿနာ ဖြစ်ပြီးနောက် ဗိုလ်ချုပ်ကြီး ခင်ညွန့်အား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကြိုတင်ခွင့်ပြုချက်မယူဘဲ မစ္စတာ ရာဇာလီ အစ္စမေးလ်ကို မြန်မာနိုင်ငံအတွင်း ပြည်ဝင်ခွင့်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးတွေ့ခဲ့သည့်အတွက် တပ်ချုပ်ကြီး အလွန်ဒေါသထွက်ခဲ့သည်။ ဒီပဲယင်းအရေးအခင်းအပြီး ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတကာဖိအားများကို ဖြေရှင်းရန် သတ္တိမရှိသည့်အတွက် ဝန်ကြီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီး ခင်ညွန့် အား လွှဲပြောင်းပေးခဲ့ပြီး ဖိအားများကို ရင်ဆိုင်စေခဲ့သည်။ အတိုင်းတာတခုအထိ နိုင်ငံတကာခေါင်းဆောင်များ၏ ယုံကြည်မှုကို ဗိုလ်ချုပ်ကြီး ခင်ညွန့် ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ခွဲစိပ်ကုသမှုခံယူပြီးနောက် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ ပြန်ပို့ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေးခဲ့သည်။ ထို့နောက် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး တင်လှိုင်ခေါင်းဆောင်ပြီး ဗိုလ်ချုပ် ကျော်ဝင်း၊ ဗိုလ်မှူးချုပ် သန်းထွန်းတို့ ပါဝင်သောအဖွဲ့ကို ဖွဲ့ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဆွေးနွေးမှု ထပ်မံလုပ်စေခဲ့သည်။ အဓိက အချက်မှာ ၁၉၉၆ ခုနှစ်က ရပ်စဲခဲ့သော အမျိုးသားညီလာခံ ပြန်လည်စတင်မှုတွင် NLD ပြန်လည်တက်ရောက်ရေးဖြစ်သည်။ တတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုများတွင် နှစ်ဦးနှစ်ဖက် ပွင့်ပွင့်လင်းလင်း အမြင်များ ဖလှယ်ခဲ့သည်ဟု သိရသည်။ အမျိုးသားညီလာခံကို NLD ကိုယ်စားလှယ်များ ပြန်တက်ရန် ၉၉ ရာခိုင်နှုန်း သေချာပြီးနောက် ရက်ပိုင်းအလိုတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ပြောင်းသွားသည့်အတွက် အစီအစဉ်ပျက်သွားခဲ့သည်။ အကျိုးဆက်အနေဖြင့် အတိုက်အခံနှင့် ရင်းနှီးလာသော၊ နိုင်ငံတကာခေါင်းဆောင်များနှင့် အဆင်ပြေအောင် ဆက်ဆံနိုင်သော၊ တိုင်းရင်းသားများနှင့် ခင်မင်မှုရှိသော ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် အစိုးရအဖွဲ့မှ နုတ်ထွက်ခွင့်ပြုရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တင်ပြခဲ့သည်။ သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက “ မင်းကိုငါ ခိုင်းစရာရှိသေးတယ်” ဆိုကာ နုတ်ထွက်ခွင့်မပေးဘဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို အချိုသပ်ခဲ့သည်။ တလအကြာမှ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ထောက်လှမ်းရေးအဖွဲ့များအား ၄င်း၏ အနားတွင်ဆက်ထားလျှင် အန္တရာယ်ရှိလာနိုင်သည်ဟု သုံးသပ်လာခဲ့သည်အတွက် အာဏာရှင်တို့၏ လက်သုံးစကားအတိုင်း လာဘ်စားသည်ဆိုကာ စစ်ထောက်လှမ်းရေးများကို မျိုးဖြုတ်ပစ်ခဲ့သည်။
လက်ရှိ အစိုးရအသစ်လက်ထက်တွင် ယနေ့မြင်တွေ့နေရသော အခင်းအကျင်းသည် ယခင်ကထက်စာလျှင် အများကြီး အားရစရာကောင်းသည်ဟု မှတ်ချက်ပေးလိုပါသည်။ အဘယ့်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးထားခြင်း၊ သမ္မတ ဦးသိန်းစိန်သည် စစ်ခေါင်းဆောင်များအကြား နာမည်ပျက်မရှိခြင်း၊ လက်ရှိအစိုးရအတွင်း သဘောထားပျော့ပြောင်းသူ အင်အားစုများ အားကောင်းလာပြီး ပေါ်ပေါ်ထင်ထင် ရှေ့တန်းသို့ ထွက်ရဲလာခြင်း၊ ဆွေးနွေးပွဲ လုပ်ငန်းစဉ်များတွင် အရပ်သားတချို့ကို ပူးပေါင်းပါဝင်လာ ခွင့်ပြုခြင်း၊ မြန်မာနိုင်ငံ၏ အောက်တန်းနောက်တန်း ကျနေမှုကို အစိုးရကိုယ်တိုင် ဝန်ခံလာခြင်း၊ လာဘ်ပေးလာဘ်ယူကိစ္စများကို အစိုးရကိုယ်တိုင် အသိအမှတ်ပြုပြီး စတင်အရေးယူ လာခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးတွင် ပစ်ပယ်၍မရကြောင်း နားလည်သဘော ပေါက်လာခြင်းတို့သည် အားရစရာကောင်းသည့် အချက်များဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည် သတိထား ဆုံးဖြတ်ရမည့် အချက်များတွင် လက်ရှိအစိုးရ အသစ်ဆိုသော်လည်း အရပ်သားတချို့မှလွဲ၍ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ရေးရာ ဥက္ကဋ္ဌများ၊ အစိုးရဝန်ထမ်း အကြီးအကဲများ၊ သံအမတ်ကြီးများသည် ယခင်အစိုးရ လူဟောင်းများဖြစ်ခြင်း၊ စစ်အစိုးရလက်ထက် ကျူးလွန်ခဲ့သော အပြစ်များကို အကျူးလွန်ခံရသူများကိုယ်စား မည်ကဲ့သို့ အာမခံချက်များပေး၍ ခွင့်လွှတ်ပေးရမည့် ဆိုသည့်ကိစ္စ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးကို ပြန်လည်ဆွေးနွေးရေး၊ စီးပွားရေး ပိတ်ဆို့အရေးယူမှု ပြန်လည် ပွင့်လာရေး၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ် တနည်းနည်းနှင့် အသိအမှတ်ပြုခံရရေးတို့ ပါဝင်သည်ဟု တင်ပြလိုပါသည်။ သို့သော် လက်ရှိအစိုးရအနေဖြင့် အမှန်တကယ် ရိုးသားစွာဖြင့် တွေ့ဆုံဆွေးနွေးပွဲ လမ်းကြောင်းသို့သွားလျှင် အထက်ပါအချက်များသည် မပြေလည်စရာ အကြောင်းမရှိပါ။လက်ရှိဖြစ်ပေါ်နေသော သတင်းများအရ စစ်တပ်အတွင်း ပြုပြင်ပြောင်းလဲလိုသော အင်အားစု အားကောင်းလာခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်တပ်အတွင်း အောက်ခြေစစ်သည်မိသားစုများ အားကိုးစိတ် ပိုမိုများပြားလာခြင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အသက်အရွယ်ရလာပြီဖြစ်၍ ၄င်း၏မိသားစု လုံခြုံရေးအတွက် စိုးရိမ်ပူပန်စိတ် များလာခြင်း၊ ယနေ့အာရပ်ကမ္ဘာမှ ဖြစ်စဉ်များသည် စစ်ခေါင်းဆောင်များအတွက် သံဝေဂရစရာများဖြစ်နေခြင်းများ ဖြစ်ပေါ်နေသည်။မိသားစုဝင်များ၏ ချမ်းသာမှုမှာ ဆယ်သက်စား၍ မကုန်နိုင်အောင် ကြွယ်ဝနေပြီဖြစ်၍ အနိုင်နှင့်ပိုင်းလိုခြင်း၊ စစ်တပ်အတွင်းနှင့် အာဏာပိုင်အဖွဲ့အစည်းအတွင်း စိတ်ကြိုက်နေရာများ ချပြီးခြင်းတို့ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် ၄င်း၏မိသားစုများအတွက် အာမခံချက်ပေးနိုင်သော သစ္စာရှိသည့် သမ္မတ ဦးသိန်းစိန်ကို ယခင်အချိန်အခါများနှင့်မတူ လွတ်လပ်စွာ လုပ်ပိုင်ခွင့် အထိုက်အလျောက် ပေးထားကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံ ကောင်းမွန်လာစေချင်သည့် ကျောင်းသား၊ စစ်သား၊ ဘုရားသား၊ တိုင်းရင်းသား၊ အလုပ်သမား၊ လယ်သမား၊ ပြည်သူပြည်သား အားလုံးသည် ဒေါ်အောင်ဆန်းစုကြည်ကို အားလုံးဝိုင်းရံ၍ လိုအပ်သော သတင်း အချက်အလက်များ၊ အကြံဉာဏ်ကောင်းများပေးပြီး အကြမ်းမဖက်သောနည်းဖြင့် ညီညွတ်စွာ တက်ညီလက်ညီ အလုပ်လုပ်သင့်ကြသည်။ ထို့ပြင် သမ္မတ ဦးသိန်းစိန်နှင့် သဘောထား ပျော့ပြောင်းသူများ၊ တပ်မတော်သားများကို အပြစ်မဆိုဘဲ နားလည်မှု ပေးနိုင်မည်ဆိုလျှင် မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး လက်တစ် ကမ်း သာ လိုတော့ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)


မှကူးယူတင်ပြသည်။

MAUNG NE WIN